သြဂုတ် ၇ ၊ ဆောအူးလ်မြို့ ။
၁၉၈၈ ခုနှစ်တွင် ဖြစ်ပွါးခဲ့သည့် မြန်မာ့ဒီမိုကရေစီအရေးလူထုအုံကြွမှုကြီးသည် ၊ ယခုနှစ် တွင် ၂၁- နှစ်ပြည့်မြောက်လာခဲ့ပြီဖြစ်သည် ။ မြန်မာနိုင်ငံဒီမိုကရေစီရရှိရေးအတွက် ပြည်တွင်း ပြည်ပရှိ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများက မရပ်မနား စဉ်ဆက်မပြတ် ရုန်းကန်လှုပ်ရှားနေကြဆဲဖြစ်သည် ။ မြန်မာပြည်သူများကို နားလည် စာနာမှုရှိကြသည့် နိုင်ငံများတွင် ၊ အင်္ဂလန်နိုင်ငံသည်လည်း ရှေ့ဆုံးတွင် ရှိနေဆဲဖြစ်သည် ။
လွန်ခဲ့သော သြဂုတ်လ ၆ ရက်နေ့က ၊ ကိုရီးယားနိုင်ငံဆိုင်ရာ အင်္ဂလန်နိုင်ငံသံရုံးက ကမကထပြုလျက် ၊ ၁၉၈၈ မြန်မာ့ဒီမိုကရေစီအရေးလူထုအုံကြွမှု ၂၁နှစ်မြောက် ၊ အခမ်းအနားနှင့် လက်ရှိ မြန်မာနိုင်ငံရေး ရှင်းလင်းဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း သတင်းရရှိသည် ။
အခမ်းအနားကို သံရုံးတည်ရှိရာ Taepyeongno 40-4, Jeong-dong, Jung-gu, Seoul တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး သံအမတ်ကြီး Martin Uden နှင့်ဇနီးတို့က ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း ၊ အခမ်းအနားသို့ Democratic Liberal Party: DLP မှ Bupyeong မဲဆန္ဒနယ် လွတ်တော်အမတ် Hong Young Pyo ခေါင်းဆောင်သည့် မြန်မာ့အရေးစိတ်ပါဝင်စားသော ကိုရီးယားပြည်သူများ ၊ အင်္ဂလန်သံရုံးမိသားစုများ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ- ကိုရီးယား) ဌာနခွဲမှ ဒုဥက္ကဦးမောင်မောင်လွင် နှင့် အတွင်းရေးမှူးဦးနေထွန်းနိုင်တို့ ဦးဆောင်သော အဖွဲ့ချုပ်ဝင်များ ၊ စုစုပေါင်း ဧည့်သည်တော် ၁၀၀ ခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည် ။
အခမ်းအနားကို ညနေ ၆ နာရီတွင် စတင်ခဲ့ပြီး ၊ အခမ်းအနားစလျင်စခြင်း ဧည့်သည်တော်များကို သံရုံးအတွင်းရှိ Broughton’s Club တွင် ညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း ၊ ၄င်းနောက် ညနေ ၆ နာရီခွဲအချိန်တွင် အခမ်းအနားကို ဆက်လက်ကျင်းပရာ သံအမတ်ကြီးက အမှာစကားပြောကြားခဲ့ကြောင်း ၊ အစီအစဉ်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ၊ ကိုရီးယားဌာနခွဲမှ နိုင်ငံခြားရေးရာ တာဝန်ခံ ကိုကျော်စွာလင်းက မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု သမိုင်းကြောင်းနှင့် လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေကို ရှင်းလင်းတင်ပြခဲ့ကြောင်း ၊ ၄င်းနောက် ကိုရီးယား လွတ်တော်အမတ် မစ္စတာ ဟုန်ယောင်ဖြိုးက ကိုရီးယားဒီမိုကရေစီရေးလှုပ်ရှားမှု ကာလ တွေ့ကြုံခဲ့ကြရသည့် အခက်အခဲများ နှင့် မြန်မာ့ ဒီမိုကရေစီအရေးလှုပ်ရှားမှု အောင်မြင်ရေး အတွေးအမြင်နှင့် သတိပြုဖွယ်ရာများကိုလည်းကောင်း အသီးသီးတင်ပြဆွေးနွေးခဲ့ကြကြောင်း ၊ ၄င်းနောက် မြန်မာနိုင်ငံ ဒီမိုကရေစီအရေး လှုပ်ရှားမှု အစိတ်အပိုင်းတစ်ခုဖြစ်သည့် ၂၀၀၇-ခုနှစ် ရွှေဝါရောင် အရေးအခင်းကို မှတ်တမ်းတင် ဇာတ်အိမ်ဖွဲ့ထားသော ဘားမားဗီေ၈ျ (Burma VJ) ဟု လူသိများသည့် မှတ်တမ်းဇာတ်လမ်းရုပ်ရှင်ကား (Mockumentary) ကို တင်ပြခဲ့ကြောင်း ၊ ည ၁၀ နာရီခွဲအချိန်တွင် အခမ်းအနားကို အမှတ်တရ လက်ဆောင်အစီအစဉ်ဖြင့်ရုပ်သိမ်းရာ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၊ လွတ်မြောက်နယ်မြေ ကိုရီးယားဌာနခွဲက အင်္ဂလန်သံအမတ်ကြီးနှင့် ဇနီးသို့ မြန်မာ့သစ်ထွင်းပန်းချီကား ၊ ဒေါ်အောင်ဆန်းစုကြည် ကောက်ကြောင်းပန်းချီ နှင့် စာအုပ်တို့ကို အမှတ်တရ လက်ဆောင်အဖြစ် ပေးအပ်ခဲ့ကြောင်း သိရသည် ။
Friday, August 7, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment