ဒေါ်အောင်ဆန်းစုကြည်ကို အင်းစိန်ထောင်မှာ ရုံတင်စစ်ဆေးတာနဲ့ ပတ်သက်ပြီးတော့ ကြေညာချက်တစောင်ကို ထုတ်ပြန်နိုင်ဖို့အတွက် မေလ ၁၉ ရက်လောက်ကတည်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံ နဲ့ ယာယီအဖွဲ့ဝင် ဆယ်နိုင်ငံတွေကြားမှာ ညှိနှိုင်းနေခဲ့ကြပါတယ်။ အဓိကအားဖြင့် ကြေညာချက်မှာ ပါဝင်တဲ့အချက်အလက်တွေ စကားလုံးအသုံးအနှုန်းတွေ ကြေညာချက်ကို သတင်းထုတ်ပြန်ချက်အနေနဲ့ပဲ ထုတ်ပြန်မလား၊ ဒါမှမဟုတ် ကုလသမဂ္ဂရဲ့  အလှည့်ကျဥက္ကဌက ကြီးမှုးတဲ့ ကြေညာချက်တစောင်အနေနဲ့ ထုတ်ပြန်မလားဆိုတာတွေကို ညှိနှိုင်းနေခဲ့ကြတာဖြစ်ပါတယ်။
လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံထဲက တရုတ်နိုင်ငံကတော့ ဒါဟာ မြန်မာနိုင်ငံရဲ့  ပြည်တွင်းရေးဖြစ်တယ်ဆိုပြီး အင်တင်တင်ဖြစ်နေခဲ့ပါတယ်။ အလားတူ ဂျပန် နဲ့ ရုရှတို့ကလည်း သတိကြီးကြီးနဲ့ ချဉ်းကပ်နေခဲ့ကြပါတယ်။ ဒါနဲ့မနေက သောကြာနေ့မှာတော့ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဌဆီက ထုတ်ပြန်တဲ့ ကြေညာချက်တစောင်အနေနဲ့ မဟုတ်ဘဲ လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံလုံးက တညီတညွတ်တည်း ထုတ်ပြန်တဲ့သတင်းကြေညာချက်တစောင်အနေနဲ့ပဲ ထုတ်ပြန်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးမှုကြောင့် ဖြစ်ပေါ်လာမဲ့ နိုင်ငံရေးအကျိုးဆက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ရကြောင်း နိုင်ငံရေးအကျဉ်းသားများအားလုံး ချွင်းချက်မရှိ ပြန်လွတ်ပေးဖို့၊ နောက်တခါ ဒေါ်အောင်ဆန်းစုကြည် နဲ့ တိုင်းရင်းသားအဖွဲ့တွေအပါအဝင် သက်ဆိုင်တဲ့အဖွဲ့တွေအားလုံးပါဝင်တဲ့ စစ်မှန်တဲ့အမျိုးသားရင်ကြားစေ့ ဖြစ်ပေါ်လာဖို့အတွက်လိုအပ်တဲ့ အခြေအနေတွေကို ဖန်တီးပေးဖို့ကိုလည်း မြန်မာစစ်အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
ဒီသတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂဌာနချုပ်မှာ သတင်းထောက်တွေကို စကားပြောခဲ့သူကတော့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Sir John Sawers ဖြစ်ပါတယ်။
စစ်အစိုးရရဲ့  လုပ်ရပ်တွေဟာ စစ်မှန်တဲ့အမျိုးသားရင်ကြားစေ့ရေး ပေါ်ပေါက်ဖို့အတွက် ဘယ်လိုမှအထောက်အပံ့မဖြစ်စေနိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာအတိုက်အခံတွေထဲမှာ အထင်ကရအဖြစ်ဆုံး ပုဂ္ဂိုလ်ဖြစ်ရုံမက မြန်မာသမိုင်းမှာ အယုံကြည်အရဆုံးလို့ ဆိုရမဲ့ ရွေးကောက်ပွဲမှာလည်း အနိုင်ရခဲ့သူဖြစ်ပါတယ်။ ဒါကို စစ်အစိုးရက ရင်ဆိုင်ဖို့ပျက်ကွက်နေခဲ့တာဖြစ်ပါတယ်။
အခုလို လုံခြုံရေးကောင်စီရဲ့  ထုတ်ပြန်လိုက်တဲ့အပေါ်မှာ ကျေနပ်အားရမှုရှိပါသလားလို့ အန်စီဂျီယူဘီ - အဝေးရောက်ညွှန့်ပေါင်းအစိုးရအဖွဲ့ ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာသောင်းထွန်း ကို မေးမြန်းခဲ့ပါတယ်။
လုံခြုံရေးကောင်စီအားလုံးရဲ့  သဘောထားအမြင်ကို အခုလိုတုံ့ပြန်တာနဲ့ပတ်သက်လို့တော့ ကျနော်တို့ အားရကျေနပ်မှုရှိပါတယ်။ ဒါပေမဲ့လို့ ယနေ့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုမှုနဲ့ တရားစွဲဆိုမှု အခြေခံကနေ ဖြစ်ပေါ်လာနိုင်တဲ့ ဒီဆိုးကျိုးတွေ မြန်မာနိုင်ငံမှာ နိုင်ငံရေးတင်းမာမှုတွေ ပတ်သက်လို့ လုံခြုံရေးကောင်စီရဲ့  တုံ့ပြန်မှုက ဒီထက်ပိုသင့်တယ်။ ဒါကတော့ သံတမန်ရေးအရဆိုရင်တော့ ဒါက သတိပေးတဲ့သဘောဖက်ပေါ့။ ကျနော်တို့အနေနဲ့ကတော့ သတိပေးမှုသာမက ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်သင့်တဲ့ အဆင့်ကို သွားသင့်ပြီးလို့ ထင်ပါတယ်။
ဟုတ်ကဲ့ အခု ဒီ ဒေါ်အောင်ဆန်းစုကြည်ကိစ္စအပြင် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ဆိုလို့ရှိရင် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ဘယ်လိုများ ဒီထက်ပိုပြီး ထိထိရောက်ရောက် လုပ်ကိုင်နိုင်မယ်လို့ ထင်ပါသလဲ။
ဖြစ်နိုင်ရင်တော့ ကျနော်တို့က တကယ့်ဆုံးဖြတ်ချက် binding resolution ဟာမျိုးတွေကို လုံခြုံရေးကောင်စီအနေနဲ့ ထုတ်ပြန်သင့်တာကြာပြီ။ ဗမာနိုင်ငံရဲ့ ကိစ္စကို ထိထိရောက်ရောက် လုပ်ကိုင်ဖို့ဆိုတာ ဆုံးဖြတ်ချက်တွေချဖို့ လိုတယ်။ ဒီ အထွေထွေအတွင်းရေးမှုးချုပ်ရဲ့  ကြားဝင်ဆောင်ရွက်မှုကို ထောက်ခံအားပေးဖို့သင့်တယ်။ ကျနော်ဆိုလိုချင်တဲ့သဘောက လက်ရှိအထွေထွေအတွင်းရေးမှုးချုပ်ရဲ့  လုပ်ပိုင်ခွင့်ဟာ အထွေထွေညီလာခံက ချထားတာဖြစ်တယ်။ အဲဒီထက် ကျော်လွန်ပြီးတော့ ဒါ လုံခြုံရေးကောင်စီကပြီးတော့ ပေးနိုင်မယ်ဆိုလိုရှိရင် သူရဲ့  လုပ်ဆောင်မှုတွေက ပိုထိရောက်နိုင်မယ်။ ဒါတချက် နောက်တချက်ကတော့ ဆုံးဖြတ်ချက်တွေချရုံတင်မကပဘဲနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ ဗမာနိုင်ငံနဲ့ ပတ်သက်လို့ တညီတညွတ်တည်း သူတို့ရဲ့  နှစ်နိုင်ငံချင်းဆက်ဆံရေး လမ်းကြောင်းတွေကို သုံးလို့ပဲဖြစ်စေ၊ စုဖွဲ့လို့ပဲဖြစ်စေ ဒါကို ထိထိရောက်ရောက်လုပ်သင့်တယ်လို့ ကျနော်မြင်ပါတယ်။
ဆိုတော့ အခုလိုမျိုး သာမန်သတင်းမီဒီယာတခု ထုတ်ပြန်တာ နဲ့ နောက် လုံခြုံရေးကောင်စီဥက္ကဌကနေ ကြီးမှုးပြီးတော့ တရားဝင် statement ထုတ်တာနဲ့ နှစ်ခုယှဉ်ကြည့်မယ်ဆိုရင် သူရဲ့  အကျိုးသက်ရောက်မှုက လက်တွေ့ကျကျ ဘယ်လောက်ကွာခြားမှု ရှိသလဲ။
ဒီအရာတွေက press statement တို့ မီဒီယာထုတ်ပြန်ချက်တို့ အလှည့်ကျ ဥက္ကဌရဲ့  ထုတ်ပြန်ချက်တို့ဆိုတာ ဒါက diplomatic format တွေပါ။ သံတမန်ရေးအရ တင်ပြတဲ့ပုံသဏ္ဍာန်တွေပါ။ ထိရောက်မှုဆိုတာကတော့ ဒီပုံသဏ္ဍာန်တွေ ဒီထုတ်ပြန်ချက်တွေ ကျေညာရုံမကဘဲ လက်တွေ့အကောင်အထည်ပေါ်လာအောင် အဖွဲ့ဝင်နိုင်ငံတွေကနေ တနိုင်ငံချင်းရဲ့  နိုင်ငံရေးသြဇာ၊ သံတမန်ရေး သုံးတဲ့အပိုင်းပေါ့။ နောက်တခုကတော့ အရေးယူအပြစ်ပေးမှုတွေလုပ်တာပေါ့။ ပထမပိုင်းကတော့ မေတ္တာရပ်ခံချက်ဟာမျိုးတွေနဲ့သွားမယ်၊ နားမထောင်ဘူးဆိုရင် ဘာလုပ်မလဲ။ စီးပွားရေးအရအရေးယူမလား၊ လက်နက်ပိတ်ဆို့မှုနဲ့ အရေးယူမလား၊ အဲဒီဆောင်ရွက်မှုမျိုးတွေလုပ်မှ ပိုပြီးတော့ ထိရောက်မှုရှိမယ်လို့ ကျနော်မြင်ပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီက ၂၀၀၇ ခုနှစ် အောက်တိုဘာလ သံဃာလှုပ်ရှားမှုဖြစ်ပွားပြီးတုန်းကတခါ၊ နောက် ၂၀၀၈ ခုနှစ် မေလ နာဂစ်မုန်တိုင်း တိုက်ခိုက်ပြီးတုန်းကတခါ ကုလသမဂ္ဂအလှည့်ကျ ဥက္ကဌကကြီးမှုးပြီးတော့ မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးအကျဉ်းသားတွေ အားလုံးပြန်လွှတ်ပေးဖို့နဲ့ စစ်မှန်တဲ့အမျိုးသားရင်ကြားစေ့ရေး ဖြစ်ပေါ်လာဖို့အတွက် တိုက်တွန်းတဲ့ ကြေညာချက်တွေကို ထုတ်ပြန်ခဲ့ဘူးပါတယ်။ ( ဗွီအိုအေ )
Saturday, May 23, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment