သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Sunday, May 31, 2009

US demands Suu Kyi release





May 30 - On sixth anniversary of Aung San Suu Kyi's house arrest, U.S. Defense Secretary joins calls for her release.

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး တိုက်တွန်း


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး၊ မြန်မာစစ်အစိုးရအနေနဲ့ အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်(စ) က တိုက်တွန်းလိုက်ပါတယ်။ စင်ကာပူနိုင်ငံမှာ လုပ်နေတဲ့ ကာကွယ်ရေးဝန်ကြီးများအဆင့် အာရှလုံခြုံရေး နှစ်ပတ်လည်ညီလာခံ ကျင်းပနေရာမှာ မစ္စတာဂိတ်(စ) က အခုလို ပြောသွားတာပါ။

မနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သူ့ရှေ့နေဖြစ်သူတွေနဲ့ နှစ်နာရီကြာ အင်းစိန်ထောင်ဝင်းအတွင်း ပေးတွေ့ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေး ကောင်းကောင်းမွန်မွန် ရှိနေတယ်လို့ ရှေ့နေ ဦးကြည်ဝင်းက ဗွီအိုအေကို ပြောပါတယ်။ နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုနဲ့ တရားစွဲခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အမှုကို လာမယ့် တနင်္လာနေ့ ရုံးချိန်းထားရာကနေ သောကြာနေ့အထိ ရွှေ့ဆိုင်းလိုက်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်း က ပြောပါတယ်။ အဲဒီနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည် အမှုကို နောက်ဆုံးလျှောက်လွှဲချက် ပေးရမှာပါ။ ဘာကြောင့် အခုလို ရက်ရွှေ့ရသလဲဆိုတာတော့ အာဏာပိုင်တွေဖက်က အကြောင်းပြချက်မပေးဘူးလို့ ဦးဉာဏ်ဝင်း က ပြောပါတယ်။

တချိန်တည်းမှာပဲ ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့တုန်းက မြန်မာပြည်အလယ်ပိုင်း ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို အစိုးရလိုလားသူတွေက အကြမ်းဖက် တိုက်ခိုက်မှု နှစ်ပတ်လည်အဖြစ် နိုင်ငံတကာမှာ ဒီမိုကရေစီရေးလှုပ်ရှားသူတွေဟာ ဆန္ဒပြကြပါတယ်။ အဲဒီအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးပြီး အဖြစ်မှန်ဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အဲဒီ ၂၀၀၃ ခုနှစ် အကြမ်းဖက် တိုက်ခိုက်ခံရပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို လုံခြုံရေးအကြောင်းပြချက်နဲ့ မြန်မာအစိုးရ နေအိမ်အကျယ်ချုပ် ချထားခဲ့တာဖြစ်ပါတယ်။ ( ဗွီအိုအေ )

သီးသန့်လျှောက်လဲချက်အတွက် ရှေ့နေဦးကြည်ဝင်းနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ကောင်းတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦး ဉာ ဏ်ဝင်းက ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။ ဦး ဉာ ဏ်ဝင်းဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေတဦးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ သွားရောက်တွေ့ဆုံခွင့် ရမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး ပြန်အလာမှာ ဦးဉာဏ်ဝင်း က ဗွီအိုအေကို အခုလို ပြောပါတယ်။

“ကျနော်တို့ ဒီနေ့ တွေ့တဲ့ကိစ္စက အပြီးသတ်လျှောက်လဲချက်အတွက် ကျနော်တို့ရဲ့ ဥပဒေဆိုင်ရာ အမြင်တွေကို ပြောတယ်။ ဒီတမှုလုံးမှာ သူ မြင်တွေ့တာတွေကို ပြောတယ်။ ဒီဟာ ပေါင်းစပ်ပြီးတော့ ကျနော်တို့ လျှောက်လဲချက် ပေးရမှာ။”

ရက်ချိန်းကိုတော့ အခုလာမယ့် တနင်္လာနေ့ကနေ သောကြာနေ့ ရွှေ့လိုက်တယ်ဆိုတာရော သေချာလားခင်ဗျ။ -

“သေချာပါတယ်။ ကျနော်တို့ဆီကို တရားဝင်စာနဲ့ အကြောင်းကြားတာပါ။”

ဘာကို အကြောင်းပြပါသလဲ။ -

“အကြောင်းပြချက် မပါ ပါဘူး။ ၁ ရက်နေ့ကို ၅ ရက်နေ့ ရွှေ့တယ်။ အဲဒါပဲ အကြောင်းကြားတာပါ။ တရားသူကြီးကိုယ်တိုင် လက်မှတ်ထိုးပြီး အကြောင်းကြားတာပါ။”

ဒီနေ့ အဲန်ကယ်လ်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖြစ်သလားခင်ဗျ။ -

“ကျနော်တို့ ၂ နာရီကနေ ၄ နာရီခွဲအထိ တွေ့ပါတယ်။”

အဲန်ကယ်လ်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ နာရီလောက် ဒီအမှုကိစ္စနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးခွင့်ရခဲ့တယ်ပေါ့။ -

“ဟုတ်ကဲ့ပါ။”

အခုတွေ့တာ ဒေါ်အောင်ဆန်းစုကြည်ကို ထားထားတဲ့အိမ်မှာပဲ ဧည့်ရိပ်သာမှာပဲ တွေ့ခွင့်ရတာလား။ -

“မဟုတ်ပါဘူးဗျ။ အဆောက်အဦ တခု၊ ရိပ်သာတခုပေါ့ဗျာ။ ဧည့်ရိပ်သာတခုမှာ ကျနော် ရယ် ဆရာဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်၊ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဒေါ်ခင်ဝင်း၊ ဒေါ်ဝင်းမမ ရယ် ၆ ယောက် အဲဒါ တွေ့ကြတာပါ။ ၆ ယောက်ပေါ့၊”

အခုလိုတွေ့ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားတဲ့နေရာမဟုတ်ဘဲ သီးသန့်တနေရာကို ခေါ်သွားပေးတာပေါ့။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေကရော ဘယ်လိုရှိလဲခင်ဗျ။ -

“ကောင်းပါတယ်။ ကောင်းပါတယ် ဆိုတာက ကျနော်တို့လည်း သေချာမေးတယ်။ သူ့ကို ဆေးမှူးချုပ်က စမ်းသပ်စစ်ဆေးပြီးတော့ ဆေးနှစ်မျိုးကို ရပ်ခိုင်းတယ်။ အဲဒီ ဆေးနှစ်မျိုး ရပ်ခိုင်းလိုက်တဲ့အခါမှာ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကစပြီး တော်တော် သက်သာသွားပြီဖြစ်တယ်လို့ အဲဒီလို ပြောပါတယ်။ ကြွက်တက်တဲ့ဟာလေ။”

နောက်တဆင့်ကတော့ သောကြာနေ့မှာ အဲန်ကယ်လ်တို့ဘက်က နောက်ဆုံး လျှောက်လဲချက် တင်ရမှာပေါ့။ ဟုတ်လားခင်ဗျ။ -

“ဟုတ်ပါတယ်။ နှစ်ဖက်လုံး သွင်းရမှာပါ။ အစိုးရဘက်ကလည်း သွင်းရမယ်။ ကျနော်တို့လည်း သွင်းရမယ်။”

ဒီကိစ္စက ဥပဒေလမ်းကြောင်းအရ ဆိုရင်တော့ သောကြာနေ့ လျှောက်လဲချက် တင်ပြီးရင် ဒါ စီရင်ချက် ချဖို့ပဲ ကျန်တော့တာပေါ့။ -

“ဟုတ်ကဲ့။ အမိန့်ချရဖို့ပဲ ကျန်မှာပါ။ စီရင်ချက် ချရဖို့ပဲ ကျန်မှာပါ။” ( ဗွီအိုအေ )

Saturday, May 30, 2009

ဒေါ်စု အမှုရက်ချိန်း ဇွန်လ ၅ ရက်သို့ ရွှေ့ပြောင်း

အင်းစိန်ထောင်တွင်း ရုံးတင် စစ်ဆေးခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမှုရက်ချိန်းကို လာမည့်လ ၁ ရက်နေ့သို့ ချိန်းဆိုထားရာမှ အာဏာပိုင်များက ယခုအခါ ၅ ရက်နေ့သို့ ရွှေ့ပြောင်းလိုက်သည်။

ယမန်နေ့ တရားရုံးက ဇွန်လ ၁ ရက်နေ့သို့ ချိန်းဆိုကြောင်း ပြောဆိုပြီးနောက် အာဏာပိုင်များက ယနေ့တွင် ဒေါ်စုနှင့် မစ္စတာ ယက်တော၏ ရှေ့နေများထံ ရုံးချိန်းရက်ကို ၅ ရက်နေ့သို့ ရွှေ့ပြောင်းကြောင်း အကြောင်းကြားစာများ ပေးပို့လိုက်ခြင်း ဖြစ်သည်။

''၁ ရက်နေ့အစား ၅ ရက်နေ့ကို ရွှေ့ပြောင်းလိုက်တာ။ အဲဒီနေ့မှာ လျှောက်လဲချက် တင်ရမယ်ပေါ့။ လျှောက်လဲချက် တင်ပြီးရင် ကြားနာမယ်။ ကြားနာမှု ပြီးရင်တော့ တရားစီရင်မယ်'' ဟု ဒေါ်စုအမှုအတွက် အကျိုးဆောင်ရှေ့နေ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

အကြောင်းကြားစာများကို ဒေါ်အောင်ဆန်းစုကြည်၏ အမှုအတွက် လိုက်ပါ ဆောင်ရွက်ပေးနေသော ရှေ့နေများဖြစ်သည့် ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း၊ ဦးလှမျိုးမြင့်၊ ဒေါ်ခင်ဌေးကြွယ်နှင့် မစ္စတာ ယက်တော၏ ရှေ့နေ ဦးခင်မောင်ဦးထံ ပေးပို့ခဲ့ကြောင်း ဦးကြည်ဝင်းက ဆက်လက် ပြောဆိုသည်။ ( မဇ္ဈိမ )

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ မကောင်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ကြေညာချက်

အင်းစိန်ထောင်တွင်း ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး NLD စိုးရိမ်မကင်းဖြစ်

တားမြစ်ချက်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန်အင်းစိန် ထောင်ထဲက အထူးတရားခွင်မှာ ရင်ဆိုင်နေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေ ယိုယွင်းလာနေတယ်လို့ သူ့ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) က ပြောဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အမှုနဲ့ ပတ်သက်လို့ ရှေ့တပတ်ထဲကျရင် နောက်ဆုံးပိတ် ခုခံချေပ လျှောက်လဲဖို့အတွက် သူ့ရဲ့ ဥပဒေ အကျိုးဆောင်တွေ ပြင်ဆင်နေချိန် အခုလို ကျန်းမာရေးအတွက် စိုးရိမ်ပူပမ်မှုတွေလည်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ တရားခွင်ကို စောင့်ကြည့်နေတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပေါ် တားဆီးကန့်သတ်ထားတဲ့ အမိန့်ကို ဖောက်ဖျက်တယ်လို့ စွပ်စွဲပြီး ကြားနာနေတဲ့ ရန်ကုန် အင်းစိန်ထောင်တွင်းက တရားခွင်မှာ၊ ရှေ့တပတ်ကျရင် အပြီးသတ် လျှောက်လဲချက်တွေ တင်သွင်းဖို့အတွက် သူ့ရဲ့ ရှေ့နေတွေက ပြင်ဆင်မှုတွေ လုပ်နေချိန်မှာပဲ ခုလို ကျန်းမာရေးအတွက် စိုးရိမ်သံတွေလည်း ထွက်လာတာပါ။ အထူးသဖြင့်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ ထောင်တွင်းမှာ ပြင်းထန်တဲ့ ကြွက်တက်တဲ့ ဝေဒနာကို ခံစားနေရတယ်လို့ သူ့ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီက ပြောလိုက်တာပါ။ ဒါကြောင့်မို့လည်း ကျန်းမာရေး ကုသစောင့်ရှောက်မှုတွေ အမြန်ဆုံးပေးဖို့ ဒီကနေ့ပဲ ကြေညာာချက်တစောင် ထုတ်ပြန်ပြောဆိုလိုက်တာလို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥပဒေ အကျိုးဆောင် တဦးလည်းဖြစ် ပါတီ ပြောခွင့်ရသူလည်း ဖြစ်တဲ့ ဦးဉာဏ်ဝင်း က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ အခုရက်တွေမှာ ကြွက်တက်တာ မကြာခဏ ဖြစ်နေတယ်။ အဲဒီလို မကြာခဏ ဖြစ်နေတော့ ညဖက်ကို သူ အိပ်ရေး ကောင်းကောင်းမအိပ်ရဘူး။ ကြွက်တက်တော့ သူ လမ်းထထလျှောက်ရတယ်။ အဲဒါကြောင့် ဒီဟာနဲ့ပတ်သက်ပြီးတော့ အဖွဲ့ချုပ်က စိုးရိမ်ကြောင်းနဲ့ ကျကျနန ကုသဖို့ လိုအပ်နေတယ်၊ စိုးရိမ်တယ် ဆိုပြီး ဒီကြေညာချက် ထုတ်တာပါ။”

တရားခွင် အစောပိုင်းမှာတုန်းက သံတမန်တွေ သတင်းထောက်တွေ ၀င်ရတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်က ကျန်းမာရေး ကောင်းပါတယ်။ သူလည်း နေထိုင်ကောင်းပါတယ်ဆိုပြီး ပြောခဲ့တာရှိတယ်။ အဲဒီချိန်တုန်းကရော အခြေအနေက ဘယ်လိုရှိခဲ့လဲ အဲန်ကယ်လ်။ -

“သူက ဒီ ကြွက်တာတာ ဖြစ်နေတာက အဲဒီမတိုင်ခင်ကတည်းက ဖြစ်နေတာ။ ကျနော်တို့ ဒီလ ၈ ရက်နေ့ ဒေါက်တာ ပြုံးမွန် အိမ်ဝင်ကတည်းက ဒီကိစ္စက ရှိနေတာ။ ကြွက်တက်တာက နည်းနည်း ပိုစိပ်လာတယ်။ ပိုစိပ်လာတဲ့အခါကျတော့ အိပ်ရေး ကောင်းကောင်းမရတော့ဘူးပေါ့။ ကြွက်တက်ရင် ထ လမ်းလျှောက်၊ အဲဒီလို ဖြစ်နေတယ်။ ဒါ ဒေါ်အောင်ဆန်းစုကြည် ပြောပြတာလေ။ နောက်တခု တဆက်တည်း ပြောရရင် သူ ပြောတယ်။ ကျနော်တို့ကလည်း စိုးရိမ်လို့ မေးတာပေါ့လေ။ အခု ထောင်ဆေးမှူးချုပ် အနေနဲ့လည်း ဂရုတစိုက် စစ်ဆေးပေးနေတယ်တဲ့။ အဲဒီလိုလည်း ပြောပါတယ်။”

တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ အမှုအတွက် ဥပဒေကြောင်းအရ ခုခံသွားရအောင် ကြားနာစစ်ဆေးပြီးသမျှ ပြန်လှန် သုံးသပ် ဆွေးနွေးမှုတွေအပြင် သူနဲ့ပါ တွေ့ဆုံတိုင်ပင်ခွင့်ရဖို့လည်း ဥပဒေ အကျိုးဆောင်တွေ ကြိုးပမ်းနေကြတာပါ။ လာမယ့် တနင်္လာနေ့ နှစ်ဖက်ရှေ့နေတွေ ရုံးတော်မှာ လျှောက်လဲတဲ့ အခါကျရင်တော့ ဒီဆွေးနွေးတာတွေ၊ ပြီးခဲ့တဲ့ ထွက်ဆိုချက်တွေ အပေါ်မူတည်ပြီး ဒေါ်အောင်ဆန်းစုကြည် ဟာ စွပ်စွဲခံထားရသလို ချိုးဖောက်မှု မရှိတဲ့အကြောင်း အလေးပေး လျှောက်လဲသွားမယ်လို့ ဦးဉာဏ်ဝင်း က ပြောပါတယ်။

“ကျနော်တို့ ခုခံရေးလမ်းကြောင်းက အစကတည်းက တသတ်မတ်တည်းပါ။ အဲဒါက ဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ဟာ ချမှတ်ထားတဲ့ စည်းကမ်းကို မဖောက်ဘူး။ ကန့်သတ်မိန့်ကိုလည်း မဖောက်ဘူး။ ကန့်သတ်မိန့်ကိုယ်တိုင်လည်း တရားမ၀င်ဘူး။ အဓိက ဒီ ၃ ခု။”

ဥပဒေအကျိုးဆောင်တွေက ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခွင့်ရဖို့ တောင်းဆိုထားပြီး မနက်ဖြန် စနေနေ့မှာ တွေ့ဆုံခွင့် ရလိမ့်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ဦးဉာဏ်ဝင်း က ပြောပါတယ်။

မနေ့တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည် ဖက်က ခုခံထွက်ဆိုပေးတဲ့ သက်သေတဦးကို စစ်ဆေးပြီး အပြီးသတ် လျှောက်လဲချက်တွေ တင်သွင်းဖို့ လာမယ့် တနင်္လာနေ့ကို တရားရုံးက ပြန်ပြီး ရက်ချိန်း သတ်မှတ်လိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည် အတွက် ကာကွယ် ထွက်ဆိုပေးဖို့ တင်ပြထားတဲ့ သက်သေ လေးယောက်ထဲက တယောက် ဖြစ်တဲ့ ဧရာဝတီတိုင်း လပွတ္တာမြို့က အဲန်အယ်လ်ဒီ လွှတ်တော် ကိုယ်စားလှယ်တဦး ဖြစ်တဲ့ ဦးကြည်ဝင်း က ဒေါ်အောင်ဆန်းစုကြည် အပေါ် စွပ်စွဲချက်တွေဟာ ခိုင်မာမှုမရှိသလို၊ ဥပဒေကြောင်းနဲ့ မညီကြောင်း ရုံးတော်မှာ ထွက်ဆိုခဲ့ပြီး တရားခွင်ကို အဆုံးသတ်ခဲ့တာလည်း ဖြစ်ပါတယ်။ အင်္ဂါနေ့တုန်းက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တရားခွင်မှာ အပြစ်မရှိကြောင်း ခုခံချေပတဲ့ နေရာမှာဆိုရင်လည်း၊ သူ့နေအိမ်ခြံဝန်းထဲကို ကျုးကျော်ဝင်ရောက်ခဲ့သူနဲ့ ပတ်သက်လို့ သူ့မှာ တာဝန်မရှိသလို၊ စာနာစိတ်နဲ့သာ ကူညီခဲ့တာမို့ အပြစ်မရှိကြောင်း ပြောခဲ့တာပါ။ ဒီလို မဖိတ်ခေါ်ဘဲရောက်လာသူ တဦးအတွက် ထိန်းသိမ်းခံနေရသူမှာ အပြစ်မရှိသလို၊ လုံခြုံရေး တာဝန်ယူထားသူတွေရဲ့ ပျက်ကွက်မှုအတွက်ကိုလည်း အာဏာပိုင်တွေက အရေးတယူ လုပ်တာမျိုး မရှိတာဟာ ဘက်လိုက်ရာ ရောက်နေတယ် ဆိုပြီးတော့လည်း ရုံးတော်ကို စာရေးပြီး တင်ပြခဲ့တာဖြစ်ပါတယ်။ ( ဗွီအိုအေ )

Friday, May 29, 2009

ဒေါ်အောင်ဆန်းစုကြည် ရုံးတင်တဲ့ကိစ္စ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်တွေ ရှုတ်ချ

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ လက်ရှိ အထူးကိုယ်စားလှယ်
မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က
ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရက အင်းစိန်ထောင်မှာ စွဲချက်တင် ရုံးတင်
စစ်ဆေးတာဟာ ဥပဒေလမ်းကြောင်းနဲ့ညီတဲ့ တရားစီရင်မှုမျိုး မဟုတ်ဘဲ နိုင်ငံရေးအရ
အမြတ်ထုတ်လိုတာကြောင့် ဖြစ်တယ်ဆိုပြီး ဗွီအိုအေမြန်မာပိုင်းကို ပြောခဲ့ပါတယ်။
အပြည့်အစုံကို နော်ရှိုးက တင်ပြပေးထားပါတယ်။

“ကျနော့်အမြင်မှာတော့ ဒါဟာ အခြေအမြစ် လုံးဝမရှိတဲ့ စွပ်စွဲချက်သာ ဖြစ်ပါတယ်။
မြန်မာအစိုးရဟာ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ လုံးဝကိုက်ညီမှုမရှိတဲ့ သူတို့ရဲ့ဥပဒေ
တွေကိုသုံးပြီး ဒါဟာ ဥပဒေနဲ့အညီ လုပ်နေတာပါလို့ ကမ္ဘာကိုပြသဖို့ ကြိုးစားနေပါ
တယ်။ ကျနော့်အမြင်မှာတော့ ဒါဟာ လုံးဝမမှန်ပါဘူး။ ဒါဟာ နိုင်ငံရေးရည်မှန်းချက်နဲ့
ပြုလုပ်နေတဲ့ ဖြစ်စဉ်တရပ်သာ ဖြစ်ပါတယ်။ သူမကို ချက်ချင်းလွှတ်ပေးသင့်ပါတယ်။”

ဆက်လက်ပြီး မစ္စတာကင်တားနားက သူ မြန်မာနိုင်ငံကို နောက်ဆုံးအကြိမ်
သွားရောက်ခဲ့စဉ်အခါက မြန်မာနိုင်ငံ တရားရုံးချုပ်က တရားသူကြီးတွေနဲ့ တွေ့ဆုံ
စကားပြောခွင့် ရခဲ့တဲ့အကြောင်း၊ မြန်မာတရားသူကြီးတွေရဲ့ ပြောပြချက်အရဆိုရင်
သူတို့တွေအားလုံးကို စစ်တပ်ကပဲ တရားသူကြီးတွေအဖြစ် ခန့်အပ်ထားတာဖြစ်တယ်
လို့ ဆိုပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် သူတို့ဆီမှာ လွတ်လပ်စွာ တရားစီရင်
ပိုင်ခွင့်အာဏာ မရှိတာက သေချာတယ်လို့လည်း ပြောခဲ့ပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင် ပို့ပြီးပြီးချင်း မစ္စတာကင်တားနား
က ဒီတရားစီရင်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ စိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်း
ကြေညာချက်တစောင် ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ လာမယ့်ဇူလိုင်လကြရင်
လည်း မစ္စတာကင်တားနားဟာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ပြင်ဆင်နေပါတယ်။
အခုလောလောဆယ်မှာတော့ မြန်မာပြည်တွင်း လူ့အခွင့်အရေး အခြေအနေတွေနဲ့
ပတ်သက်လို့ ဖြစ်ပေါ်တိုးတက်သမျှတွေကို အနီးကပ် သုံးသပ်လေ့လာနေတယ်လို့
ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်မှာ အခုလို ရုံးတင်စစ်ဆေးနေတဲ့ ကိစ္စအပြင်
မြန်မာပြည်တ၀န်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့အပေါ်
အခုအချိန်မှာ နိုင်ငံတကာအနေနဲ့ ဘာလုပ်သင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး မစ္စတာ
ကင်တားနားက သူ့ရဲ့အမြင်ကို အခုလိုပြောခဲ့ပါတယ်။

“ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ ဒီအချိန်မှာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်
သင့်တယ်လို့ ကျနော်ထင်ပါတယ်။ နိုင်ငံရေးဖြစ်စဉ်မှာ သက်ဆိုင်တဲ့အင်အားစုအားလုံး
ပါဝင်ခွင့်မပေးရင် မြန်မာအစိုးရရဲ့ လုပ်ရပ်တွေကို လုံးဝလက်မခံနိုင်ဘူးဆိုတာ
နိုင်ငံတကာ အသိုင်းအ၀ိုင်းက အခိုင်အမာပြသဖို့ လိုအပ်ပါတယ်။ ဒီအချိန်မှာ လုံခြုံရေး
ကောင်စီအနေနဲ့ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အသေအချာ
ဆန်းစစ်သုံးသပ်ပြီး ဘယ်လိုအဆုံးအဖြတ်မျိုး ချမှတ်သင့်တယ်ဆိုတာ စဉ်းစားဖို့
အင်မတန် အရေးကြီးနေပါတယ်။”

ဆက်လက်ပြီး မစ္စတာကင်တားနားက မစ္စတာဘန်ကီမွန်း (Mr. Ban Ki-moon) အနေနဲ့
တရုတ်၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံတို့ကိုလည်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး တခြား
နိုင်ငံတကာ အသိုက်အ၀န်းနဲ့ လက်တွဲလုပ်ကိုင်ဖို့ ပိုပြီး ဖိအားပေး တိုက်တွန်းသင့်တယ်
လို့လည်း ပြောခဲ့ပါတယ်။

မစ္စတာကင်တားနား မတိုင်မီ မြန်မာပြည်တွင်း လူ့အခွင့်အရေး အခြေအနေတွေကို
စုံစမ်းစစ်ဆေးဖို့ ၂၀၀၀ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ တာဝန်ယူခဲ့တဲ့ ကုလသမဂ္ဂ
အထူးကိုယ်စားလှယ် ပါမောက္ခ ပေါ်လို ဆာဂျီယို ပင်ညဲရိုး (Paulo Sergio Pinheiro)
ကလည်း မြန်မာ့အရေး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် ကုလသမဂ္ဂ
လုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်အစိုးရရဲ့ လူသားမဆန်တဲ့ ရာဇ၀တ်မှု ကျူးလွန်ခဲ့
တာတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်တခု အမြန်ဆုံးဖွဲ့စည်းသင့်တယ်
လို့ နယူးယောက်ခ်တိုင်းမ်စ်သတင်းစာမှာ မနေ့က အာဘော်ဆောင်းပါးတပုဒ်ရေးပြီး
တိုက်တွန်းခဲ့ပါတယ်။

မစ္စတာပင်ညဲရိုးက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ ပြန်လွှတ်
ပေးဖို့ သူ့အနေနဲ့ အတန်တန် တိုက်တွန်းခဲ့ပေမယ့်လည်း အရာမရောက်ခဲ့ဘူးလို့ ဆိုပါ
တယ်။ အနည်းဆုံးတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာရဲ့ အာရုံစူးစိုက်မှုကို
ထိုက်ထိုက်တန်တန် ခံနေရပေမယ့် မြန်မာနိုင်ငံ လူဦးရေစုစုပေါင်းရဲ့ သုံးပုံတပုံလောက်
ရှိတဲ့ လူနည်းစု တိုင်းရင်းသားတွေကတော့ နိုင်ငံတကာရဲ့ မသိကျိုးကျွန်ပြုခြင်းတွေရဲ့
နောက်ကွယ်မှာ ဆင်းရဲဒုက္ခအမျိုးမျိုးကို ခံစားနေရတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၁၅ နှစ်
အတွင်း တိုင်းရင်းသားကျေးရွာပေါင်း ၃,၃၀၀ ကျော် ဖျက်ဆီးခြင်း ခံခဲ့ရတဲ့အပြင် အဓမ္မ
ခိုင်းစေမှုတွေ၊ ကျေးရွာက အမျိုးသမီးတွေကို မြန်မာစစ်သားတွေ မုဒိမ်းကျင့်မှုတွေ
ပြုခဲ့တဲ့အပေါ်မှာ စစ်အစိုးရက တာဝန်ယူဖို့ ပျက်ကွက်ခဲ့တာတွေကို မစ္စတာပင်ညဲရိုးက
ထောက်ပြခဲ့ပါတယ်။ ( ဗွီအိုအေ )

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မှ ပြန်လည်သင့်မြတ်ရေးကို လှမ်းနိုင်မည်

အာဆီယံနဲ့ ဥရောပနိုင်ငံတွေကလည်း မြန်မာနိုင်ငံရေး ပြုပြင်ပြောင်းလဲရေးအတွက်
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးဟာ ပထမဦးဆုံး
အဆင့် ဖြစ်တယ်လို့ ပူးတွဲထုတ်ပြန်ချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ အပြည့်အစုံကို
ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရက ကြေညာထားတဲ့ လာမယ့်နှစ် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး
မျှတဖို့ဆိုရင်တော့ နိုင်ငံရေးအစုအဖွဲ့အားလုံး ဒီရွေးကောက်ပွဲမှာ ပါဝင်လာနိုင်ရေး
နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရမယ်ဆိုပြီးတော့ အီးယူ-အာဆီယံ
နိုင်ငံခြားရေးဝန်ကြီးတွေက မနေ့က မေလ ၂၈ ရက်နေ့မှာ မြန်မာစစ်အစိုးရကို
တောင်းဆိုလိုက်ကြတာပါ။

ကမ္ဘောဒီးယားနိုင်ငံမှာလုပ်တဲ့ အာဆီယံ-အီးယူ ပူးတွဲအစည်းအဝေးမှာလည်း တနေ့က
ဖနွမ်းပင်မှာလုပ်ခဲ့တဲ့ ASEM လိုပဲ မြန်မာနိုင်ငံ အရေးကိစ္စဟာ အတော်လေး နေရာယူခဲ့
ပါတယ်။ ဒီအစည်းအဝေးမှာ သဘာပတိတဦး လုပ်ခဲ့တဲ့ ချက်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး
ယန်း ကိုဟော့တ် (Jan Kohout) က အီးယူ-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့
သဘောထားကို အခုလိုပြောသွားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ဟာ အမျိုးသား
ပြန်လည်သင့်မြတ်ရေးအတွက် ပထမအဆင့်ပါ။ ဒီမိုကရေစီ တည်ဆောက်ရေးနဲ့
ဒီမိုကရေစီ အစိုးရတရပ် ပေါ်ပေါက်ရေး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ
ကျင်းပဖို့အတွက်လည်း ပထမအဆင့်ပါ။”

အစည်းအဝေးကို တက်လာတဲ့ မြန်မာစစ်အစိုးရ ဒုတိယနိုင်ငံခြားရေးဝန်ကြီး
ဦးမောင်မြင့်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကိစ္စဟာ မြန်မာပြည်တွင်း ဥပဒေ
ရေးရာကိစ္စပဲ ဖြစ်တယ်လို့ အီးယူနဲ့ အာဆီယံဝန်ကြီးတွေကို ရှင်းပြခဲ့ပါတယ်။ ဒုတိယ
ဝန်ကြီး ဦးမောင်မြင့်ဟာ အစည်းအဝေးအပြီးလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကိုလည်း
တက်ရောက်လာခြင်း မရှိပါဘူး။

ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုထားတဲ့
အီးယူ-အာဆီယံ ပူးတွဲကြေညာချက်ကို မြန်မာဘက်က လက်မှတ်ထိုးမထိုးဆိုတဲ့
မေးခွန်းတွေ ဖြေဖို့ကိုလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် (Kasit Piromya) က
ပယ်ချခဲ့ပါတယ်။

မြန်မာအစိုးရကတော့ အခုကိစ္စမှာ မြန်မာနိုင်ငံ ပြည်တွင်းရေးပဲဖြစ်တယ်ဆိုပြီး တုံ့ပြန်
သဘောထား ပေးထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိစ္စနဲ့ပဲ ပြီးခဲ့တဲ့ အာဆီယံ
အလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံရဲ့ ကြေညာချက်ကို မြန်မာစစ်အစိုးရက ပယ်ချပြီး ဒါဟာ
အာဆီယံပဋိညာဉ်နဲ့ မအပ်စပ်ဘူးဆိုပြီး ပြောခဲ့ပါတယ်။ ဒီကြေညာချက်ဟာ ထိုင်းနိုင်ငံ
တနိုင်ငံတည်းရဲ့ သဘောထားလိုလို ပြောခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အာဆီယံ
အတွင်းရေးမှူးချုပ်ကိုယ်တိုင်က ဒါဟာ အာဆီယံတခုလုံးရဲ့ သဘောထားကို ထင်ဟပ်
စေတယ်လို့လည်း ပြောခဲ့ပါတယ်။ ( ဗွီအိုအေ )

အင်းစိန်တရားခွင် တနင်္လာနေ့မှာ အပြီးသတ် လျှောက်လဲတော့မည်

တားမြစ်ချက်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန် အင်းစိန်ထောင်ထဲက
အထူးတရားခွင်မှာ ရင်ဆိုင်နေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်ဘက်က ခုခံချေပတဲ့ သက်သေတဦးရဲ့ ထွက်ဆိုချက်ကို ဒီကနေ့ ရုံးတော်က
ကြားနာခဲ့ပြီးတော့ နောက်တကြိမ်ရုံးချိန်းကိုတော့ တနင်္လာနေ့ကို ရွှေ့ဆိုင်းလိုက်ပါ
တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင်တွေကတော့ ဒီလို သက်သေတဦးသာ
ထွက်ဆိုခွင့်ပေးတဲ့အတွက် တောင်းဆိုတင်ပြတာတွေ ထပ်လုပ်ဖို့လည်း ပြင်ဆင်နေပါ
တယ်။ ဒီလို ထောင်တွင်း ရုံးတင်စစ်ဆေးနေချိန် ဒေါ်အောင်ဆန်းစုကြည်ကို အားပေး
ကြောင်း ပြသတဲ့အနေနဲ့ ထောင်အနီးအနား ရောက်လာသူတွေထဲက တကိုယ်တော်
ဆန္ဒပြသူ တယောက်ကိုလည်း လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပါတယ်။ တရားခွင်က
နောက်ဆုံးအခြေအနေတွေကို စောင့်ကြည့်နေတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထား
ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် တားဆီးကန့်သတ်ထားတဲ့ အမိန့်ကို ဖောက်ဖျက်တယ်လို့
စွပ်စွဲပြီး ကြားနာနေတဲ့ ရန်ကုန် အင်းစိန်ထောင်တွင်းက တရားခွင်မှာ သူ့ဘက်က ခုခံ
ထွက်ဆိုပေးတဲ့ သက်သေတဦးကို စစ်ဆေးပြီး အပြီးသတ် လျှောက်လဲချက်တွေ
တင်သွင်းဖို့ လာမယ့်တနင်္လာနေ့ကို တရားရုံးက ပြန်ပြီး ရက်ချိန်းသတ်မှတ်လိုက်တာပါ။
ဒေါ်အောင်ဆန်းစုကြည်အတွက် ကာကွယ်ထွက်ဆိုပေးဖို့ တင်ပြထားတဲ့ သက်သေ
၎ ယောက်ထဲက ၁ ယောက်ဖြစ်တဲ့ ဧရာဝတီတိုင်း လပွတ္တာမြို့က အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ပါတီက ဦးကြည်ဝင်းကိုသာ ရုံးတော်က လက်ခံစစ်မေးပြီး
အခုနောက်ဆုံး တရားခွင်ကို အဆုံးသတ်ခဲ့တာလည်း ဖြစ်ပါတယ်။

အခုဆိုရင် တင်သွင်းလာတဲ့ သက်သေတွေကို ကြားနာပြီးဖြစ်တာမို့ ရှေ့တပတ်ကျရင်
နှစ်ဖက်ရှေ့နေတွေက အပြီးသတ် လျှောက်လဲချက်တွေ တင်သွင်းရတော့မှာ ဖြစ်တဲ့
အတွက် မကြာခင် တရားခွင် ကြားနာစစ်ဆေးမှုတွေ အဆုံးသတ်တော့မယ်လို့လည်း
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင်တဦးဖြစ်တဲ့ ရှေ့နေ ဦးကြည်ဝင်းက
ပြောပါတယ်။

“ပြောရရင်တော့ ဒီနေ့ ရှေ့နေ လပွတ္တာက ဦးကြည်ဝင်းကို စစ်လိုက်တယ်။ ဒီနေ့က ဒါပဲ။
ပြီးတဲ့အခါကြတော့ ဒို့က သက်သေ ၄ ယောက်တင်တားကိုး၊ ၄ ယောက်တင်တာကို
သူတို့က ၁ ယောက်ပဲ လက်ခံတယ်၊ ၃ ယောက်ကိုတော့ သူတို့က မစစ်ဘူးဆိုပြီး
ငြင်းတယ်၊ ရုံးက။ အဲဒီဟာကိုလည်း အခု အင်းစိန်သွားပြီး ကော်ပီကူးပြီးတော့ အရေး
ဆိုမယ်၊ ဒီအတိုင်းချည်း ငြိမ်တော့ မခံဘူး။ အချိန်မီရင်လည်း မီသလို အရေးဆိုမယ်။
ဒါပဲ။ ရုံးချိန်းက တနင်္လာနေ့ကို အပြီးသတ်လျှောက်လဲချက်၊ အဲဒီ တနင်္လာ လျှောက်လဲ
ချက်ပြီးရင် နှစ်ရက် သုံးရက်ပေါ့၊ အလွန်ဆုံးကြာရင် တပတ်ပေါ့။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေတဦးဖြစ်တဲ့ ဦးကြည်ဝင်း
ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီလို ထောင်တွင်း အထူးတရားခွင်မှာ စစ်ဆေးနေချိန် ထောင်အနီးပတ်ဝန်းကျင်မှာ
လုံခြုံရေး အတားအဆီးတွေကြားက ဒေါ်အောင်ဆန်းစုကြည်ကို အားပေးထောက်ခံ
ကြောင်း ပြသဖို့ ရောက်လာသူတွေကလည်း အများအပြား ရှိနေကြဆဲပါ။ ဒီအထဲက
အနည်းဆုံး တဦးဟာဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို အားပေးရင်း
တကိုယ်တော်ဆန္ဒပြရာက အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတယ်လို့ အင်းစိန်
ထောင်အနီးအနားကို နေ့စဉ်ဆိုသလို သွားနေတဲ့ အန်န်အယ်လ်ဒီပါတီ အတွင်းရေးမှူး
ဦးဝင်းတင်က ပြောပါတယ်။

“ကျနော်ရောက်သွားတဲ့အခါကြတော့ ခါတိုင်းလိုပဲ လူ ၂,၀၀၀ ပတ်ဝန်းကျင်လောက်
လာကြတယ်။ ဟိုနေရာတကွဲ၊ ဒီနေရာ တကွဲပေါ့။ ဟိုသစ်ပင်ရိပ်၊ ဒီသစ်ပင်ရိပ် အဲလိုပဲ
ထိုင်ပြီးနေကြတယ်။ ခါတိုင်းလိုပဲ မုန့်တွေပေးတဲ့လူတွေက ပေးပေါ့လေ။ စားစရာ
ချိုချဉ်ထုပ် ပေးတဲ့လူကပေး၊ မြေပဲပေးတဲ့လူကပေး၊ သောက်ရေသန့်ပေးတဲ့လူကပေး။

“အဲဒီကနေ တနာရီခွဲလောက် ရောက်တဲ့အခါကြတော့ လူတယောက်က အောင်သုခ
လမ်းဆိုတာ၊ ကျနော်တို့ထိုင်နေတဲ့နေရာရဲ့ ဘေးကလမ်း၊ လမ်းသွယ်လေးပေါ့၊ အဲဒီ
လမ်းသွယ်လေးနဲ့ အင်းစိန်လမ်းမကြီးကို ဆက်တာပေါ့၊ အဲဒီလမ်းသွယ်က ထွက်လာပြီး
အင်းစိန်လမ်းမကြီးပေါ် ရောက်တဲ့အခါ အနောက်ဘက်ကို မျက်နှာလှည့်လိုက်တယ်၊
ပေါက်တောဝပေါ့၊ ထောင်ဘူးဝဘက်ကို မျက်နှာလှည့်လိုက်ပြီး လိပ်လာတဲ့ အ၀တ်တခု
ကို ဆွဲဖြန့်လိုက်တဲ့အခါကြတော့ အ၀တ်လိပ်ထဲမှာ ဘာပါလဲဆိုတော့ အမေစုကို
ကာကွယ်သင့်ပြီဆိုတဲ့ စာရေးထားတယ်။ အဲဒီလူရဲ့နာမည်က ဦးဇော်ညွန့်တဲ့။

“အဲဒီဆန္ဒပြပွဲ ၀ုန်းဝုန်း ၀ုန်းဝုန်း ဖြစ်သွားတဲ့အခါ လူ နှစ်ယောက်သုံးယောက်လောက်က၊
ကျနော်တို့အထဲတွေမှာနေတဲ့ အရပ်ဝတ်အရပ်စားနဲ့နေတဲ့ ရဲအရာရှိတွေ ဘာတွေ
ဖြစ်မှာပေါ့ဗျာ၊ ရဲသားတွေက ဒီလူ့ကို ဖမ်းဆွဲလိုက်တဲ့အခါ ဒီလူက ရုန်းကန်နေတယ်။
ကောင်းကောင်းမွန်မွန်ပါပဲ လက်မောင်းကို ဖမ်းဆွဲလိုက်ပြီးတော့ သူ့လက်ထဲမှာရှိတဲ့
ဆန္ဒပြတဲ့စာရွက်ကို သိမ်းလိုက်တယ်။ သူ့ကို ၀ိုင်းဆွဲကြတယ်။ ဆွဲလာပြီးတော့
ကျနော်တို့နဲ့ မျက်နှာချင်းဆိုင် ဈေးအပေါ်ထပ်မှာ ရုံးခန်းရှိတယ်ပြောတယ်၊ အဲဒီ
အပေါ်ထပ်ကို ဆွဲတင်သွားတယ်လို့ ကြားတယ်။ ဒါပဲ။”

အန်န်အယ်လ်ဒီပါတီ အတွင်းရေးမှူး ဦးဝင်းတင် ပြောပြသွားတာ ဖြစ်ပါတယ်။

ကြားနာစစ်ဆေးမှုတွေကို ထောင်တွင်းအထူးတရားခွင်မှာ ဆက်တိုက်ဆိုသလို
လုပ်လာတဲ့နေရာမှာ ဒီတပတ်ထဲမှာတော့ စွပ်စွဲခံထားရသူတွေဖြစ်တဲ့ ဒေါ်အောင်ဆန်း
စုကြည်၊ သူနဲ့အတူ အဖော်အဖြစ် နေထိုင်ကြသူ ဒေါ်ခင်ခင်ဝင်း၊ သမီးဖြစ်သူ မ၀င်းမမနဲ့
နောက် နေအိမ်ခြံဝင်းထဲကို တိတ်တဆိတ် ရေကူးဝင်ရောက်ခဲ့တယ်ဆိုတဲ့ အမေရိကန်
နိုင်ငံသား ဂျွန် ၀ီလျမ် ယက်ထော (John William Yettaw) တို့က ရုံးတော်မှာ ထွက်ဆို
ခဲ့တာပါ။ ဒီလို ကြားနာစစ်ဆေးတာတွေ လုပ်နေတာ၊ စွပ်စွဲခံရသူတွေဘက်က ရှေ့နေ
ရှေ့ရပ်တွေနဲ့ ဥပဒေကြောင်းအရ ခုခံချေပနေတာတွေ ရှိပေမယ့်လည်း တရားခွင်ရဲ့
ဆောင်ရွက်ချက်တွေမှာ မျှမျှတတ စီရင်ဆုံးဖြတ်မယ့် အရိပ်အယောင်မျိုးတော့
မတွေ့ရဘူးလို့ ဥပဒေအကျိုးဆောင်တွေက ပြောကြပါတယ်။

အင်္ဂါနေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရားခွင်မှာ အပြစ်မရှိကြောင်း
ခုခံချေပတဲ့ နေရာမှာဆိုရင်လည်း သူ့နေအိမ်ခြံဝင်းထဲကို ကျုးကျော်ဝင်ရောက်ခဲ့သူနဲ့
ပတ်သက်လို့ သူ့မှာ တာဝန်မရှိသလို စာနာစိတ်နဲ့သာ ကူညီခဲ့တာမို့ အပြစ်မရှိကြောင်း
ပြောခဲ့တာပါ။ ဒီလို မဖိတ်ခေါ်ဘဲ ရောက်လာသူတဦးအတွက် ထိန်းသိမ်းခံနေရသူမှာ
အပြစ်မရှိသလို၊ လုံခြုံရေးတာဝန် ယူထားသူတွေရဲ့ ပျက်ကွက်မှုအတွက်ကိုလည်း
အာဏာပိုင်တွေက အရေးတယူလုပ်တာမျိုး မရှိတာဟာ ဘက်လိုက်ရာရောက်နေတယ်
ဆိုပြီးတော့လည်း ရုံးတော်ကို စာရေးပြီး တင်ပြခဲ့တာ ဖြစ်ပါတယ်။ ( ဗွီအိုအေ )

အန်အယ်လ်ဒီ၏ ကြေညာချက် ၁၅ / ၀၅ / ၀၉

Thursday, May 28, 2009

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ရုံးတင်တရားစွဲတာ အာဆီယံ သိက္ခာကျ

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရက တရားစွဲဆို ထားတာဟာ အာစီယံ အရှေ့တောင် အာရှ နိုင်ငံများ အသင်းကြီးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ အာစီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ် က ပြောပါတယ်။ မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ အာစီယံ အလှည့်ကျ ဥက္ကဋ္ဌ ထိုင်းနိုင်ငံရဲ့ မြန်မာ နိုင်ငံဆိုင်ရာ ကြေညာချက်ဟာ ဒေသတွင်း နိုင်ငံတွေရဲ့ သဘောထားကို ထုတ်ဖေါ် ပြသခဲ့တာလို့လည်း အာစီယံ အတွင်းရေးမှူးချုပ် က ပြောဆိုပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့မှာ ကျင်းပနေတဲ့ အာစီယံနဲ့ အီးယူ ၀န်ကြီးအဆင့် အစည်းအဝေးအတွင်း ပြောဆိုချက်တွေအကြောင်းကို မညိုညိုလွင်က ဆက်ပြီး တင်ပြပေးပါလိမ့်မယ်။

အာစီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ထိုင်းနိုင်ငံရဲ့ ကြေညာချက်ဟာ အာစီယံ ပဋိညာဉ် စာတမ်းကို ချိုးဖေါက်ပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်ရောက် စွတ်ဖက်တာဆိုပြီး မြန်မာ စစ်အစိုးရက ပြောဆိုနေတဲ့ အချိန် အာစီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ်က အာစီယံရဲ့ ရပ်တည်ချက်ကို ထပ်ပြီး ပြောဆိုခဲ့တာပါ။

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မှာ ကျင်းပနေတဲ့ အာရှ ဥရောပ နိုင်ငံများ ၀န်ကြီးအဆင့် အစည်းအဝေးအတွင်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက တရားစွဲဆို ထားတာနဲ့ပတ်သက်လို့ ဆူရင်ပစ်ဆူဝမ်က အခုလို သတင်းထောက်တွေကို ပြောဆိုသွားတာဖြစ်ပါတယ်။

ဒီကိစ္စဟာ အာစီယံရဲ့ ဂုဏ်သိက္ခာနဲ့ အာစီယံ အဖွဲ့ဝင်အားလုံးရဲ့ အကျိုးစီးပွားကို ထိခိုက်စေပါတယ်။ ဒါကြောင့်လည်း အခြား နိုင်ငံတကာက အမြင်သဘောထားတွေနဲ့ ထပ်တူ အာစီယံအဖွဲ့ကြီးက စိုးရိမ်ပူပန်မှုတွေကို အာစီယံ အလှည့်ကျ ဥက္ကဋ္ဌကနေ တဆင့် ထုတ်ဖေါ်ပြသခဲ့တာပါ။


ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုတဲ့အတွက် မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ယုံကြည် လေးစားမှုကို လက်လွှတ် ရနိုင်တယ်ဆိုပြီး ထိုင်းနိုင်ငံက သတိပေးခဲ့ပါတယ်။ စစ်အစိုးရကတော့ ထိုင်းနိုင်ငံဟာ အာစီယံ ပဋိညာဉ်စာတမ်းကို ချိုးဖေါက်ပြီး မြန်မာ့ပြည်တွင်းရေးကို ၀င်ရောက်စွတ်ဖက်တယ်လို့ စွတ်စွဲခဲ့ပါတယ်။

ဖနွမ်ပင်မှာ အစည်းအဝေး တက်ရောက်နေတဲ့ အီးယူ ဥရောပနိုင်ငံများအဖွဲ့က အာရှဒေသဆိုင်ရာ မူဝါဒရေးရာအဖွဲ့ အကြီးအကဲ Marcin Majewski ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေး အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါတယ်ဆိုတာ အားလုံး လက်ခံဘို့ လိုတဲ့အကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မပေးဘူးဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေကို စပြီး လုပ်လို့ မရနိုင်သလို နည်းမှန်လမ်းမှန်နဲ့ ဆောင်ရွက်နိုင်မှာလည်းမဟုတ်ပါဘူး။ ဒီအခြေအနေအပေါ် ကျနော်တို့ အထူးပဲ စိုးရိမ်ပါတယ်။ စစ်အစိုးအပေါ် ရှုတ်ချတဲ့ ကြေညာချက်နဲ့ မြန်မာ့အရေး မျှော်လင့်ချက်တွေကို အားလုံးက ပထမဆုံး တညီတညွတ်တည်း ထုတ်ဖေါ်ပြောဆိုနေကြတာပါ။

မြန်မာနိုင်ငံ အရေးနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံရဲ့ ကြေညာချက်ဟာ အာစီယံ အလှည့်ကျ ဥက္ကဌ ရဲ့ အပြင်းထန်ဆုံး အာစီယံ အဖွဲ့ဝင်နိုင်ငံတွေနဲ့ အီးယူ ဥရောပ နိုင်ငံတွေ စိုးရိမ်ကြောင်း ထုတ်ဖေါ် ပြောဆိုနေတဲ့ တချိန်တည်းမှာ ရှေ့သတင်းပတ် အတွင်း အာစီယံ နိုင်ငံ ခေါင်းဆောင်တွေ တောင်ကိုရီးယား နိုင်ငံမှာ တွေ့ဆုံဖို့ရှိပြီး အဲဒီ အစည်းအဝေးမှာလည်း မြန်မာနိုင်ငံအရေးကို ဆွေးနွေးမယ်လို့ ထိုင်း ၀န်ကြီးချုပ် အဘီဆစ် ၀ိတ်ချာဂျီဝ က ပြောပါတယ်။

လာမယ့် ဂျွန်လ ၁ ရက်နဲ့ ၂ရက်နေ့တွေ အတွင်း အာစီယံ နိုင်ငံတွေနဲ့ တောင်ကိုရီးယား အကြား ထိပ်သီး အစည်းအဝေးကို တောင်ကိုရီးယား နိုင်ငံ ဂျီဂျု ကျွန်းမှာ ကျင်းပဖို့ ရှိပါတယ်။ အဲဒီအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ကိစ္စကို ဆွေးနွေးမယ်ဆိုပြီး ထိုင်း ၀န်ကြီးချုပ်က ပြောဆိုတာပါရှင်။ ( ဗွီအိုအေ )

ရွေးကောက်ပွဲနှစ်ပတ်လည် ကြေညာချက်





အင်းစိန်တရားခွင် ၈ ရက်မြောက် ကျန်စွပ်စွဲခံရသူများကို စစ်ဆေး

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် တားမြစ်ချက်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး စစ်ဆေးနေတဲ့ ရန်ကုန် အင်းစိန်ထောင်ထဲက အထူးတရားခွင်က ဒီကနေ့ ကျန်စွပ်စွဲခံရသူတွေ ရဲ့ ထွက်ဆိုချက်တွေကို ကြားနာခဲ့တယ်လို့ ဥပဒေအကျိုးဆောင်တွေက ပြောပါတယ်။ မနေ့တုန်းက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တရားခွင်မှာ ထွက်ဆိုတဲ့ အချိန်မှာလို သံတမန်တွေနဲ့ စာနယ်ဇင်းသမားတွေ တက်ရောက် ကြားနာခွင့်တော့ မရတော့ပါဘူး။ တရားခွင်က နောက်ဆုံး အခြေအနေတွေကို စောင့်ကြည့်နေတဲ့ ကိုအောင်လွင်ဦး က အကြောင်းစုံကို မေးမြန်းစုံစမ်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပေါ် တားဆီးကန့်သတ်ထားတဲ့ အမိန့်ကို ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဆက်လက် စစ်ဆေးတာတွေ လုပ်နေတဲ့ ရန်ကုန်အင်းစိန်ထောင်တွင်း တရားခွင်မှာ၊ ဒီလို ကျူးလွန်ရာမှာ အားပေး ကူညီတယ်ဆိုပြီး တရားစွဲဆိုခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူနေထိုင်ကြတဲ့ ဒေါ်ခင်ခင်ဝင်း၊ သမီးဖြစ်သူ မ၀င်းမမ၊ နောက် နေအိမ် ခြံဝင်းထဲကို ရေကူးဝင်ရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလီယံ ယက်ထော တို့က ရုံးတော်မှာ ထွက်ဆိုခဲ့တာလို့ ဥပဒေ အကျိုးဆောင်တွေက ပြောပါတယ်။ ဒီနေ့ တရားခွင်နဲ့ ပတ်သက်ပြီး စောစောကပဲ အင်းစိန်ထောင်က ပြန်ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ တဦးဖြစ်တဲ့ ဦးကြည်ဝင်း ဆက်သွယ် မေးမြန်းထားပါတယ်။

ဦးကြည်ဝင်း။ ။ ဒီနေ့ ခင်ခင်ဝင်းကို စစ်တယ်။နောက် ၀င်းမမကို စစ်တယ်။ နောက် ယက်ထောကို စစ်တယ်။ သူက ဘုရားသခင်က သူ့ကို လွှတ်လိုက်တာ။ ဒေါ်အောင်ဆန်းစုကြည် လုပ်ကြံခံရမယ်ဆိုလို့ ဒါတွေကို လာရောက်ပြီးတော့ သတိပေးတာပါ။

အောင်လွင်ဦး။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်ကယ်တို့ ဆွေးနွေးခွင့်ရခဲ့သေးလားခင်ဗျ။

ဦးကြည်ဝင်း။ ။ရုံးမထိုင်ခင် ၁နာရီ ကျော်ကျော်ပါပဲ။ သူက ရုံးကို စောစောသွားတာကိုး။ ရုံးကလည်း စောစောလည်းမှာတယ်။ လာပါဆိုလို့ ၉နာရီဆိုရောက်တယ်။ ဒေါ်စုတို့ ရောက်ပြီး သိပ်မကြာဘူး ၉နာရီ သာသာလောက်မှာ လာကြတယ်။

အောင်လွင်ဦး။ ။မနေ့တုံးက ရဲတပ်ဖွဲ့ရဲ့ ဒေါ်စုနဲ့ ပတ်သက်ပြီး ရှင်းလင်းချက် ရှိတယ်။ လူတွေဘယ်လို တွက်ဆနေသလဲဆိုတော့ ဒီရှင်းလင်းချက်က ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူဖို့ ဆုံးဖြတ်ထားပြီးသားကို ပေါ်လွင်တယ်လို့ ပြောတာတွေ ရှိတယ်။ ဘယ်လို တွက်မိပါသလဲခင်ဗျ။

ဦးကြည်ဝင်း။ ။ကိုယ်လည်း မတက်လိုက်ရတော့။ ကိုယ်က အောင်ဆန်းဦး အမှုနဲ့ သွားတိုက်နေတော့ ကိုယ်က အဲဒီပဲ သွားလိုက်တယ်။ သွားလိုက်တော့ ဒီဘက်က သတင်းစာရှင်းလင်းပွဲကို မရောက်လိုက်ဘူး။ ကိုယ်တို့ဆီက ကိုလှမျိုး တယောက်ပဲ တက်တယ်။ ဒါပေမဲ့ သူတို့ကလည်း သတင်းစာရှင်းလင်းပွဲလို့သာ ပြောတာပါ။ သူတို့ဟာက ကြေညာချက် တရပ်ကို ပို့ပေးတာပဲ။ ပြောရရင် အပြစ်ရှာတာ မဟုတ်ပါဘူး။ သဘောတရားကို ပြောတာ။ ရက်စွဲတောင် မပါဘူးဗျ။ အဲတော့ ကိုယ်က ကိုယ့်ဟာကို ရက်စွဲလေး ထည့်ရတယ်။ အချိန်နာရီတို့ ဒီအတိုင်းပဲ မရှိဘူး။ ရက်စွဲမပါတဲ့ ကြေညာချက်။ သို့သော် ကြေညာချက် ကြည့်လိုက်တော့ သူက သူတို့ ဆောင်ရွက်ချက်။ တနည်းအားဖြင့် သူတို့ ဆိုတာက အစိုးရတို့၊ ဗဟို အစိုးရအဖွဲ့တို့။ သူတို့ ဆောင်ရွက်ချက် ဥပဒေနဲ့ ညီတယ်လို့ ဆိုပြီး၊ ခြောက်နှစ် ခြောက်မိုး ချုပ်တာဟာ မှန်ပါတယ်ဆိုတဲ့ သဘောမျိုးပြောတာ။

ဒေါ်အောင်ဆန်းစုကြည် ဟာ သူ့အပေါ် ချမှတ်ထားတဲ့ တားဆီးကန့်သတ်မိန့်ကို ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်မေးတာတွေ လုပ်ဆောင်ခံနေရတဲ့ တရားခွင်မှာ မနေ့တုန်းက အပြစ်မရှိကြောင်း ကိုယ်တိုင် ခုခံချေပတဲ့ နေရာမှာတော့ သူ့နေအိမ်ခြံဝန်းထဲကို တိတ်တဆိတ် ရေကူး ၀င်ရောက်ခဲ့တယ် ဆိုတဲ့ အမေရိကန် နိုင်ငံသား John William Yettaw နဲ့ ပတ်သက်လို့ သူ့မှာ တာဝန်မရှိသလို၊ စာနာစိတ်နဲ့သာ ကူညီခဲ့တာမို့ အပြစ်မရှိကြောင်း ပြောခဲ့တာပါ။ ဒီလို မဖိတ်ခေါ်ပဲ ရောက်လာသူ တဦးအတွက် ထိန်းသိမ်းခံနေရသူမှာ တာဝန်မရှိသလို၊ လုံခြုံရေး တာဝန်ယူထားသူတွေရဲ့ ပျက်ကွက်မှု အတွက်ကိုလည်း အာဏာပိုင်တွေက အရေးတယူ လုပ်တာမျိုး မရှိတာဟာ တဖက်သတ် စီစဉ်ဆောင်ရွက်တာသာ ဖြစ်တယ် ဆိုပြီးတော့လည်း ရုံးတော်ကို စာရေးပြီး တင်ပြခဲ့တာပါ။ ( ဗွီအိုအေ )

“အခြေအနေများ” ဆိုတဲ့သီချင်းနဲ့  စာသားလေးပါ။ Generation Wave က ဖြစ်ပါတယ်။


A chay a nay myarr .mp3 -
အခြေအနေများ။

Artist Moethway

Produced by Generation Wave

စာသင်တဲ့ကျောင်းခေါင်းလောင်းလည်းကွဲအက်ပြီ ပညာအဆင့်ကလက်နှိုက်မမီ
ဘွဲ့လက်မှတ်က အီးကုန်းလို့ရသည်
ကျောင်းကားမလောက်လို့ အားကိုးရှာကာ ရုံးခန်းသွားပြောသည်
ကျောင်းသား ၅ယောက် jail ထဲပို့လိုက်ပြီ

ပြည်သူတွေလုံးရင်းပါးရင်းအမွှေးကျွတ်ကုန်ပြီ တနေ့လုပ်တနေ့ငတ်သည်
ဘုန်းဘုန်းအတွက်တော့ ဆွမ်းလေးအမြဲကပ်သည်
ကိုယ်တော်တွေ ဆွမ်းဘုဉ်းပေးရင်း အတွေးထဲမြင် မျိုမကျတော့စဉ်းစားပြီ
ပရိတ်ထွက်ရွတ်တော့တုတ်နဲ့ရိုက်သတ်သည်
ပရိတ်ထွက်ရွတ်တော့ သေနတ်နဲ့ပစ်သတ်သည်

ဒါမြန်မာပြည်မှာတကယ်ကိုဖြစ်ခဲ့သည်
အာဇာနည်တွေမြင်ရင် ရှက်လိမ့်မည်
ငါတို့တခုခုတော့လုပ်မှဖြစ်တော့မည်

အာဏာရှင်ကို အမြစ်မဖြတ်နိုင်ရင် လူတွေ ဥပုသ်စောင့်ရမည်
တခေါက်တော့ ထပ်လို့လမ်းမထွက်မှဖြစ်မည်
လူညီရင်ပွဲပြတ်နိုင်သည် ပြိုင်တူတွန်းကြရွေ့ရမည်
ကုလသမဂ္ဂစောက်ဂရုမစိုက်တော့ပြီ

မုန်တိုင်းကြီးရုတ်တရက်တိုက်ခတ်မွှေသည် အလောင်းများသိန်းသန်းချီ
road map အစုတ်အပြတ် အလုပ်မပျက်ရှေ့ဆက်သည်
အကူအညီတွေပေးဖို့ အဝေးကတကူးတကလာသူမောင်းထုတ်ပစ်လိုက်သည်
အားလုံးလက်မြှောက်အရှုံးပေးလိုက်ရသည်

အန်အယ်လ်ဒီ၏ ကြေညာချက် ၁၄ / ၀၅ / ၀၉


Wednesday, May 27, 2009

ဒေါ်အောင်ဆန်းစုကြည်ကို အမြန်လွှတ်ဖို့ သမ္မတအိုဘားမား တောင်းဆို

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်း
ပြန်လွှတ်ပေးဖို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က
တောင်းဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ဖမ်းဆီးထိန်းသိမ်း
ထားတဲ့အတွက် မြန်မာစစ်အစိုးရကို မစ္စတာအိုဘားမားက ရှုတ်ချတဲ့အကြောင်း
အင်္ဂါနေ့ကထုတ်ပြန်တဲ့ အိမ်ဖြူတော် ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

နေအိမ်အကျယ်ချုပ်နဲ့ ကန့်သတ်မိန့်ကို ချိုးဖောက်တယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်
အပေါ် စွဲချက်တင် ရုံးတင်စစ်ဆေးမှုတွေဟာ အခြေအမြစ်မရှိဘူးလို့လည်း မစ္စတာ
အိုဘားမားက ပြောပါတယ်။

ဒီလအစောပိုင်းတုန်းက ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းထဲကို တိတ်တဆိတ်
ဝင်ရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံသား ဂျွန် ၀ီလျမ် ယက်ထော (John William Yettaw)
ကို နေအိမ်မှာ လက်ခံခွင့်ပြုပြီး တားမြစ်ထားတဲ့ ကန့်သတ်မိန့်ကို ချိုးဖောက်တယ်ဆိုပြီး
ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးနေတာ ဖြစ်ပါတယ်။

အင်္ဂါနေ့က အထူးတရားခွင် စစ်ဆေးမှုအတွင်း ဒေါ်အောင်ဆန်းစုကြည်က သူ့မှာ
အပြစ်မရှိကြောင်း ချေပခဲ့ပါတယ်။ ပြီးခဲ့တဲ့မေလ ၄ ရက်နေ့ မနက်အစောပိုင်းမှာ
ဂျွန် ၀ီလျမ် ယက်ထောဟာ အင်းလျားကန်ကိုဖြတ်ကူးပြီး သူ့အိမ်ဝင်းအတွင်း ရောက်ရှိ
လာတဲ့အကြောင်းနဲ့ နောက်တနေ့ မိုးမလင်းခင်အချိန်အထိ မစ္စတာယက်ထောကို
သူ့အိမ်မှာ နေထိုင်ခွင့်ပေးခဲ့ပြီး အဲဒီလိုရောက်လာတာနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေ
ကို အကြောင်းမကြားခဲ့ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က တရားခွင်မှာ ထွက်ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရားခွင်မှာထွက်ဆိုတဲ့ အင်္ဂါနေ့မှာ မြန်မာစစ်အစိုးရ
အာဏာပိုင်တွေဘက်က ရန်ကုန်အခြေစိုက် သံတမန်တွေနဲ့ စာနယ်ဇင်းသမားတချို့ကို
ဖိတ်ကြားပြီး သတင်းစာရှင်းလင်းပွဲတခု လုပ်ခဲ့သလို တရားခွင်ကိုလည်း ၀င်ရောက်
လေ့လာခွင့် ပေးခဲ့ပါတယ်။ ( ဗွီအိုအေ )

အန်အယ်လ်ဒီ မေ ၂၅ ရက်နေ့ ထုတ်ပြန်ကြေငြာချက်

မြန်မာ့ပြည်တွင်းရေး ဝင်စွက်ခြင်းမဟုတ် ဟု ထိုင်းက ပြော

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် အရှေ့တောင်အာရှ နိုင်ငံများအသင်း ဥက္ကဋ္ဌ အနေဖြင့် တောင်းဆိုခြင်းသည် မြန်မာပြည်တွင်း အရေးကို ဝင်ရောက် စွက်ဖက်ခြင်း မဟုတ်ကြောင်း ထိုင်းနိုင်ငံက ပြန်လည် ချေပလိုက်သည်။

အာဆီယံ အလှည့်ကျဥက္ကဌ ဖြစ်နေသော ထိုင်းနိုင်ငံက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ယခုလ ၁၈ ရက်နေ့တွင် ကြေညာချက်ထုတ် တောင်းဆိုခဲ့ခြင်းအား မြန်မာ့ပြည်တွင်းရေးကို ဝင်စွက်ခြင်း ဖြစ်သည်ဟု စစ်အစိုးရက ကန့်ကွက်ခဲ့သည့်အပေါ် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ပြန်လည်တုံ့ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဒီကိစ္စဟာ မြန်မာပြည်တွင်းရေးကို စွက်ဖက်တာ မဟုတ်ပါဘူး။ ဒီလို အခြေအနေမျိုး ထိုင်းနိုင်ငံမှာလည်း ဖြစ်နေတာပါပဲ။ လမ်းတွေပေါ်မှာ ဆန္ဒပြတာတွေနဲ့ နိုင်ငံတောင်ပိုင်းမှာ ပြဿနာတွေ တက်နေတာကို စိုးရိမ်နေကြတဲ့ နိုင်ငံတွေ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီကိစ္စတွေဟာ ဒေသဆိုင်ရာ တည်ငြိမ်ရေးနဲ့ အာဆီယံအဖွဲ့ရဲ့ တိုးတက်မှုအပေါ် သက်ရောက်မှုတွေ ရှိနေလို့ပါ” ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကဆစ်၏ ပြောဆိုချက်ကို ထိုင်းနိုင်ငံထုတ် သတင်းဌာနများက ယနေ့ ဖော်ပြကြသည်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပနေသည့် အာရှ-ဥရောပ အစည်းအဝေး (Asem) တက်ရောက်နေသည့် သူက အာဆီယံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထိပ်တန်း တာဝန်ရှိသူများ၏ သဘောတူချက်ဖြင့်သာ ကြေညာချက်ကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံမှ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များကို ထိခိုက်နိုင်သည့် မည်သို့သော အခြေအနေမျိုးကိုမျှ ထိုင်းနိုင်ငံက မမြင်တွေ့လိုကြောင်း ဆက်လက်ပြောဆိုသည်။

ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် “ဒေါ်အောင်ဆန်းစုကြည်အား အရေးယူရခြင်းမှာ နိုင်ငံတိုင်းတွင် သမားရိုးကျ ဆောင်ရွက်လေ့ ရှိကြသည့် ပြည်တွင်း ဥပဒေ ကျင့်သုံးမှုတခုသာ ဖြစ်သည့်အပြင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေး သက်သက်သာ ဖြစ်ပါသည်’’ ဟု ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံခြားရေး ဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နှင့် အကျဉ်းသားအားလုံး လွှတ်ပေးရေးသည် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲများနှင့် လာမည့်နှစ် ရွေးကောက်ပွဲအတွက် အရေးကြီးသည့် ခြေလှမ်းတရပ်ဖြစ်ကြောင်း ပြောသည်။

ထိုသို့ဖြစ်ထွန်းနေချိန်တွင် ဟနွိုင်းမြို့ Asem အစည်းအဝေးတွင် တက်ရောက်နေသော ဥရောပသမဂ္ဂ ခေါင်းဆောင်များက ထိုင်းနိုင်ငံနှင့် သဘောထားတူညီကြပြီး၊ မြန်မာနိုင်ငံအား ပိတ်ဆို့အရေးယူမှုများ တိုးမြှင့်လုပ်ဆောင်ရန် စဉ်းစားနေသည်။ ( မဇ္ဈိမ )

ကုလအတွင်းရေးမှူးချုပ်သို့ လက်မှတ်ပေါင်း ၆ သိန်းကျော် ပေးပို့မည်

မြန်မာ့အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်က ကုလအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အနေဖြင့် မြန်မာ့အရေးကို အထူးအာရုံစိုက် ဆောင်ရွက်ပေးရန် တောင်းဆိုသည့် လက်မှတ်များကို နိုင်ငံပေါင်း ၁၅၀ ကျော်မှ ကောက်ခံခဲ့ရာ ယခုအခါ လက်မှတ်ပေါင်း ၆ သိန်းကျော် ရရှိထားပြီဖြစ်သည်။

ဤသည်မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာစစ်အစိုးရက နေအိမ်အကျယ်ချုပ်မှ အကျဉ်းထောင်အတွင်း ထားရှိကာ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ အန္တရာယ်မှ တားဆီးကာကွယ်သည့် ဥပဒေဖြင့် တရားစွဲဆိုနေစဉ်တွင် လက်မှတ်ရေးထိုး လှုပ်ရှားမှု၏ ရလဒ် ပေါ်ထွက်လာခြင်းဖြစ်သည်။

ထို့အပြင် နိုင်ငံတကာကလည်း ကုလအတွင်းရေးမှူးချုပ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အထူးအာရုံစိုက် ကြိုးပမ်းပေးရန် တောင်းဆိုမှုများ ရှိနေသည့်အပြင်၊ သူကိုယ်တိုင်လည်း မြန်မာနိုင်ငံသို့ အမြန်ဆုံးသွားနိုင်ရန် ကြိုးစားမည်ဟုလည်း ဆိုထားသည်။

အဆိုပါ လက်မှတ်များကို မစ္စတာ ဘန်ကီမွန်းထံသို့ လွှဲပြောင်းပေးအပ်ရေးအတွက် အစီအစဉ်များ ရေးဆွဲနေပြီဖြစ်ကာ၊ ယင်းကိစ္စများနှင့် ပတ်သက်၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် သတင်းစာရှင်းပွဲတရပ် ယနေ့ ပြုလုပ်ခဲ့သည်။

နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံ၊ မြန်မာနိုင်ငံဒီမိုကရက်တစ် အင်အားစု (FDB)၊ National Human Rights Commission of Thailand တို့မှ ကိုယ်စားလှယ်များနှင့် မြန်မာ့အရေးဆောင်ရွက်နေသည့် အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (AIPMC) မှ ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများလည်း တက်ရောက်ခဲ့ကြသည်။

ထို့ကြောင့် လက်မှတ်စုဆောင်း ရရှိမှု အခြေအနေ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအရေး၊ အကျဉ်းထောင် အခြေအနေများ သိနိုင်ရန် လက်မှတ်စုဆောင်းမှုတွင် ပါဝင်သူ အချို့ကို မဇ္ဈိမသတင်းထောက် ကိုဝိုင်းက မေးမြန်းထားသည်။[ ဆက်ဖတ်ရန် +/- ]

ဦးဘိုကြည်
(တွဲဘက်အတွင်းရေးမှူး - နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း-မြန်မာနိုင်ငံ)

ဘန်ကီမွန်းဆီပို့ဖို့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး တောင်းဆိုတဲ့ လက်မှတ် ၈၈၈၈၈၈ ရဖို့ ဦးတည်စုဆောင်းတာ အခု ဘယ်လောက်ရပြီလဲဗျ။

အခုဟာက ခြောက်သိန်း ငါးသောင်းကျော်ပဲ ရသေးတယ်။

လက်မှတ်စုဆောင်းရေး လှုပ်ရှားမှုကာလ ကုန်သွားပြီ။ လိုချင်တဲ့ အတိုင်းအတာ မရတဲ့အခါကျတော့ ဘန်ကီမွန်းကို တောင်းဆိုဖို့ဆိုတဲ့ ကိစ္စကိုရော ထိခိုက်မှုဖြစ်နိုင်မလားခင်ဗျာ။

အဲဒါကတော့ မဖြစ်နိုင်ပါဘူး။ ကျနော်တို့ လုပ်တဲ့ကာလက အားလုံးပေါင်း ၁ဝ ပတ်ပေါ့နော်။ အခု သုတေသနအရဆိုရင် ၁ဝ စက္ကန့်ကို တယောက်လောက်တက်ပြီး လက်မှတ်ထိုးတာမျိုး ရှိတယ်။ ကျနော်တို့ အချိန်ကာလ တိုတာလည်း ပါတယ်။ ဆိုတော့ ကျနော်တို့ လိုချင်တဲ့ ၈၈၈၈၈၈ ဆိုတာတော့ မပြည့်သေးဘူးပေါ့နော်။ ဒါပေမယ့် ဒီ ၆ သိန်းခွဲဆိုတဲ့အား ဆိုတာလည်း နည်းတာ မဟုတ်ဘူး။ လက်မှတ်တက်ထိုးတဲ့ နိုင်ငံတွေက နိုင်ငံပေါင်း ၁၅ဝ ကျော်က နိုင်ငံသားတွေ ဖြစ်ကြတာကိုး။ အဲဒါကြောင့် ဒီဟာက ဘန်ကီမွန်းကိုလည်း ထိရောက်တဲ့ အားတခု ဖြစ်နိုင်ပါတယ်။

ဘန်ကီမွန်းကလည်း မြန်မာနိုင်ငံကို အမြန်ဆုံး သွားနိုင်အောင် ကြိုးစားနေတယ်လို့ သိရတယ်။ တကယ်လို့ သူ သွားခွင့်ရတယ်ဆိုရင် နအဖ ထဲက ဘယ်သူနဲ့ တွေ့သင့်တယ်လို့ ယူဆပါသလဲဗျာ။

ဘန်ကီမွန်း အထဲကို သွားမယ်ဆိုရင် သန်းရွှေနဲ့ပဲ တွေ့သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သန်းရွှေကပဲ decision maker ဖြစ်နေတာကိုး။ အဲဒီတော့ decision maker နဲ့ မတွေ့ရဘူးဆိုရင် သူသွားတာ အလကားဖြစ်မှာပဲ။

ဘန်ကီမွန်းအနေနဲ့ ဘယ်လို အချက်တွေကို ဦးစားပေးအနေနဲ့ ဆွေးနွေးသင့်တယ်လို့ ယူဆပါသလဲဗျာ။

အထူးသဖြင့် သုံးပွင့်ဆိုင် ဒိုင်ယာလော့ ဖြစ်ရေးပေါ့။ သုံးပွင့်ဆိုင် ဒိုင်ယာလော့ဖြစ်ဖို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေကလည်း လွှတ်ဖို့လိုတယ်။ ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးခွန်ထွန်းဦးတို့ဆိုတာ တကယ့် တွေ့ဆုံဆွေးနွေးရမယ့် သူတွေထဲမှာ ပါရမယ့်သူတွေ ဖြစ်တာကိုး။ သူတို့တွေကို အဓိက လွှတ်ပေးဖို့ လိုတယ်။ ပြီးရင် တခြား နိုင်ငံရေးအကျဉ်းသားတွေကို အချိန်ကာလ အကန့်အသတ်၊ ဘယ်တော့လောက် ဘယ်လိုလွှတ်ပေးမယ် ဆိုတာမျိုးတွေ ဖြစ်သင့်တယ်။

ဆိုတော့ ပထမအဆင့်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးခွန်ထွန်းဦးတို့လို dialogue partner တွေကို အရင် လွှတ်သင့်တယ်။ ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေကို စနစ်တကျနဲ့ လွှတ်ဖို့ ဆက်ပြီးတော့ ဆွေးနွေးသင့်တယ်။

ဆိုလိုတာက နိုင်ငံရေးအကျဉ်းသား အားလုံးကို တပြိုင်နက်ထဲ လွှတ်ပေးဖို့ တောင်းဆိုတာ မဟုတ်ဘူးလား။

ဖြစ်နိုင်ရင်တော့ တပြိုင်နက်တည်း လွှတ်ပေးဖို့ တောင်းဆိုတာပေါ့။ နအဖ ဘက်က တပြိုင်နက်တည်း လွှတ်ပေးဖို့ဆိုတာ သူတို့ဆီက အခက်အခဲတွေလည်း ဖြစ်နိုင်တယ်။ ဈေးဆစ်တာတွေလည်း ရှိနိုင်တယ်။ ဆိုတော့ အနိမ့်ဆုံးအဆင့်က ပထမ အဆင့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ လွတ်လာရေး။ တွေ့ဆုံဆွေးနွေးရေးရဲ့ partner တွေ ဖြစ်တာကိုး။ ပြီးတော့ ကျန်တဲ့လူတွေကို အသုတ်လိုက် အမြန်ဆုံး လွှတ်ပေးရေး။ ဒါက လက်တွေ့ကျတာကိုး။ အချိန်ကာလ တိတိကျကျ ရှိသင့်တယ်။ ပြီးတော့ ကျန်းမာရေး မကောင်းတဲ့ သူတွေကတော့ ချက်ချင်း လွှတ်သင့်တယ်။

အခု ရရှိ စုဆောင်းထားတဲ့ လက်မှတ်တွေနဲ့ ပတ်သက်ပြီး ရှေ့ကို ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိပါသလဲဗျာ။

ကျနော်တို့က အခု အထွေထွေအတွင်းရေးမှူးချုပ်နဲ့ ဆက်ပြီး စကားပြောနေတာတွေ ရှိတယ်။ ပြီးတော့ ဒီလက်မှတ်တွေကို သူ့ဆီကိုပို့ဖို့၊ နောက် နိုင်ငံရေးအကျဉ်းသား မိသားစုတွေရယ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရယ်၊ campaign ကော်မတီ ရယ်၊ သူ (ဘန်ကီမွန်း) နဲ့ တွေ့ပြီးတော့ ဗမာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေ၊ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေတွေကို ဆွေးနွေးဖို့ စီစဉ်နေတာ ရှိပါတယ်။ ရက်ချိန်းရဖို့ စောင့်နေပါတယ်။ ရက်ချိန်းရပြီဆိုရင် လက်မှတ်တွေပို့မယ်။ ဒါပေမယ့် campaign ကိုလည်း လက်မှတ်ဆက်ထိုးနေလို့ ရပါတယ်။ သူ့ကို လွှဲတဲ့နေ့မှာ နောက်ဆုံး up date အထိ ကျနော်တို့ တင်လိုက်ပါမယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ရင် နအဖအတွက် ဘယ်လိုမျိုး အတားဆီးတွေ ဖြစ်လာနိုင်မယ်လို့ ယူဆလဲဗျ။

ဒေါ်အောင်ဆန်းစုကြည်က လွတ်သွားလို့ရှိရင် တကယ်တမ်းကျတော့ သူတို့ အသုံးချတတ်မယ်၊ စိတ်ကောင်းစေတနာကောင်း ရှိမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က သူတို့အတွက် အခက်အခဲမဟုတ်ဘူး။ သူတို့အတွက် တကယ့် မဟာမိတ်ပါ။ သူတို့အတွက် အဓိက မိတ်ဆွေတယောက်ပါ။ ဘာ့လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို ပျက်စီးရာ ပျက်စီးကြောင်း လုပ်မယ့် လူတယောက် မဟုတ်ဘူး။ တပ်မတော်ကို ပိုကောင်းအောင် လုပ်မယ့် လူတယောက်ပဲ ဖြစ်တယ်။ နောက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက်ကလည်း ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားတွေရဲ့ ယုံကြည်ခြင်း ခံရတဲ့သူ ဖြစ်တယ်။

---------------------------------------------------------------


ဦးဝင်းလှိုင်
(ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ မန္တလေးတိုင်း တပ်ကုန်းမြို့နယ် မဲဆန္ဒနယ် အမတ် (၂) နှင့် နိုင်ငံရေးအကျဉ်းသားဟောင်း)

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားပြီး ပြင်ပနဲ့ အဆက်အသွယ် ဖြတ်ထားတဲ့ကိစ္စက အန်အယ်ဒီရဲ့ ပါတီတွင်း/ပ စည်းရုံးရေး လုပ်ငန်းတွေကို ထိခိုက်မှု ဘယ်လောက်အတိုင်းအတာ ရှိတယ်လို့ မြင်ပါသလဲခင်ဗျာ။

ထိခိုက်ပါတယ်။ အန်အယ်ဒီရဲ့ စည်းရုံးရေးသာမက နိုင်ငံရေး ဦးဆောင်မှု ကိစ္စတွေ၊ နိုင်ငံရေး ဆုံးဖြတ်ချက်တွေ ဘက်ပေါင်းစုံကနေ ထိခိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို အဓိကမဏ္ဍိုင်ပြုပြီးတော့ အန်အယ်ဒီက ပေါ်ပေါက်ခဲ့ရတာ ဖြစ်တဲ့အခါကျတော့ အခုလို တဖက်သတ် နအဖ အနေနဲ့ ထိန်းသိမ်းထားတာ၊ တရားစွဲ နေတာဟာ အန်အယ်ဒီအနေနဲ့ အများကြီး ထိခိုက်ပါတယ်။ ဒါပေမယ့် တကယ်တမ်း ပြောရမယ်ဆိုရင် နိုင်ငံရေးပါတီ တခုသာမက ပြည်သူတရပ်လုံးအတွက် ထိခိုက်တယ်လို့ ပြောရမှာဖြစ်ပါတယ်။

နအဖ က ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ဘဲ ထားမယ်ဆိုရင် အန်အယ်ဒီအနေနဲ့ ဘာမှ မလုပ်နိုင်တော့ဘူးလား။ ဒါမှမဟုတ် ဘာတွေ လုပ်ဆောင်သင့်တယ်လို့ ယူဆလဲခင်ဗျာ။

အန်အယ်ဒီက ဘာမှ မလုပ်နိုင်တော့ဘူးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့လုပ်ရင် အန်အယ်ဒီသာမက ပြည်သူလူထုရဲ့ လှုပ်ရှားမှုဟာလည်း သည့်ထက်ပိုမိုပြီး အားမြင့်လာနိုင်တယ်။ သည့်ထက်ပိုမိုပြီး အရှိန်ရလာမယ်။ ပိုပြီး အားကောင်းလာမယ်ဆိုတာတော့ အမှန်ပဲပေါ့။ သို့သော်လည်း နအဖက ဒေါ်အောင်ဆန်းစုကြည်ကို လူထုရှေ့ကနေ ဖျောက်လိုက်လို့ ကျနော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေ၊ လူထုရဲ့ ဒီမိုကရေစီ လိုလားမှုတွေ ပျောက်ပျက်သွားမှာတော့ မဟုတ်ပါဘူး။

အန်အယ်ဒီရဲ့ အဓိကတာဝန်ကတော့ ပြည်သူလူထုရဲ့ လိုလားချက်ဖြစ်တဲ့ ဒီမိုကရေစီနဲ့ တိုင်းရင်းသား တန်းတူညီမျှရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်နိုင်ငံ တရပ်ဆီကို ရောက်အောင် တတ်နိုင်တဲ့ နည်းလမ်းတွေ အားလုံးကို ကိုင်စွဲပြီးတော့ ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားအနေနဲ့ ထောင်ထဲမှာ ၁ဝ နှစ်တာ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံလေးကို အကျဉ်းချုံး ပြောပြပေးပါလား ခင်ဗျာ။

သာမန်အားဖြင့် ကြည့်ရင်တော့ ထောင်ဆိုတာကတော့ အင်မတန်မှကို မကောင်းတဲ့နေရာပါ။ ဖိနှိပ်မှုတွေ၊ ညှဉ်းပမ်းမှုတွေနဲ့ အင်မတန် ဆိုးရွားတဲ့ လောက တခုပါပဲ။ တကယ်တမ်း တရားဥပဒေရဲ့ ရည်ရွယ်ချက်က အကျဉ်းသားတွေကို ပဲ့ပြင်ဆုံးမပြီးတော့ လူကောင်းသူကောင်း ဖြစ်လာအောင်၊ လူ့လောကအတွက် ပြန်ပြီး အကျိုးရှိလာအောင် ရည်ရွယ်ပြီးတော့ ဒီထောင်တွေက ရှိသင့်တာကိုး။ ဒါပေမယ့် လက်ရှိအစိုးရက သာမန်အကျဉ်းသားတွေကိုပင် ပဲ့ပြင်ဆုံးမတာ မဟုတ်ဘဲနဲ့ လူ့လောကကြီးထဲကနေ ဖယ်ရှားပြီးတော့ လူတယောက်ဆိုတဲ့ အသိအမှတ်ပြုမှုထက် အင်မတန် နိမ့်ကျတဲ့ ပြုမူမှုမျိုး ရှိတယ်။

နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုလည်း အသိအမှတ်မပြုတဲ့အတွက် ယေဘုယျကြည့်ရင် ကျန်းမာရေးအရ လျစ်လျူရှုတာကို ခံရတယ်။ ဆရာဝန် မရှိဘူး။ ဆေးမှူး မရှိဘူး။ အကျဉ်းသားထဲက ဆေးလေးဝါးလေး တတ်သလောက် မှတ်သလောက် နားလည်သူကို ပြန်ခန့်တယ်။ ထောင်ထဲမှာ ဘယ်လို လေ့လာမှုမျိုးကိုမှ ခွင့်မပြုဘူး။ လူတွေရဲ့ ဘဝတွေကို ဖျက်ပစ်လိုက်တာပါ။ အင်မတန် ညံ့ဖျင်းတဲ့ ထမင်း၊ အဲဒီထဲမှာ စပါးလုံးတွေ၊ သဲတွေနဲ့။ ကန်ဇွန်းရွက်လို ဟာမျိုးကို ရေလုံပြုတ်ပြီးတော့မှ တခါတလေ ပိုးဟပ်လို၊ တီကောင်လိုမျိုး ပါလာတတ်တယ်။

နောက် ထစ်ကနဲရှိရင် ရိုက်မယ်၊ နှက်မယ်၊ ပုံစံထိုင်းခိုင်းမယ်။ လက်အုပ်ချီခိုင်းမယ်။ လူတွေရဲ့ တန်ဖိုးတွေကို ရိုက်ချိုးနေတာပါ။ ရည်ရွယ်ချက်ရှိရှိနဲ့ ထောင်ဝါဒါတွေကို လေ့ကျင့်ပေးထားသလားလို့တောင် ယူဆရပါတယ်။ ဒါတွေဟာ အစိုးရရဲ့ ပေါ်လစီတွေကို ထင်ဟပ်နေတာပါ။ တကယ်ယဉ်ကျေးတဲ့ အစိုးရ၊ ဒီမိုကရက်တစ် အစိုးရဆိုရင် ထောင်ထဲမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခွင့်ပြုစရာ မရှိပါဘူး။

---------------------------------------------------------------


ဒေါ်ခင်ဥမ္မာ
(လက်မှတ်စုဆောင်းရေး လှုပ်ရှားမှု ပြောခွင့်ရှိသူ၊ FDB နိုင်ငံခြားရေးကော်မတီ အတွင်းရေးမှူး)

မြန်မာနိုင်ငံအရေးကို ဘန်ကီမွန်းအနေနဲ့ personal priority (ပုဂ္ဂိုလ်ရေးအရ ဦးစားပေးမှု) အဖြစ် သဘောထားပြီး လုပ်ဆောင်ဖို့ တိုက်တွန်းတာက ဘယ်လို သဘောမျိုးလဲဗျာ။

ကျမတို့က အထွေထွေ အတွင်းရေးမှူးချုပ်ကို မြန်မာပြည်အရေးကို သူ့ရဲ့ ကိုင်တွယ်ဖြေရှင်းမှုက သာမန်လုပ်ရိုးလုပ်စဉ်မျိုး မဟုတ်ဘဲ သူကိုယ်၌က အချိန်ပိုပေးပြီး စိုက်လိုက်မတ်တပ် ဦးဆောင်ဖြေရှင်းပေးရမယ်ပေါ့နော်။ နိုင်ငံရာကျော်ထဲက နိုင်ငံတခု ကိစ္စကို ဖြေရှင်းတယ်ဆိုတဲ့ သာမန်သဘောမျိုး မထားဘဲနဲ့ ထိထိရောက်ရောက် အစီစဉ်တကျ ဖြေရှင်းပေးဖို့ပေါ့။ ရွှေဝါရောင်တုန်းက ကြည့်မလား၊ နာဂစ်မှာ ကြည့်မလား၊ အခုတခါ ဒေါ်အောင်ဆန်းစုကြည်ကို မတရားထပ်ပြီးတော့ ဖမ်းဆီးချုပ်နှောင်ဖို့ လုပ်နေတဲ့ကိစ္စတွေ ဒါတွေကို ထပ်ပြီးတော့ သူတို့ မျက်ကွယ်ပြုမယ်ဆိုရင်တော့ ကုလသမဂ္ဂရဲ့ တည်ရှိမှု၊ ရပ်တည်မှုဟာ လမ်းမမှန်တော့ဘူးပေါ့။ ဒါကြောင့်မို့လို့ ဘန်ကီမွန်းဟာ ရှေ့ကနေဦးဆောင်ပြီး ဒါကို လုပ်ပေးရတော့မယ်လို့ ပြောတာပါ။

လုံခြုံရေးကောင်စီတို့၊ ညီလာခံတို့ မပါပဲ သူတဦးတည်း ဆုံးဖြတ်ပြီး လုပ်လို့ရမယ်လို့ရော ယူဆပါသလားဗျာ။

အထွေထွေ အတွင်းရေးမှူးချုပ် တယောက်အနေနဲ့ သူ စတင်ဦးဆောင်ပြီးတော့မှ တွေ့ဆုံဆွေးနွေးတာတို့ ဘာတို့ လုပ်လို့ရတာတွေ ရှိတယ်။ သူကိုယ်၌က အာရုံစူးစိုက်ပြီးတော့ ဦးဆောင်လုပ်ရမှာဖြစ်တယ်။ သူ ဦးဆောင်ပြီး လုပ်တယ်ဆိုရင် လုံခြုံရေး ကောင်စီထဲမှာ permanent ၅ နိုင်ငံထဲမှာကြည့်ရင် ၃ နိုင်ငံက မြန်မာနိုင်ငံအရေးကို ထောက်ခံတဲ့ နိုင်ငံတွေ ဖြစ်ပြီးသား၊ တရုတ်နဲ့ ရုရှကလွဲရင်။ မြန်မာပြည်အရေးကို ပြောချင်တဲ့လူက ပြော၊ နားထောင်ချင်တဲ့လူက နားထောင်၊ ပြီးရင် ထပြန်ဆိုတဲ့ အဆင့်ထက် ကျော်ရမယ်။ အာဆီယံက တမျိုးပြောလိုက်၊ အီးယူက တမျိုးပြောလိုက်၊ ယူအက်စ်က တခုလုပ်လိုက် ဒါမျိုး လုပ်နေလို့ မရတော့ဘူး။ ဒါမျိုးလုပ်ရင် နအဖ အကျိုးအတွက်ပဲ ဖြစ်သွားမယ်လေ။ ဒါတွေအားလုံးကို စုစည်းပေးနိုင်တာက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးပဲ။ သူ ဦးဆောင်ပြီး လုပ်မယ်ဆိုရင် ရတယ်ဆိုတာကို ပြောတာပေါ့။ ဒါပေမယ့် သူတယောက်တည်း ဆုံးဖြတ်ပြီး လုပ်လို့တော့ ဘယ်ရမလဲ။ ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံအရေး အခု ကြိုးစားနေချက်ဟာ မလုံလောက်သေးဘူး။ မထိရောက်သေးဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို နအဖ စစ်ဗိုလ်ချုပ်တွေက အခုလို မတရားတဲ့ နည်းအမျိုးအမျိုးနဲ့ ဖမ်းဆီးဖို့ ကြိုးစားနေတယ်လို့ ပြောနေကြတော့ ဘာကြောင့် ဒီလို ကြိုးစားနေတာလဲ။ သူတို့ထက် သာနေတာတွေများ ရှိနေလို့လား ခင်ဗျာ။

ဒေါ်အောင်ဆန်းစုကြည်မှာ နအဖထက် သာတာတွေဟာ ရေတွက်လို့တောင် မရဘူး။ သူ့ရဲ့ ရိုးသားဖြူစင်မှု၊ မှန်ကန်မှု၊ ဖြောင့်မတ်မှု၊ ပြည်သူအတွက် အနစ်နာခံမှု၊ တိုင်းပြည်ကို မှန်ကန်တဲ့ ငြိမ်းချမ်းရေးရဖို့၊ ပြန်လည်သင့်မြတ်ရေးရဖို့။ တဆက်တည်းမှာ ပြည်သူက သူ့အပေါ် ယုံကြည်မှု၊ ၈၈ မှာ ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့ရှေ့မှာ စရောက်တုန်းကတော့ ဗိုလ်ချုပ်အောင်ဆန်းသမီး ဆိုတဲ့ဟာမျိုး ရှိမှာပေါ့။ တကယ်တမ်းက အဲဒီအဆင့်ကို ဒေါ်အောင်ဆန်းစုကြည်က အများကြီး ကျော်ဖြတ်ပြီးသွားပြီ။ အဲဒါတွေက နအဖထက်သာတဲ့ အချက်တွေဖြစ်သွားပြီ။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ အသေမုန်းတာပေါ့။ ( မဇ္ဈိမ )

မေ ၂၆ သတင်းများ

ဦးဥာဏ်ဝင်းနှင့် ဆက်သွယ် မေးမြန်းချက်
အင်္ဂါနေ့၊ မေလ 26 2009 18:35 - မြန်မာစံတော်ချိန်

“ပုဒ်မ ၁ဝ(ခ)ကို ရုပ်သိမ်းလိုက်တာ ဟုတ်ပါတယ်။ နေအိမ် အကျယ်ချုပ်ဆိုတာ မရှိတော့ဘူး။ ဘာတွေ သက်ရောက်လာနိုင်မလဲ ပြောလို့ရှိရင် နိုင်ငံတော် ဖျက်ဆီး နှောက်ယှက်ဖျက်ဆီးလိုသူ ဥပဒေအရတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတာ မရှိတော့ဘူး ပြောလို့ ရသွားတယ်ပေါ့။”

“သူ့ကြေညာချက်အရ သူကိုယ်တိုင်က အကျဉ်းကျနေတယ်။ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်များနှင့် တရားဥပဒေရဲ့ အကာအကွယ် မရခဲ့ဘူး။ တရားဥပဒေရဲ့ ညှာတာမှုကိုလည်း မရခဲ့ဘူး။ ထောင်ကို နှစ်ရှည် ချခံနေရသူဖြစ်လို့ ဒီလိုအချိန်မှာ သူ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခြားတစုံတဦး ဒုက္ခရောက်အောင် တွန်းပို့တဲ့ အလုပ်ကို နိုင်ငံရေး ယုံကြည်ချက်ကြောင့် မလုပ်နိုင်ပါဘူးလို့ အဲဒီ ကြေငြာချက် ဖော်ပြထားပါတယ်။”
------------------------------


ဒေါ်အောင်ဆန်းစုကြည်နှင့် ဧည့်သည်များ
အင်္ဂါနေ့၊ မေလ 26 2009 16:25 - မြန်မာစံတော်ချိန်

ခရမ်းရောင် ဝမ်းဆက်ကို ဝတ်ဆင်ထားသော ဒေါ်အောင်ဆန်းစုကြည်သည် မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်တွင် တရားရုံးသို့ ရောက်ရှိလာခဲ့သည်။

တရားရုံးအတွင်း ဝင်ရောက်လာပြီးနောက် သူ၏ ရှေ့နေ ဦးဥာဏ်ဝင်းက ပေးအပ်သော စာတစောင်ကို မျက်မှန်ထုတ်ကာ ဖတ်နေခဲ့သည်။ စာဖတ်အပြီး သံတမန်များကို နှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။

သံတမန်များ အပါအဝင် ဖိတ်ကြားထားသူများက ဒေါ်အောင်ဆန်းစုကြည် ဝင်လာချိန်မှသည် ထိုင်သွားသည်အထိ မတ်တပ်ရပ် ဂုဏ်ပြုခဲ့ကြသည်။

တရားရုံးအတွင်း ရှိနေသော လုံခြုံရေးများက “ထိုင်ကြပါ ထိုင်ကြပါ” ဟု တိုက်တွန်းခဲ့ကြသည်။

ထို့နောက် တရားခွင်ကို မွန်းလွဲ ၁ နာရီ ၅ မိနစ်တွင် စတင်ခဲ့သည်။
------------------------------


ဒေါ်အောင်ဆန်းစုကြည် ထွက်ဆိုချက် အကျဉ်း
အင်္ဂါနေ့၊ မေလ 26 2009 16:00 - မြန်မာစံတော်ချိန်

ယနေ့ မွန်းလွဲတွင် ပြုလုပ်သော တရားခွင်တွင် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင်ထွက်ဆိုခဲ့ပုံကို အကျဉ်းချုပ် ပြန်လည် တင်ပြလိုက်ရပါသည်။

သူနှင့်အတူ ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမတို့ အတူနေထိုင်ကြောင်းနှင့် သူ့အပေါ်ကို ကန့်သတ်မိန့် ထုတ်ပြန်ထားကြောင်း အစချီကာ အမေရိကန် နိုင်ငံသား ဂျွန်ယက်တော ရောက်ရှိလာခြင်းကို မည်သို့မည်ပုံ သိရှိရကြောင်းနှင့် ခေတ္တခိုလှုံခွင့် ပေးခဲ့ကြောင်း၊ လက်ခံ စကားပြောခဲ့ကြောင်း ထွက်ဆိုသွားသည်။

မစ္စတာယက်တော ကျန်ခဲ့သည်ဆိုသော ပစ္စည်းများနှင့် ပတ်သက်၍ တမင်ချန်ရစ်ခဲ့သည်လား၊ ကျန်ရစ်ခဲ့ခြင်းလား မသိကြောင်း၊ မေလ ၅ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်နှင့် ၁၂ နာရီအကြား မစ္စတာယက်တော ပြန်ထွက်သွားသည် ထင်ကြောင်းလည်း ဆက်လက် ပြောကြားသွားသည်။

ရေကန်ဘက် ထွက်သွားသည်ကို တွေ့မြင်ကြောင်းနှင့် မှောင်နေသည့်အတွက် မည်သည့်ဘက်ကို ထွက်သွားသည်ကို မသိဟု ထွက်ဆိုခဲ့သည်။

ထို့နောက် မစ္စတာယက်တော ရောက်လာချိန်ကော ပြန်သွားချိန်မှာပါ နေအိမ်ခြံဝင်းအတွင်း လုံခြုံရေးများ ရှိမနေကြောင်းနှင့် မစ္စတာ ယက်တော အနေဖြင့် ဓာတ်ပုံ ရိုက်ကူးသွားခြင်းကို မသိရှိကြောင်း၊ ရုံးတော်ရောက်မှသာ သိရှိကြောင်း ထွက်ဆိုသွားခဲ့သည်။
------------------------------


ယနေ့ တရားခွင် ပြီးဆုံး
အင်္ဂါနေ့၊ မေလ 26 2009 14:55 - မြန်မာစံတော်ချိန်

မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ၊ သံတမန်များနှင့် သတင်းထောက်များ အင်းစိန် အကျဉ်းထောင်ထဲမှ ပြန်လည် ထွက်လာကြပြီ ဖြစ်သည်။
------------------------------


ဦးဝင်းတင် (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်) နှင့် ဆက်သွယ် မေးမြန်းချက်
အင်္ဂါနေ့၊ မေလ 26 2009 13:45 - မြန်မာစံတော်ချိန်

“ကျနော့်အထင်ကတော့ ဒေါ်စုက ဒီနေ့ ကိုယ်တိုင်စစ်ခံမှာလေ။ ကိုယ်တိုင်စစ်ဆိုတဲ့ သဘောက ဒီလိုဗျာ၊ သက်သေနဲ့ အစစ်ခံမယ်ဆိုရင် Cross Questions ဟိုမေး ဒီမေးလုပ်မယ်ကွာ။ တရားသူကြီးက အစစ်ခံချက်တွေကို အကိုးအကား ပြုတယ်ပေါ့ကွာ။ ကိုင်တိုင်စစ်ဆိုတဲ့ ကိုယ့်ဆန္ဒအတိုင်း ထင်မြင်သမျှ ပြောတာက ကိုယ်တိုင်စစ် ခေါ်တယ်။ အဲဒီ ကိုယ်တိုင်စစ်က Cross Questions မမေးတော့ဘူး။ သို့သော် တရားသူကြီးက တရားစီရင်တဲ့အခါမှာ အဲဒါကို ထည့်မစဉ်းစားဘူး။ မှတ်တမ်းထဲမှာ ထည့်တာပဲ ရှိတယ်”

“အဲဒီတော့ ကျနော်တို့က ဒေါ်စုကို ကိုယ်တိုင်စစ် လုပ်မယ်။ သက်သေစစ် အစစ်မခံတော့ဘူး။ တရားသူကြီးက ထည့်စဉ်းစားတာတော့ သိပ်မစဉ်းစားတော့ဘူး။ သူတို့က ထောင်ချမှာပဲ။ အဲဒါကြောင့် ကျနော်ထင်တယ်၊ သံတမန်နဲ့ သတင်းထောက်တွေကို ခေါ်ပြတာက ဒေါ်စုက ဘာမှ ပြောခွင့်ဆိုခွင့် မရှိတာ မဟုတ်ဘူး၊ ရေငုံနုတ်ပိတ် နေရတာ မဟုတ်ဘူး၊ ပြောဆိုနေတာ မြင်တယ်မဟုတ်လားဆိုတဲ့ သဘောမျိုးပဲ။ သံတမန်တွေက အရင်တပတ်ကလည်း ဒေါ်စုဟာ ဖြတ်ဖြတ်လတ်လတ်နဲ့ သန်စွမ်းနေတယ်။ သူတို့ ပြောချင်တာကို ကမ္ဘာကို ပြောနေတယ်။ ဒေါ်စုက မကျန်းမာဘူး ပြောနေချိန်မှာ ဒီလိုမကျန်းမာတဲ့ လူတယောက်ကို ဒီလို အပြစ်စွဲတင်နေတာဟာ မသင့်တော်ဘူး ပြောနေတဲ့တချိန်မှာ ဟောဒီမှာကြည့် ဒေါ်စုဟာ ဖြတ်ဖြတ်လတ်လတ် ရှိနေတယ်ဆိုတာ တခုထဲ သက်သက်ပဲ။ ဒီနေ့ သတင်းထောက်တွေ သံတမန်တွေ ဝင်ခွင့်ပြုတာ၊ ဒါပဲ။”
------------------------------


တရားရုံးတွင်းသို့ ဝင်ရောက်
အင်္ဂါနေ့၊ မေလ 26 2009 13:20 - မြန်မာစံတော်ချိန်

သံတမန်များနှင့် ပြည်တွင်းပြည်ပ သတင်းထောက်များ အင်းစိန် အကျဉ်းထောင်တွင်းရှိ အထူး တရားရုံး အတွင်းသို့ ဝင်ရောက်သွားကြပြီ ဖြစ်သည်။

သက်သေစာရင်း တင်ထားသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် ဦးဝင်းတင်မှာ ယနေ့တွင် တရားရုံးသို့ ဝင်ရောက်ခွင့် မရသေးပါ။

“သူတို့ တရားရုံးကနေ သမ္မာန်စာပို့မှ မနက်ဖြန်မှ ထွက်ဆိုရမယ်။ ဘာလို့လဲဆိုတော့ တရားသူကြီးက လက်ခံရင် အိမ်ကို သမန်စာပို့မယ် အဲဒီအချိန်ကျမှ အထဲသွားရမှာဘဲ။” ဟု ဦးဝင်းတင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသော အနေဖြင့် အင်းစိန်ဈေးအနီး လာရောက် စောင့်ဆိုင်းနေကြသူ နှစ်ရာကျော် ရောက်ရှိနေကြပြီ ဖြစ်သည်။

“ဒီနေ့ထိ ပိတ်ထားတာကတော့ ပုံမှန်ပဲ။ လုံခြုံရေးက ထပ်ချထားတယ်။ အရင်နေ့ထက်ပို များတယ်။ ဈေးထိပ်အကုန်လုံး ပတ်ပတ်လည် ကာထားတယ်။ ဈေးအပေါ်ထပ်တွေမှာရော အများကြီးပဲ။ အရင်နေ့က နှစ်ယောက်လောက်ဘဲ ရှိတာ။ ဒီနေ့တော့ တနေရာမှာ ၄ ယောက်တတွဲ လုပ်ထားတယ်။”
------------------------------


စစ်အစိုးရ၏ သဘောထားကို သိစေချင်
အင်္ဂါနေ့၊ မေလ 26 2009 10:50 - မြန်မာစံတော်ချိန်

ရဲချုပ်ခင်ရီက ယနေ့သတင်းစာ ရှင်းလင်းပွဲသည် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် မြန်မာစစ်အစိုးရ အနေဖြင့် စဉ်းစားခဲ့ကြောင်းကို သိစေချင်၍ ခေါ်ယူကာ ရှင်းလင်း ပြောပြရခြင်းဖြစ်ကြောင်း ထဲ့သွင်း ပြောဆိုသွားခဲ့သည်။

၁၅ မိနစ်ကြာ ရှင်းလင်းပွဲသို့ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများအနက် ဦးလှမျိုးမြင့်သာ တက်ရောက်ပြီး ကျန်သူများဖြစ်သော ဦးဥာဏ်ဝင်း၊ ဦးကြည်ဝင်းတို့ တက်ရောက်ခြင်း မရှိခဲ့ပေ။
------------------------------

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်ကို ၆ လတိုးနိုင်ဟု ရဲက ပြော
အင်္ဂါနေ့၊ မေလ 26 2009 10:21 - မြန်မာစံတော်ချိန်

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်သက်တမ်းကို ၆ လတိုးမြှင့်ခွင့်ရှိကြောင်း အင်းစိန်အကျဉ်းထောင်ထဲတွင် ယနေ့နံနက် သတင်းစာရှင်းလင်းပွဲတွင် ရဲအရာရှိက ပြောကြားသွားသည်။

မေလ ၂၇ ရက်နေ့တွင် ပြည့်မည့် နေအိမ်အကျယ်ချုပ်သက်တမ်းကို နိုဝင်ဘာလ ၂ဝဝ၉ အထိ တိုးမြှင့်၍ ရကြောင်းနှင့် အာဏာပိုင်များက တိုးမြှင့်သင့်၊ မသင့် စဉ်းစားနေခိုက်တွင် အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ယက်တော အမှု ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု သံတမန်များနှင့် သတင်းထောက်များကို သတင်းရဲတပ်ဖွဲ့မှ သတင်းတပ်ဖွဲ့မှုး မြင့်သိန်းက ပြောကြားသွားသည်။

သတင်းစာရှင်းလင်းပွဲသို့ ရဲချုပ် ခင်ရီလည်း တက်ရောက်ခဲ့ပြီး သံတမန် ၂၉ ဦး၊ နိုင်ငံခြားသတင်းထောက် ၁၅ ဦး၊ ပြည်တွင်းသတင်းထောက် ၁ဝ ဦးတို့ တက်ရောက်ခွင့်ရခဲ့သည်။

နေ့လည် ၁၂ နာရီ ၃ဝ မိနစ်တွင် တရားခွင် ရုံးထုတ်ခြင်း ပြန်လည်စတင်မှာဖြစ်သည်။ ( မဇ္စျိမ )
------------------------------

ဒေါ်အောင်ဆန်းစုကြည် အပြစ်မရှိကြောင်း ရုံးတော်မှာ ထွက်ဆို

တားမြစ်ချက်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန် အင်းစိန်ထောင်ထဲက
အထူးတရားခွင်မှာ တရားစွဲဆိုခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ဟာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်လို့ ဒီကနေ့ ကိုယ်တိုင်
ထွက်ဆိုပြီးတော့ သူ့မှာ အပြစ်မရှိကြောင်း ချေပလိုက်တယ်လို့ ဥပဒေအကျိုးဆောင်
တွေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရားခွင်မှာ ထွက်ဆိုတဲ့
ဒီကနေ့မှာတော့ သံတမန်တွေနဲ့ စာနယ်ဇင်းသမားတချို့လည်း တက်ရောက်ကြားနာခွင့်
ရခဲ့ကြပါတယ်။ တရားခွင်က နောက်ဆုံးအခြေအနေတွေကို စောင့်ကြည့်နေတဲ့
ကိုအောင်လွင်ဦးက အကြောင်းစုံကို တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အပေါ်ချမှတ်ထားတဲ့ တားဆီးကန့်သတ်မိန့်ကို
ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ဆေးမေးမြန်းတာတွေ ခံနေရတဲ့ တရားခွင်မှာ
အပြစ်မရှိကြောင်း ကိုယ်တိုင် ခုခံချေပလိုက်တာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်
ခြံဝင်းထဲကို တိတ်တဆိတ် ရေကူးဝင်ရောက်ခဲ့တယ်ဆိုတဲ့ အမေရိကန်နိုင်ငံသား
ဂျွန် ၀ီလျမ် ယက်ထော (John William Yettaw) နဲ့ ဆက်စပ်ပတ်သက်ပြီး စွပ်စွဲခံနေ
ရတဲ့ကိစ္စနဲ့ ပတ်သက်လို့ သူ့မှာ တာဝန်မရှိသလို စာနာစိတ်နဲ့သာ ကူညီခဲ့တာမို့ အပြစ်
မရှိကြောင်း ဖော်ပြထားတဲ့ ရေးသားချက်ကို ရုံးတော်ကို တင်ပြခဲ့တာလို့ သူ့ရဲ့ ဥပဒေ
အကျိုးဆောင်တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပြပါတယ်။
[ ဆက်ဖတ်ရန် +/- ]

“သူ့ရဲ့ ခုခံချေပချက်က အခုဖြစ်ပျက်သွားတာ အားလုံးသိပြီးသားလေ၊ အဲတော့
မစ္စတာယက်ထောကို နေရာထိုင်ခင်းပေးတယ်တို့၊ အစားအသောက် ကျွေးတယ်တို့၊
ဒေါ်အောင်ဆန်းစုကြည်ပြောတာက ခေတ္တ နေထိုင်ခွင့်ပြုခဲ့တယ်။ ဘာကြောင့်လဲ
ဆိုတော့ မစ္စတာယက်ထောက အဲဒီနေ့မနက် ၅ နာရီကျော်မှ ဒေါ်အောင်ဆန်းစုကြည်နဲ့
တွေ့တယ်။ အလင်းရောင်ကလာပြီ။ သူ အခုသွားရင် အဖမ်းခံရမယ်။ ဒါကြောင့် သူ့ကို
ကူညီပါ၊ ခေတ္တနေခွင့်ပြုပါလို့ ခွင့်တောင်းလို့ ခေတ္တခွင့်ပြုခဲ့တယ်။

“ဒီလို ခေတ္တခွင့်ပြုပြီး သက်ဆိုင်ရာကို ဘာကြောင့် အကြောင်းမကြားလဲ၊ အကြောင်း
မကြားလို့ ဘာညာဆိုပြီး အစိုးရဘက်က စွပ်စွဲတယ်။ ဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်း
စုကြည်ပြောတာက သူ့အနေနဲ့ သူကိုယ်တိုင် အကျဉ်းကျခံနေရတယ်။ သူ့ရဲ့ လုပ်ဖော်
ကိုင်ဘက်များဟာလည်း တရားဥပဒေရဲ့ အကာအကွယ်မရဘူး၊ တရားဥပဒေရဲ့
သက်ညှာမှုလည်း မရဘဲနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံနေရတယ်။ ဒီလိုအချိန်အခါ
မျိုးမှာ မိမိကြောင့် တခြားလူတဦး ဒုက္ခရောက်မယ့် တွန်းပို့မှုမျိုးကို သူ နိုင်ငံရေး
ယုံကြည်ချက်ကြောင့် မလုပ်နိုင်ပါဘူးလို့ အဲဒီလို Statement မှာ ဖော်ပြပါတယ်။

“အာဏာပိုင်တွေကို ၇ ရက်နေ့မှာ အကြောင်းကြားဖို့ သူရည်ရွယ်ထားတယ်။ ပထမ
တကြိမ်တုန်းကလည်း ဒေါက်တာတင်မျိုးဝင်း ၀င်တဲ့အချိန်မှာ သူ အကြောင်းကြားခဲ့
တယ်။ အခုလည်း ဒေါက်တာတင်မျိုးဝင်းဝင်မယ့် မေလ ၇ ရက်နေ့မှာ အကြောင်းကြား
ဖို့ ရည်ရွယ်ထားတယ်။ သို့သော်လည်း အာဏာပိုင်တွေက ဒေါက်တာတင်မျိုးဝင်းကို
ဝင်ခွင့်မပြုတော့၊ သူ့ဆီကို မရောက်လာတော့ သူ ဒါကို ဆောင်ရွက်ခွင့်မရဘူးလို့လည်း
ရှင်းပြထားပါတယ်။”

ဒီလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရားခွင်မှာ ထွက်ဆိုမယ့်နေ့မှာတော့ မြန်မာ
စစ်အစိုးရ အာဏာပိုင်တွေဘက်က ရန်ကုန်အခြေစိုက် သံတမန်တွေနဲ့ စာနယ်ဇင်း
သမားတချို့ကို ဖိတ်ကြားပြီး သတင်းစာရှင်းလင်းပွဲတခု လုပ်ခဲ့သလို တရားခွင်ကိုလည်း
ဝင်ရောက်လေ့လာခွင့် ပေးခဲ့ပါတယ်။

မနက်အစောပိုင်းလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်းမှာတော့ ဥပဒေထက်ကျော်လွန်
လုပ်ဆောင်ထားတယ်ဆိုပြီး အများက ဝေဖန်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်
ဖမ်းဆီးထိန်းသိမ်းထားတဲ့အမိန့်နဲ့ ပတ်သက်လို့ ရဲမှူးချုပ်မြင့်သိန်းက ခုခံပြောဆိုခဲ့တာပါ။
တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းထားရမယ့် အချိန်ထက်တောင် စောပြီး
လွှတ်ပေးဖို့ အစီအစဉ် ရှိနှင့်နေတာလို့လည်း အသင့်ရေးထားတဲ့ ကြေညာချက်ကို
ဖတ်ပြသွားခဲ့တဲ့အကြောင်း အဲဒီကိုရောက်သွားတဲ့ စာနယ်ဇင်းသမားတွေက ပြောပါ
တယ်။

ဒီလိုပဲ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ဒေါ်အောင်ဆန်းစုကြည်အပေါ် ကန့်သတ်ထားတဲ့
ဥပဒေကို ပယ်ဖျက်လိုက်တဲ့အကြောင်း သူ့ရဲ့ရှေ့နေတွေရှေ့မှောက် ထောင်တွင်းမှာ
အကြောင်းကြားခဲ့တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကျနော်တို့ မနက် ၁၀ နာရီခွဲလောက် ဒီမှာ အချိန်နည်းနည်းလေးလွဲမယ်၊ ကျနော်
ရောက်သွားတဲ့အချိန်မှာ သတင်းတပ်ဖွဲ့က ကျနော်ရယ်၊ ရှေ့နေ ဦးလှမျိုးမြင့်ရယ်၊
ဒေါ်ခင်ဌေးကြွယ်ရယ်ကို ကားနဲ့တင်ပြီး ဒေါ်အောင်ဆန်းစုကြည် ယခုလက်ရှိ နေထိုင်
ခွင့်ရှိနေတဲ့ အကျဉ်းထောင်ဝင်းထဲက နေအိမ်ကို ခေါ်သွားပါတယ်။ နေအိမ်ရောက်တော့
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပါတယ်။ ဧည့်ခန်းမှာ ထိုင်ပါတယ်။ သူတို့ လုံခြုံရေးတွေ
လည်း အများကြီးပါ။ အဲဒီမှာ လူကြီးတဦးလာမယ်၊ ဘယ်သူလဲဆိုတာတော့ မသိဘူး
ပေါ့။

“နောက် ရောက်လာတော့ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ၊ နောက် သတင်းတပ်ဖွဲ့မှူး ရဲမှူးချုပ်
ဦးမြင့်သိန်း၊ သူတို့နှစ်ယောက် ရောက်လာပါတယ်။ ရောက်လာပြီးတော့
ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ၁၀(ခ) အရ ချမှတ်ထားတဲ့ တားဆီးမိန့်ကို ရုပ်သိမ်း
ကြောင်းနဲ့ ဒီအမိန့်စာကို ရဲမှူးချုပ်မြင့်သိန်းက ဖတ်ပြပါတယ်။ ဖတ်ပြပြီးတော့
ဒေါ်အောင်ဆန်းစုကြည်ကို ကော်ပီတစုံပေးပါတယ်။ သို့သော် ကျနော်တို့ Mention
လုပ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ၁၄ ရက်နေ့ တရားစွဲတဲ့အချိန်ကစပြီးတော့
ဒီဟာကို ရပ်စဲတယ်လို့ ဖြစ်သင့်ပါတယ်ဆိုတဲ့ အကြောင်းကိုတော့ ဒေါ်အောင်ဆန်း
စုကြည်ရဲ့ Instruction အရ ကျနော် ပြောခဲ့ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး အခုလို အကျဉ်းထောင်တွင်း တရားရုံးတင်
စစ်ဆေးတာတွေကို နေ့စဉ်ရက်ဆက်ဆိုသလို လုပ်ဆောင်နေတာမို့ အခုတရားခွင်ကို
အာဏာပိုင်တွေဘက်က အဆောတလျင် ပြီးပြတ်လိုတဲ့သဘော ရှိနေတယ်လို့လည်း
တွက်ဆနေကြပါတယ်။ ဒီနေရာမှာလည်း နေအိမ်အကျယ်ချုပ် သက်တမ်းစေ့တော့မှာ
ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဆက်လက်ထိန်းသိမ်းလိုတဲ့ ရည်ရွယ်ချက်တွေ
ရှိနေတယ်လို့လည်း ယူဆနေကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) ပါတီ ပြောခွင့်ရသူတဦးဖြစ်တဲ့ ဒေါက်တာဝင်းနိုင်ကလည်း
ဒီလိုယူဆစရာအကြောင်းတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“ယူဆမယ်ဆိုရင်တော့ ယူဆစရာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ၁၀(ခ) က တကယ်
ဆိုရင် တခြားပြစ်မှုတခုခုနဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်ကို ဖမ်းဆီးတရားစွဲဆိုမယ်ဆိုရင် ၁၀(ခ)
က ပုဒ်မ ၄၃ အရ အလိုအလျောက် ပျက်ပြယ်တယ်လေ။ အဲတော့ ဘာပဲဖြစ်ဖြစ် ၁၀(ခ)
ကို ဖျက်ပြီးတော့ ဒီအမှုကို သူတို့ အခိုင်အမာတည်ဆောက်ဖို့ စွဲချက်တင်လိုက်ပြီ
ဆိုတော့ ဘာပဲပြောပြော ဒီအမှုနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တနည်း
မဟုတ်တနည်း အပြစ်ပေးနိုင်ဖို့ စနေပြီလို့ ယူဆလို့ရပါတယ်။”

ရန်ကုန် အင်းစိန်ထောင်တွင်း အထူးတရားခွင်မှာ အခုလို ကြားနာစစ်ဆေးတာတွေ
လုပ်ဆောင်နေချိန်မှာတော့ ထောင်အနီးအနား ပတ်ဝန်းကျင်မှာ လုံခြုံရေးတွေကို
ဆက်ပြီး တင်းတင်းကျပ်ကျပ် ချထားဆဲဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ
အားပေးသူတွေကလည်း အကဲခတ်ဖို့ စောင့်ဆိုင်းရောက်ရှိလာကြတုန်းပါ။

နေ့စဉ်ရက်ဆက်ဆိုသလို အင်းစိန်ထောင်အနီးကို သွားနေတဲ့ အန်န်အယ်လ်ဒီပါတီ
အတွင်းရေးမှူး ဦးဝင်းတင်အပြင် ဒီကနေ့မှာတော့ တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်
တွေဖြစ်ကြတဲ့ ဇိုမီးအမျိုးသားကွန်ဂရက်က ဦးကျင့်ရှင်းထန်၊ ရခိုင်အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်က ဦးအေးသာအောင် စတဲ့သူတွေလည်း ရောက်လာကြတယ်လို့ ကိုယ်တိုင်
တွေ့ခဲ့သူတွေက ပြောပြကြပါတယ်။ ( ဗွီအိုအေ )

Tuesday, May 26, 2009

မြန်မာ့အရေး ကြားဝင်စေ့စပ်ပေးလိုဟု တောင်အာဖရိက ကမ်းလှမ်း

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ တကမ္ဘာလုံးက
တောင်းဆိုနေကြတဲ့အထဲ တောင်အာဖရိကနိုင်ငံလည်း ပါဝင်ပါတယ်။
မနေ့ကတော့ တောင်အာဖရိက ဒုတိယနိုင်ငံခြားရေးဝန်ကြီး အီဘရာဟင်မ်
(Mr Ebrahim) ကတောင်အာဖရိကဆိုင်ရာ မြန်မာသံအမတ်ကြီးကို
ခေါ်ယူပြီး မြန်မာနိုင်ငံက အမျိုးသားရင်ကြားစေ့ရေးအတွက် ကြားဝင်ညှိနှိုင်းဖို့
တောင်အာဖရိကအနေနဲ့ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ စေလွှတ်လိုတယ်လို့ အဆိုပြုခဲ့
ပါတယ်။ အကြောင်းစုံကို စုံစမ်းမေးမြန်းပြီးကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

တောင်အာဖရိကနိုင်ငံဟာ ဘက်မလိုက်အုပ်စုဝင် နိုင်ငံ
တနိုင်ငံဖြစ်သလို အရင်တုန်းကဆိုရင် ကုလသမဂ္ဂ
လုံခြုံရေးကောင်စီ မြန်မာ့အရေး ဆွေးနွေးပွဲတွေမှာ မြန်မာစစ်အစိုးရဘက်က ရှိခဲ့တဲ့
ဆုံးဖြတ်ချက်တွေကို ကန့်ကွက်ခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့
ဒေါ်အောင်ဆန်းစုကြည်ကို ထပ်မံဖမ်းဆီးတဲ့အပေါ် စိုးရိမ်မိကြောင်းနဲ့ ဒေါ်အောင်ဆန်း
စုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်အာဖရိက အစိုးရသစ်ရဲ့ နိုင်ငံခြားရေးဌာန
က တရားဝင်ထုတ်ပြန်သလို မနေ့ကဆိုရင် မြန်မာသံအမတ်ကြီးကို ခေါ်ယူပြီး ဒုတိယ
ဝန်ကြီး အီဘရာဟင်မ်ကိုယ်တိုင် ဆွေးနွေးပြောဆိုတာတွေ ရှိခဲ့ပါတယ်။ လက်ရှိ
တောင်အာဖရိကနိုင်ငံ အစိုးရရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒနဲ့ ပတ်သက်လို့
တောင်အာဖရိကအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူ ဒေါက်တာသိန်းဝင်းကို သူ့ရဲ့
သုံးသပ်ချက် မေးကြည့်ပါတယ်။

“အခုလက်ရှိ သံအမတ်အသစ်ရောက်တယ်လို့ ကြားပါတယ်။ အဲဒီသံအမတ် တင်ဦးလွင်
ဆိုတဲ့ပုဂ္ဂိုလ်ကို ဒု-၀န်ကြီးက ခေါ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ
ချက်ချင်းလွှတ်ပေးဖို့ ပြောတယ်။ နောက်တခု ထူးခြားတာကတော့ မြန်မာနိုင်ငံမှာ
စစ်အစိုးရအုပ်ချုပ်မှုကို ရပ်ဆိုင်းပြီး စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို တကယ်
သွားဖို့ တောင်းဆိုတယ်။ နောက်တခု ထူးခြားတာက သံအမတ်ကိုပဲ တောင်အာဖရိက
အနေနဲ့ အဖွဲ့တဖွဲ့ မြန်မာနိုင်ငံကို စေလွှတ်ပြီး စေ့စပ်ဆွေးနွေးရေးလုပ်ဖို့ တောင်းဆို
တာကို ဒီနေ့ပဲ ဒု-၀န်ကြီးက ထုတ်ပြန်တာကို ကြားသိရပါတယ်။”

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပြဿနာတွေကို ညှိနှိုင်းပေးဖို့အတွက် ကိုယ်စားလှယ်အဖွဲ့
တဖွဲ့ စေလွှတ်ဖို့ အဆိုပြုတယ်ဆိုတာ ဘယ်အဆင့်မျိုးလဲ၊ အစိုးရအဆင့်လား၊
နိုင်ငံတကာအဆင့်လား။

“ဒါကိုတော့ ကျနော်တို့လည်း မသိပါဘူး။ သူကနေပြီး တောင်းဆိုတယ်ပေါ့၊ ပြောရရင်
တော့ ဒါ နအဖကို ကမ်းလှမ်းလိုက်တာပါပဲ၊ နအဖ သံအမတ်ကတဆင့်။ ပြောရရင် အခု
ဒု-၀န်ကြီးဖြစ်တဲ့ မစ္စတာအီဘရာဟင်မ်ဟာ သူ့မှာ အစဉ်အလာလည်း ရှိခဲ့ပါတယ်။
အသားအရောင်ခွဲခြားတဲ့စနစ် ပြီးဆုံးခါနီးမှာ လူဖြူအစိုးရနဲ့ နှစ်ဦးနှစ်ဖက် ဆွေးနွေးတဲ့
အခါ ထိပ်တန်းက ပါဝင်တယ်။ နောက် တောင်အာဖရိကနိုင်ငံ ဒီမိုကရေစီ ပြောင်းသွား
ပြီးတဲ့အခါ အပြည်ပြည်ဆိုင်ရာကိုသွားပြီး ငြိမ်းချမ်းရေးကိစ္စတွေ ဆောင်ရွက်တဲ့ အတွေ့
အကြုံ မစ္စတာအီဘရာဟင်မ်မှာ ရှိပါတယ်။ ဒါကြောင့် သူကိုယ်တိုင်ကလည်း ဒီကိစ္စကို
တော်တော်လေး စိတ်ပါပုံရပါတယ်။”

အရင်တုန်းကတော့ တောင်အာဖရိကနိုင်ငံက မြန်မာ့အရေးကိစ္စမှာ အစိုးရအနေနဲ့
တော်တော်လေး ရှောင်ဖယ်ရှောင်ဖယ် လုပ်လေ့ရှိပါတယ်။ အထူးသဖြင့် လုံခြုံရေး
ကောင်စီမှာ ဆုံးဖြတ်ချက်ချမယ်ဆိုရင် ကန့်ကွက်မဲပေးတဲ့အထိ လုပ်ခဲ့တဲ့အစဉ်အလာ
တွေရှိတော့ အခုလို အစိုးရပိုင်းရဲ့ ရပ်တည်ချက်က တောင်အာဖရိကအစိုးရရဲ့ မြန်မာ
နိုင်ငံအပေါ်ထားတဲ့ မူဝါဒ ပြောင်းလဲသွားတယ်လို့ ပြောလို့ရမလား။

“လုံးဝပြောင်းလဲတယ်လို့ ပြောဖို့တော့ စောပါသေးတယ်၊ စောင့်ကြည့်ရဦးမှာပေါ့။
သို့သော်လည်း အခုအပိုင်းမှာ ပြောင်းလဲမှု တစုံတရာရှိတယ်လို့တော့ ပြောလို့ရပါတယ်။
နောက်တခု သတိချပ်ဖို့ကတော့ အရင်တုန်းက တောင်အာဖရိကနိုင်ငံ အစိုးရရဲ့
နိုင်ငံခြားရေးဝန်ကြီးဌာနပေါ့၊ အင်္ဂလိပ်လို Foreign Affairs လို့ ခေါ်ရာကနေ အခု
လက်ရှိအစိုးရ တက်လာတဲ့အခါ Foreign Affairs ဆိုတဲ့နာမည်ကို ဖျောက်ပြီးတော့
International Relations and Cooperation Ministry လို့ ပြောင်းသွားပါတယ်။
ပြောင်းတဲ့ကိစ္စကိုလည်း သူတို့ ရှင်းပါတယ်။ နိုင်ငံခြားရေးဝါဒတင်မက အပြည်ပြည်
ဆိုင်ရာနဲ့ ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်တယ်ဆိုတဲ့သဘော ပိုပြီးတော့ လိုလားအပ်တဲ့
အခြေအနေလို့ သူတို့ ယူဆတဲ့အတွက် မီဒီယာတွေမှာ ပြောပါတယ်။”

မြန်မာသံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံခဲ့တဲ့ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အီဘရာဟင်မ်
ဟာ တချိန်တုန်းက တောင်အာဖရိကနိုင်ငံ အသားအရောင် ခွဲခြားမှု ဆန့်ကျင်ရေး
လှုပ်ရှားမှုမှာ တက်တက်ကြွကြွ ဦးဆောင်ပါဝင်ခဲ့သူဖြစ်သလို ထောင်ထဲမှာလည်း
နှစ်ရှည်နေခဲ့ရသူပါ။ အသားအရောင် ခွဲခြားမှုတွေကို အဆုံးသတ်ဖို့ လူဖြူအစိုးရနဲ့
အေအန်စီ စေ့စပ်မှုမှာလည်း အဓိကနေရာက ပါဝင်ခဲ့သူဖြစ်ပါတယ်။ ( ဗွီအိုအေ )

ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်ပေးဖို့ မြန်မာစစ်အစိုးရကို EU တောင်းဆို

နေအိမ်အကျယ်ချုပ် ချမှတ်ခံထားရပြီးတော့ ထိန်းသိမ်းကန့်သတ်မိန့်ကို ချိုးဖောက်
တယ်ဆိုပြီး မြန်မာစစ်အစိုးရရဲ့ တရားရုံးတင်စစ်ဆေးမှု ခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေး
အကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့ အာဆမ် ခေါ် အာရှ-ဥရောပ နိုင်ငံများရဲ့
နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်နေကြတဲ့ ဥရောပနိုင်ငံက
ခေါင်းဆောင်တွေက တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြ
ပေးထားပါတယ်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ တနင်္လာနေ့ကစပြီးတော့ ပြုလုပ်တဲ့ နှစ်ရက်ကြာ ဥရောပ
နဲ့ အာရှနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများရဲ့ အာဆမ် အစည်းအဝေးအတွင်း မြောက်ကိုရီး
ယားရဲ့ နျူကလီးယား စမ်းသပ်မှုကိစ္စနဲ့ မြန်မာစစ်အစိုးရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်
တရားစွဲဆို ရုံးတင်စစ်ဆေးမှု လုပ်ရပ်တွေက လွှမ်းမိုးနေပါတယ်။

ရန်ကုန်မြို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ထဲကို အမေရိကန်နိုင်ငံသားတဦး
ကျူးကျော်ဝင်ရောက်ခဲ့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အပေါ်မှာ နေအိမ်
အကျယ်ချုပ်နဲ့ ချမှတ်ထားတဲ့ တားမြစ်မှုတွေကို ချိုးဖောက်တယ်ဆိုပြီး တရားရုံးတင်
စစ်ဆေးမှုတွေ လုပ်နေတဲ့အချိန်မှာ ဒီကိစ္စနဲ့ပတ်သက်လို့ အာရှ-ဥရောပ ခေါင်းဆောင်
များရဲ့ အာဆမ်အစည်းအဝေးအတွင်း ဆွေးနွေးမယ့် အကြောင်းအရာတွေထဲမှာ ရှိနေ
တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့တဲ့ ဥရောပ
နိုင်ငံခြားရေးဝန်ကြီးတွေက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ မြန်မာစစ်အစိုးရကို
တောင်းဆိုခဲ့ပါတယ်။

[ ဆက်ဖတ်ရန် +/- ]

“အခုချိန်မှာ နိုင်ငံတကာ အသိုင်းအ၀ိုင်း တခုလုံးကဒေါ်အောင်ဆန်းစုကြည်နဲ့အတူ
နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ တညီတညွတ်တည်း တောင်းဆိုနေကြပါတယ်။”
လို့ ချက်ရီပတ်ပလစ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး ယန် ကိုးဟောက်(Jan Kohout) က
မြန်မာနိုင်ငံခြားရေးဝန်ကြီးဦးဉာဏ်ဝင်းနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက်မှာ ပြောဆိုခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ သူ့ရဲ့မူဝါဒတွေကို
ပြန်လည်သုံးသပ်မယ်လို့ပြောဆိုခဲ့သလို ဥရောပသမဂ္ဂကလည်း မြန်မာနိုင်ငံအပေါ်
လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေတိုးပေးမယ်လို့ ကြေညာခဲ့ပြီးတဲ့နောက်
တပတ်အကြာမှာပဲ အခုလိုမျိုးမြန်မာစစ်အစိုးရကဒေါ်အောင်ဆန်းစုကြည်ဟာ
သူ့အပေါ်ချမှတ်ထားတဲ့ ကန့်သတ်မိန့်ကို ချိုးဖောက်တယ်ဆိုပြီး တရားရုံးတင်
စစ်ဆေးမှုတွေပြုလုပ်ခဲ့တာပါ။ အပြစ်ရှိတယ်လို့ သက်သေပြနိုင်ရင်
ဒေါ်အောင်ဆန်းစုကြည်ဟာထောင်ဒဏ် ၅ နှစ်ထိ ချခံရဖို့ ရှိနေပါတယ်။
မြန်မာစစ်အစိုးရရဲ့ ဒီလိုအပြုအမူကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာနိုင်ငံအပေါ် အခုထက်ပိုပြီး
ပြင်းထန်တဲ့ အရေးယူဒဏ်ခတ်မှုတွေလုပ်သွားဖို့ ဥရောပသမဂ္ဂ ခေါင်းဆောင်တွေ
ဆွေးနွေးနေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကံကြမ္မာနဲ့ပတ်သက်လို့ ၀ိုင်းဝန်းဖြေရှင်းပေးနိုင်ဖို့ သံတမန်
နည်းတွေကနေတဆင့် တိတ်တဆိတ် ကြိုးပမ်းမှုတွေ ရှိနေတယ်လို့ အရှေ့တောင်အာရှ
နိုင်ငံများအသင်း အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်း ပစ်ဆူဝမ် (Surin Pitsuwan) က
ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့ ပြဿနာကို ကူညီဖြေရှင်းနိုင်ဖို့အတွက် သံတမန်ဆက်ဆံမှုတွေနဲ့
တခြား တိတ်တဆိတ် ဆက်သွယ်မှုတွေကနေတဆင့် ကျနော်တို့ ကြိုးပမ်းဆောင်ရွက်
နေပါတယ်။”

အာဆီယံအသင်းကြီးဟာ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေအပေါ် ဆက်ဆံတာ
သိပ်ပျော့ပျောင်းလွန်းတယ်ဆိုပြီး မကြာခဏဆိုသလို ဝေဖန်ခံနေရတာပါ။ ဒါပေမယ့်
ပြီးခဲ့တဲ့အပတ်အတွင်း မြန်မာစစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်
လူသားဆန်ဆန် ပြုမူဆက်ဆံဖို့ တိုက်တွန်းခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်
ပေးဖို့ကိုလည်း ထပ်မံတောင်းဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အခြေစိုက်တဲ့ ဥရောပသမဂ္ဂ ကော်မရှင်ကလည်း
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးလွှတ်ပေးဖို့ မြန်မာ
စစ်အစိုးရကို ထပ်မံတောင်းဆိုသလို ကုလသမဂ္ဂနဲ့ မြန်မာ့အိမ်နီးချင်း အာဆီယံနိုင်ငံ
တွေအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အခုထက်ပိုပြီး
ဆောင်ရွက်ကြဖို့ တောင်းဆိုလိုက်ပါတယ်။

“ဟနွိုင်းမှာ နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံဖို့ရှိတဲ့ သုံးပွင့်ဆိုင်အဖွဲ့ထဲမှာ ကျမလည်း
ပါဝင်လိမ့်မယ်လို့ ယူဆရပါတယ်။ အခုလို တွေ့ဆုံဖို့က မူအားဖြင့် လိုအပ်ပါတယ်။
အရေးကြီးဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံရေးအကျဉ်း
သားအားလုံးကို ပြန်လွှတ်ပေးဖို့ ပြတ်ပြတ်သားသား ကျမတို့က အသိပေးဖို့ ဖြစ်ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်ထဲ ဆက်ထားနိုင်ဖို့ ဘယ်လို
အကြောင်းပြချက်ကောင်းကိုမှလည်း မသုံးဖို့ ကျမတို့ မြန်မာစစ်အစိုးရကို အသိပေးမှာ
ဖြစ်ပါတယ်။”

ဥရောပသမဂ္ဂရဲ့ ပြင်ပဆက်ဆံရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး ဘန်နီတာ ဖာရဲရို-
ဝေါလ်ဒ်နာ (Benita Ferrero-Waldner) ပြောသွားတာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရအပေါ်မှာ သြဇာလွှမ်းမိုးမှုအရှိဆုံး နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယ
နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အခုထက်ပိုပြီး
ဆောင်ရွက်ဖို့ကိုလည်း သူက တောင်းဆိုလိုက်ပါတယ်။

“အရေးကြီးဆုံးကတော့ အိမ်နီးချင်းနိုင်ငံအားလုံးကို အထူးသဖြင့် ကျမတို့က မေတ္တာ
ရပ်ခံဖို့ပါပဲ။ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရာမှာ အပြောင်းအလဲတွေ ပြုလုပ်ပေးနိုင်ဖို့
သန္နိဋ္ဌာန် ခိုင်ခိုင်မာမာနဲ့ ဆက်ဆံသွားဖို့ပါပဲ။ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံတွေက
မြန်မာနိုင်ငံနဲ့ အနီးကပ်ဆုံး အိမ်နီးချင်းနိုင်ငံတွေပါ။ အဲဒီနိုင်ငံတွေဟာ မြန်မာစစ်အစိုး
ရနဲ့ ဆက်ဆံနေတာ ဖြစ်တဲ့အတွက်ကြောင့်လည်း လွှမ်းမိုးမှု အရှိနိုင်ဆုံးလို့ ဆိုနိုင်ပါ
တယ်။”

ဥရောပသမဂ္ဂရဲ့ ပြင်ပဆက်ဆံရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး ဘန်နီတာ ဖာရဲရို-
ဝေါလ်ဒ်နာ ဘန်ကောက်မြို့မှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ( ဗွီအိုအေ )

စစ်အစိုးရက တင်ပြသော တရားလိုပြ သက်သေစာရင်း

(၁) လ ၅၈၂၈၄ ဒုရဲမှူးကြီး ဇော်မင်းအောင် သတင်းတပ်ဖွဲ့ ရန်ကုန်မြို့

(၂) လ ၅၇၇၅၈ ဒုရဲမှူးကြီး မောင်မောင်ခင် ၊ မှုခင်းတပ်ဖွဲ့ အင်းစိန်

(၃) ဦးမြတ်သွင် ဦးစီးဌာနမှူး လဝက ကျောက်တံတားမြို့နယ်

(၄) ဦးအောင်မွန်လတ် ၊ မယက ဥက္ကဌ ၊ဗဟန်းမြို့နယ်

(၅) လ ၇၅ဝ၁၄ ဒုရဲမှူးမောင်သောင်းဝင်းမြန်မာနိုင်ငံ နှိင်ငံကူးလက်မှတ်ထုတ်ပေးရေး ဌာနခွဲ

(၆) လ ၅၉၅၁ဝ ရဲအုပ်ဖုန်းခေါ်ခိုင် ပြည်ပရေးရာဌာန သတင်းတပ်ဖွဲ့

(ရ) လ ၁၂၈၆၁၃ ရဲအုပ်သိန်းဇော် အောက်မြန်မာနိုင်ငံ သတင်းတပ်ဖွဲ့ခွဲ သတင်းတပ်ဖွဲ့

(၈) လ ၁၃၁၉၆၃ ရဲအုပ်သန်းနိုင် ရဲတပ်ရင်း (၇) မြန်မာနိုင်ငံရဲတပ်ဖွဲ့

(၉) လ ၁၉၉၂၁၂ ဒုတပ်ကြပ်မျိုးလွင် ရဲတပ်ရင်း(၇) မြန်မာနိုင်ငံရဲတပ်ဖွဲ့

(၁ဝ) လ ၁၆၅၆၃ဝ ရဲတပ်သား ဇော်မြင့် ရဲတပ်ရင်း(၇) မြန်မာနိုင်ငံရဲတပ်ဖွဲ့

(၁၁) လ ၁၁၂၇၁၁ ဒုရဲမှူးမောင်မောင်မြင့် စစ်ဆင်ရေးဌာနခွဲ သတင်းတပ်ဖွဲ့

(၁၂) ဦးသာစိန် ဥက္ကဌ အမှတ်(၄)ရပ်ကွက် မရမ်းကုန်းမြို့နယ်

(၁၃) ဦးစိုးမြင့် ရယက အဖွဲ့ဝင် (၃)ရပ်ကွက် မရမ်းကုန်းမြို့နယ်

(၁၄) လ ၁၂၈၄၇၁ ဒုရဲမှူး တင်ဇော်ထွန်း မြို့နယ်ရဲတပ်ဖွဲ့မှူး ဗဟန်းမြို့နယ်

(၁၅) ဦးခင်ညွန့် ရယက ဥက္ကဌ ကျိုက္ကဆံရပ်ကွက် ဗဟန်းမြို့နယ်

(၁၆) ဦးဇော်တင် ရယက ဥက္ကဌ ငါးထပ်ကြီး အနောက်ရပ်ကွက် ဗဟန်းမြို့နယ်

(၁၇) လ ၁၁၂၅၆၉ ဒုရဲမှူးစကျော်ဝင်း ပြည်ပရေးရာဌာန သတင်းတပ်ဖွဲ့

(၁၈) ဦမျိုးသိန်း ရယက ဥက္ကဌ (၁)ရပ်ကွက် ကျောက်တံတားမြို့နယ်

(၁၉) ဦးဌေးဦး ရာအိမ်မှူး (၁) ရပ်ကွက် ကျောက်တံတားမြို့နယ်

(၂ဝ) ဦးကျော်သူ Beauty Land Hotal မန်နေဂျာ ကျောက်တံတားမြို့နယ်

(၂၁) လ ၁၆၉၉ ရဲမှူးအောင်လင်းထွဋ် ပြည်ပရေးရာဌာန သတင်းတပ်ဖွဲ့

(၂၂) လ ၁၁၂၈၅၉ ဒုရဲမှူးသန်းစိုး တရားစွဲဌာန သတင်းတပ်ဖွဲ့

(၂၃) ရဲမှူးကြီး ၀င်းနိုင်ထွန်း ဒုတိယတပ်ဖွဲ့မှူး မြန်မာနိုင်ငံသတင်းတပ်ဖွဲ့

( မဇ္ဈိမ )

နအဖ စစ်အုပ်စု၏ သတင်းထုတ်ပြန်ချက်အပေါ် အေဘီအက်စ်ဒီအပ်ဖ် တုန့်ပြန်ကြေငြာချက်

Statements+on+SPDC's+News+May+25+2009

Monday, May 25, 2009

မေလ ၂၅ ရက် အင်းစိန်ထောင်ရှေ့ အခြေအနေ

တနင်္လာနေ့၊ မေလ 25 2009 12:14 - မြန်မာစံတော်ချိန်

အာဏာပိုင်များ ငြိုငြင် ခံရနိုင်သည့်ကြားက ဒေါ်အောင်ဆန်းစုကြည် တရား ရင်ဆိုင်နေရသော အင်းစိန်အကျဉ်းထောင် အနီးတဝိုက်သို့ လာရောက်ကာ ထောက်ခံမှု ပြသကြသူ ယနေ့နံနက်တွင် တိုးများလာခဲ့သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် တဦးက ပြောသည်။

ဇိုမီး အမျိုးသား ကွန်ကရက်ပါတီမှ ပူးကျင်ရှင်းထန်နှင့် ဦးဝင်းတင်တို့လည်း နံနက်က ရောက်လာခဲ့ပြီး ပါတီ အစည်းအဝေးကြောင့် ပြန်သွားကြရသည်။

ဒေါ်နော်အုန်းလှနှင့်အတူ ရန်ကုန် အမျိုးသမီးအဖွဲ့နှင့် မန္တလေး အပါအဝင် နယ်များမှပါ “ဆန္ဒဖော်ထုတ်” ရာသို့ လာရောက်ကြပြီး လမ်းပိတ်ထားသော နေရာအနီး စောင့်ဆိုင်းနေကြသည်။

နံနက် ၁ဝ နာရီက ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ အင်းစိန်ထောင် အတွင်းသို့ ဝင်ရောက်သွားကြပြီ ဖြစ်သည်။ ၆ ရက်မြောက်ဖြစ်သော ကြားနာမှုတွင် တရားလိုပြ သက်သေများ အနက်မှ အချို့ကို ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ပြန်လှန်မေးခွန်း ထုတ်ရမှာ ဖြစ်သည်။

စစ်အစိုးရက စုစုပေါင်း တရားလိုပြသက်သေ ၂၃ ယောက်စာရင်းကို တင်ပြထားသော်လည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်း လုံခြုံရေး ယူထားခဲ့သူများ နာမည်ကတော့ ပါဝင်ခြင်း မရှိပေ။ ( မဇ္ဈိမ )

ဦးဝင်းတင်၏ ရဲရဲတောက် တောင်းဆိုချက်

မြန်မာနိုင်ငံ စစ်အာဏာရှင် တိုက်ဖျက်ရေး လူထုတပ်ဦး (မြန်မာနိုင်ငံ) မှ ကြေညာချက်

Action Statement (2009.5.25)

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ ချူပ်မှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် လှုပ်ရှားမှု စပြီ

Calling of abfsu

စွမ်းအားမြှင့်စစ်သည်တော်များအဖွဲ့ မှ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားမှု စတင်ပြီ

VBSW Free Assk Action

အာဆီယံထုတ်ပြန်ချက် မြန်မာစစ်အစိုးရ ကန့်ကွက်

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆို လိုက်တာနဲ့ ပါတ်သက်ပြီးတော့ အာစီယံ အလှည့်ကျ ဥက္ကဋ္ဌ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကို မြန်မာ စစ်အစိုးရက ပြင်းထန်တဲ့ အသုံးအနှုန်း တွေ သုံးပြီးတော့ ကန့်ကွက်ခဲ့ပါတယ်။ မေလ၁၉ရက်နေ့စွဲနဲ့ အာစီယံ အလှည့်ကျ ဥက္ကဋ္ဌ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုတဲ့ အတွက် နိုင်ငံတကာမှာ မြန်မာ အစိုးရရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ ဖေါ်ပြထားပါတယ်။ အာစီယံ အလှည့်ကျ ဥက္ကဋ္ဌရဲ့  ကြေညာချက်ဟာ မြန်မာနိုင်ငံရဲ့  ပြည်တွင်းရေးကို ၀င်ရောက် စွက်ဖက်တာ ဖြစ်တယ်လို့ တနင်္ဂနွေနေ့က ထုတ်လွှင့်ပြသသွားတဲ့ အစိုးရ သတင်းထဲမှာ ပြောကြား သွားပါတယ်။ လက်ရှိ အာစီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်တဲ့ ထိုင်းနိုင်ငံဟာ ဒီကြေညာချက်ကို တခြားအဖွဲ့ ဝင် နိုင်ငံတွေက အဆင့်မြင့် တာဝန်ရှိသူတွေနဲ့ ကြိုတင် ညှိနှိုင်းမှု မရှိဘဲ သဘောရိုးနဲ့ မဟုတ် ထုတ်ပြန်ခဲ့တာ ဖြစ်တဲ့အတွက် အာစီယံ အဖွဲ့ အတွင်းမှာ မကောင်းတဲ့ အစဉ်အလာကို ဖြစ်စေတယ်လို့ အစိုးရ သတင်းထဲမှာ ဖေါ်ပြပါတယ်။ အမေရိကန် လူမျိုး ဂျွန်ဝီလျှံ ယက်ထော မေလ ၃ရက်နေ့တုံးက ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ခံထားရတဲ့ သူမရဲ့  ခြံဝင်းထဲကို ရေကူးသွားရောက်ကာ ၂ရက်ကြာ အောင်နေခဲ့တာနဲ့ ပါတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက တရားစွဲဆို ထားပါတယ်။ ဒီလို တရားစွဲဆိုတာကို ကန့်ကွက်တဲ့ အနေနဲ့ ကမ္ဘာအရပ်ရပ်က မြန်မာ့အရေး လှုပ်ရှားသူတွေကလည်း ဆန္ဒပြမှုတွေ လုပ်နေကြတာမှာ တနင်္ဂနွေနေ့က ထိုင်းမြန်မာနယ်စပ်မှာ ဆန္ဒပြခဲ့ကြပြီး ဒေါ်အောင်ဆန်းစု ကြည်လွပ်မြောက်ရေး နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဖိအားပေးကြဖို့ကို တောင်းဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အမှုကို အင်းစိန်ထောင်ထဲက အထူးတရားရုံးမှာ ဒီကနေ့ တနင်္လာနေ့မှာလည်း ဆက်ပြီးတော့ စစ်ဆေးမှာဖြစ်ပါတယ်။ ( ဗွီအိုအေ )

Saturday, May 23, 2009

ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆို ရုံးတင်စစ်ဆေးမှု့ ဖြစ်စဉ်မှတ်တမ်း

It Did Happen in Burma - Record on Trial of DASSK [1] It Did Happen in Burma - Record on Trial of DASSK [1] flyingpeacock

စွဲဆိုသည့်ပုဒ်မသည် ကိုက်ညီမှုမရှိဟု ဦးဉာဏ်ဝင်း ပြောကြား

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စွဲချက်တင်သည့် ပုဒ်မသည် ကိုက်ညီမှု မရှိကြောင်း သူမ၏ အမှုလိုက် ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက ယနေ့ ပြောဆိုသည်။

နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၂ ဖြင့် စွဲချက်တင်လိုက်ခြင်းသည် ကိုက်ညီမှု မရှိကြောင်းနှင့် အဆိုပါ ပုဒ်မဖြင့် တရားစွဲရန် ဆုံးဖြတ်ခြင်းသည် မခိုင်လုံကြောင်း ပြောဆိုခြင်း ဖြစ်သည်။

''အမှု အခြေအနေကတော့ မခိုင်လုံဘူး။ မခိုင်လုံဘူးဆိုတာ ကျနော်တို့ အမြင်ပေါ့။ မခိုင်လုံဘူး။ စွဲတဲ့ပုဒ်မနဲ့ မညီိဘူး။ ကျနော်တို့ ဒီလိုပဲ မြင်ပါတယ်'' ဟု ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ယမန်နေ့က ၅ ရက်မြောက်အဖြစ် အင်းစိန်ထောင်တွင်း အထူးတရားရုံးက တရားလိုပြသက်သေ ၂ ဦးကို စစ်ဆေးကြားနာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အား ပုဒ်မ ၂၂ ဖြင့် စွဲချက်တင်လိုက်သည်။

ဦးဉာဏ်ဝင်းက ''စွဲချက်တင်ပြီးရင် စစ်ပြီးသား သက်သေထဲက ကျနော်တို့တောင်းဆိုတဲ့ သက်သေကို ပြန်စစ်မယ်။ အဲဒါတော့ ၅ ယောက်ပါ။ နောက် တရားလိုပြ သက်သေထဲက ၁ဝ ယောက်လောက် ကျန်သေးတယ်။ အဲဒါတွေကို ပြန်စစ်မယ်။ အဲဒါတွေ ပြီးမှ ဒေါ်အောင်ဆန်းစုကြည်ကို စစ်မယ်'' ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက တရားရုံးတော်သို့ ပြန်လည်တောင်းဆို စစ်ဆေးမည့် သူတို့ ၅ ဦးမှာ ရဲဝန်ထမ်းများ ဖြစ်သည်။

အမေရိကန်နိုင်ငံသား မစ္စတာ ယက်တောသည် အကျယ်ချုပ် ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်ခဲ့သဖြင့် လုံခြုံရေးက ဖမ်းဆီးခဲ့ကြောင်း ယခုလ ၆ ရက်နေ့တွင် မြန်မာစစ်အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

ထို့နောက် ယခုလ ၁၄ ရက်နေ့တွင် ဒေါ်စု၊ သူမနှင့် အတူနေသူ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက် ဒေါ်ခင်ခင်ဝင်းနှင့် သမီးဖြစ်သူ မဝင်းမမတို့ကို အာဏာပိုင်များက အင်းစိန်ထောင်သို့ ပြောင်းရွှေ့ချုပ်နှောင်ခဲ့သည်။ ၁၈ ရက်နေ့တွင် ထောင်တွင်းတရားရုံးက ကြားနာမှုများ ပြုလုပ်ကာ ၅ ရက်အကြာတွင် တရားရုံးက တရားလိုများဘက်က စွဲဆိုသည့် ပုဒ်မအတိုင်း စွဲချက်တင်လိုက်ခြင်းဖြစ်သည်။

ဒေါ်ဆောင်ဆန်းစုကြည်အား ယခုလ ၂၇ ရက်နေ့တွင် အကျယ်ချုပ်သက်တမ်း ပြည့်တော့မည်ဖြစ်သဖြင့် စစ်အစိုးရက လုပ်ကြံ၍ တရားစွဲဆိုခြင်းသာ ဖြစ်ကြောင်း မြန်မာအတိုက်အခံ အများအပြားက ယုံကြည်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကရော ယခုအမှုသည် သူ့အပေါ် တမင်ဖန်တီးကြောင်း ရှုမြင်ပါသလားဟု ဦးဉာဏ်ဝင်းကို မေးမြန်းရာ ''သူက အဲလိုတော့ မပြောဘူး။ သူပြောတာက သူ့မှာ အပြစ်မရှိဘူး။ လူသားချင်းစာနာတဲ့အနေနဲ့ နေရာနဲ့ ကျွေးမွေးတာ လုပ်ခဲ့တယ်။ ဒါလည်း အမှန်ပဲလို့ ပြောပါတယ်'' ဟု သူက ပြောသည်။ ( မဇ္ဈိမ )

တောင်ကိုရီးယားသမ္မတဟောင်း နိုမူဟွန်း ကိုယ့်ကိုယ်ကို အဆုံးစီရင်

တောင်ကိုရီးယားသမ္မတဟောင်း Roh Moo-hyun ဟာ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားပြီဖြစ်ပါတယ်။ ဒီကနေ့မှာ ကျောက်တောင်စွန်းတခုပေါ်ကနေ ခုန်ချပြီး အဆုံးစီရင်သွားတာပါ။ သမ္မတဟောင်းဟာ အကျင့်ပျက်လာဘ်စားမှုဆိုင်ရာ ပြင်းထန် တဲ့စွဲချက်တွေနဲ့လည်း ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ကနေ ဗွီအိုအေ သတင်းထောက် Kurt Achin က သတင်းပေးပို့ထားတာကို ကိုကျော်ကျော်သိန်းက အပြည့်အစုံ အစီရင်ခံထားပါတယ်။


သမ္မတဟောင်းဟာ ကိုယ့်ကိုယ်ကို အဆုံးမစီရင်ခံမှာ သူ စိတ်ထိခိုက်ခံစားနေရတာနဲ့ပတ်သက်ပြီး စာတိုလေး တစောင် ရေးထားခဲ့တယ်လို့ မစ္စတာနိုရဲ့ မိသားစုရှေ့နေတဦးကပြောပါတယ်။

မစ္စတာနိုဟာ စနေနေ့ မနက်စောစောပိုင်းမှာ တောင်ပေါ်တက်ပြီး တောင်စွန်းကနေ ခုန်ချသွာခဲ့တဲ့အကြောင်း သူ့ရဲ့ လက်ထောက် ဟောင်းတဦးဖြစ်သူ Moon Jae-in က ကိုရီးယားဘာသာစကားနဲ့ ပြောသွားတာပါ။ ခုန်ချပြီးတဲ့နောက် သိပ်မကြာခင်မှာပဲ ခုန်ချရာကနေ ရတဲ့ဒဏ်ရာတွေနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

မစ္စတာနိုနဲ့ သူ့ရဲ့မိသားစုဟာ စီးပွားရေးလုပ်ငန်းရှင်တဦးစီကနေ ဒေါ်လာသန်းပေါင်းများစွာ လာဘ်ယူခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ စုံစမ်း စစ်ဆေးတာကို ခံနေရပါတယ်။ သူထားခဲ့တဲ့စာတိုလေးထဲမှာ မစ္စတာနိုက သူ့ကိုမီးသဂြိင်္ုဟ်ပြီး သူ့ဇာတိရွာလေးမှာ အမှတ်တရ ကျောက်တိုင်လေးတခုနဲ့ စိုက်ထူထားပေးဖို့ မှာထားခဲ့ပါတယ်။
[ ဆက်ဖတ်ရန် +/- ]

သူဟာ စာတအုပ်ကိုတောင်မှ အာရုံစိုက်ပြီး ဖတ်နိုင်စွမ်းမရှိတော့တဲ့အကြောင်းနဲ့ "ကျနော့်ကို အပြစ်မတင်ကြပါနဲ့၊ အသက်ရှင် နေရတာနဲ့ သေသွားတာက အတူတူပါပဲ။" လို့ သူ့ရဲ့စာတိုလေးထဲမှာ ရေးထားပါတယ်။

လာဘ်စားမှုဆိုင်ရာ စွဲချက်နဲ့ ပြီးခဲ့တဲ့လက တရားရုံးတင်စစ်ဆေးမှုတခုမှာ ဆယ်နာရီကျော်ကြာအောင် မစ္စတာနို ထွက်ဆို အစစ်ခံ ခဲ့ပါတယ်။ သမ္မတဟောင်းကို ဖမ်းဝရမ်းထုတ်ဖို့အတွက်တောင်မှ အစိုးရရှေ့နေတွေက အပြင်းအထန်ကြိုးစားခဲ့ကြပါသေးတယ်။

၂၀၀၂ ခုနှစ် သမ္မတရွေးကောက်ပွဲ ကာလအတွင်း သန့်ရှင်းပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ အစိုးရတရပ် ဖြစ်စေရမယ်လို့ မဲဆွယ် စည်းရုံးပြီးတော့ ရွေးကောက်ခံခဲ့ရတဲ့ မစ္စတာနိုအတွက်တော့ ဒီစွပ်စွဲချက်ဟာ စိတ်ထိခိုက်ကြေကွဲဖွယ်ပါ။ သူ ရှက်မိတဲ့အကြောင်း နဲ့ တောင်ကိုရီးယားပြည်သူလူထုကို တောင်းပန်ပါကြောင်း ပြီးခဲ့တဲ့လစစ်ဆေးမှုမှာ ပြောဆိုခဲ့ပါတယ်။

သာမန်တောင်ကိုရီးယားလူထုကတော့ ဒီသတင်းကြောင့် အထိတ်တလန့်ဖြစ်ကြရသလို တုန့်ပြန်ချက်တွေကလည်း ရောထွေးနေ ပါတယ်။

ကိုယ့်ကိုယ်ကို အဆုံးစီရင်တာဟာ အဓိကလူမှုရေးဆိုင်ရာ ပြဿနာတခုဖြစ်လာနေတဲ့ အထူးသဖြင့် တောင်ကိုရီးယားလိုနိုင်ငံမျိုး မှာ နိုင်ငံရဲ့သမ္မတတယောက်က ဒီလိုလုပ်သွားတာဟာ တာဝန်မဲ့တာပဲလို့ အသက် ၃၀ အရွယ် Yun Hye-yun က ကိုရီးယား ဘာသာစကားနဲ့ ပြောသွားတာပါ။ မိသားစုတခုလုံးရဲ့ မှားယွင်းတဲ့လုပ်ဆောင်ချက်အတွက် တာဝန်ယူတဲ့အနေနဲ့ သူ ဒီလို လုပ် သွားတာကိုတော့ တစိတ်တပိုင်းနားလည်ပေးနိုင်ပါတယ်လို့ သူကပြောပါတယ်။

အသက် ၅၉ နှစ်အရွယ် Jeon Su-young ကတော့ ဒီဖြစ်ရပ်ဟာ မယုံကြည်နိုင်ဖွယ်၊ မဖြစ်နိုင်တဲ့ ဖြစ်ရပ်တခုလို့ ပြောပါတယ်။ မစ္စတာနိုဟာ အရမ်းကို စိတ်ထိခိုက်ခံစားသွားရမယ်လို့ သူကပြောပါတယ်။ အာဏာပိုင်တွေအနေနဲ့ အမှန်အတိုင်း ဖြစ်စေချင် တယ်ဆိုရင်တောင်မှ ဒီအခြေအနေမျိုးတော့ ဖြစ်မသွားသင့်ပါဘူးလို့ သူကဆိုပါတယ်။

အထိတ်တလန့်ဖြစ်ကြရတဲ့ အခြေအနေကနေ ကျော်လွန်လာချိန်ရောက်ရင်တော့ တောင်ကိုရီးယားနိုင်ငံသားတွေ၊ အထူးသဖြင့် မစ္စတာနိုကို ထောက်ခံသူတွေ ဘယ်လိုတုန့်ပြန်မယ်ဆိုတာကို မသိနိုင်သေးပါဘူး။ တချို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက တော့ အစိုးရရှေ့နေတွေအပေါ် တန်ပြန်သက်ရောက်တာတွေ ဖြစ်လာနိုင်တယ်၊ ဆန္ဒပြပွဲတွေတောင်မှ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ ( ဗွီအိုအေ )

လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်

Invitation to All Burmese in Korea[1] Invitation to All Burmese in Korea[1] flyingpeacock

စစ်အစိုးရကို စုံစမ်းစစ်ဆေးရန် ကမ္ဘာ့ထိပ်တန်း တရားသူကြီးများ တောင်းဆို

ကမ္ဘာ့ထိပ်တန်း တရားသူကြီး ၅ ဦးက Crime in Burma အမည်ရသော အစီရင်ခံစာတစောင် ထုတ်ပြန်ပြီး၊ မြန်မာစစ်အစိုးရ၏ စစ်ရာဇဝတ်မှုနှင့် လူသားမဆန်မှုများကို လုံခြုံရေး ကောင်စီမှ ကော်မရှင်ဖွဲ့ပြီး စုံစမ်း စစ်ဆေးပေးရန် ယမန်နေ့က တောင်းဆိုလိုက်သည်။

တောင်အာဖရိကမှ ရစ်ချက် ဂိုးလ်စတုန်း (Richard Goldstone of South Africa)၊ အမေရိကန် ပြည်ထောင်စုမှ ပက်ထရစ်စီယာ ဝေါ့ဒ် (Patricia Wald of the US)၊ ဗင်နီဇွဲလားမှ ပီဒရို နစ်ကင် (Pedro Nikken of Venezuela)၊ မွန်ဂိုးလီးယားမှ ဂန်ဇိုရဇ် ဂွမ်ဘိုဇူရင် (Ganzorig Gombosuren of Mongolia) နှင့် ဗြိတိန်မှ ဂျော့ဖ်ဖရေး နိုက်စ် (Geoffrey Nice of Britain) က မြန်မာစစ်အစိုးရ ကျူးလွန်သည့် ပြစ်မှုများအတွက် စုံစမ်းစစ်ဆေးပေးရန် နယူးယောက် ကုလသမဂ္ဂ၌ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ဟားဗတ် ဥပဒေရေးရာကျောင်းမှ ထုတ်ပြန်လိုက်သည့် စာမျက်နှာ ၁၄၄ မျက်နှာပါ အစီရင်ခံစာတွင် မြန်မာ့သမိုင်းကြောင်း၊ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ ဥပဒေ၊ မြန်မာစစ်အစိုးရ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ယူဂိုဆလားဗီးယားနှင့် ရဝမ်ဒါတို့တွင် လုံခြုံရေးကောင်စီမှ အရေးယူဆောင်ရွက်ခဲ့မှုများနှင့် မြန်မာနိုင်ငံ အခြေအနေတို့ကို ဖော်ပြထားသည်။

ထို့အပြင် ကုလသမဂ္ဂ၏ ၁၅ နှစ်ကြာ စုံစမ်းစစ်ဆေးမှုများကို မှီငြမ်းရေးသားသည့် အဆိုပါ အစီရင်ခံစာ၌ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အတင်းအကျပ် နေရာရွှေ့ပြောင်းမှု၊ နှိပ်စက်ညှဉ်းပန်းမှုများနှင့် ဥပဒေမဲ့ သတ်ဖြတ်မှုများကို မှတ်တမ်းပြုစုထားသလို၊ မြန်မာစစ်အစိုးရသည် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မူဝါဒတခုလို ချမှတ်လုပ်ဆောင်နေသည်ဟု ဆိုထားသည်။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင် ဖမ်းဆီးခြင်းကလည်း စစ်အစိုးရ၏ အခြေခံ လွတ်လပ်ခွင့်များအား ချိုးဖောက်နေမှုကို သက်သေပြစရာတခုဖြစ်ကြောင်းနှင့် ကုလအဖွဲ့အစည်းများသည် စစ်အစိုးရ၏ မတရားသည့် ဆောင်ရွက်ချက်များကို နှစ်ပေါင်းများစွာ ဝေဖန်ပြောဆိုခဲ့ကြသော်လည်း လုံခြုံရေးကောင်စီက အရေးယူခဲ့ခြင်း မရှိကြောင်းလည်း ထောက်ပြပြောဆိုသည်။ ( မဇ္ဈိမ )

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews