မြန်မာစစ်အစိုးရအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အကောင်အထည် ဖော်စေလိုတဲ့အကြောင်း တရုတ် ခေါင်းဆောင်တွေက တရုတ်နိုင်ငံကို ရောက်နေတဲ့ မြန်မာစစ်အစိုးရ ဒုတိယ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးကို ပြောကြားလိုက်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ တည်ငြိမ်မှု ရရှိရေးအတွက် တချိန်က စစ်အစိုးရဘက်က ရပ်တည် ပြောဆို ခဲ့တာတွေထက် သဘောပြောင်း ပြောဆိုလာတာဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ အပြည့်အစုံကိုတော့ စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါတယ်။
တရုတ်နိုင်ငံကို တရားဝင် ၆ ရက်ကြာ အလည်အပတ် ရောက်ရှိနေတဲ့ မြန်မာစစ်အစိုးရ ဒုတိယ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးရောက်ပြီး နောက်တနေ့ အင်္ဂါနေ့မှာ တရုတ် ခေါင်းဆောင်တွေနဲ့ တွေ့ပြီးတာနဲ့ မြန်မာနိုင်ငံကနေ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းတွေ တရုတ်နိုင်ငံကို လာမယ့် စက်တင်ဘာလ က စပြီး တည်ဆောက်တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာပါ။
အစောပိုင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး တရုတ်ပြည်ကို မသွားခင်တုံးကတော့ သူ့ခရီးစဉ်ဟာ နိုင်ငံရေး ကိစ္စတွေကို အဓိက ဦးစားပေး ဆွေးနွေးမယ့် ခရီးစဉ် ဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေး သုံးသပ်သူတွေကြား ပြောဆိုနေခဲ့ကြတာပါ။ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း တရုတ်ပြည်ကို သွားပြီး ရက်ပိုင်း အကြာမှာ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး တရုတ်ပြည်ကို အခုလို သွားတာမို့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းနဲ့ မပြီးပြတ်နိုင်တဲ့ ကိစ္စတွေကို စစ်အစိုးရရဲ့ ဒုတိယ အကြီးအကဲ ကိုယ်တိုင် သွားရောက် အပြီးသတ် ဆုံးဖြတ်တာ ဖြစ်နိုင်ဆိုပြီး ပြောဆိုသံတွေ ထွက်လာပါတယ်။ ဦးခင်မောင်ဆွေဟာ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ် ရေနံ ဓါတ်ငွေ့လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်သူတဦးလည်းဖြစ်ပါတယ်။
“အဆင့်မြင့် ခေါင်းဆောင် တယောက်က သွားတယ်ဆိုတော့ အင်မတန် အရေးကြီးတဲ့ ကိစ္စ တခု ဖြစ်နေပြီဆိုတာက မှန်းလို့ရပါတယ်။ သတင်း မျက်နှာစာမှာတော့ ဒီကိစ္စဟာ ရေနံ ဓာတ်ငွေ့ရရှိဖို့၊ တကယ်ပဲ သူတို့ လက်မှတ်ထိုး ဆောင်ရွက်တာ ဖြစ်ဖို့တော့ ရှိပါတယ်။ ကျန်တာကတော့ ဘယ်အခါမဆို ကိစ္စ တခုတည်းနဲ့ သွားတာ မရှိပါဘူး။ နောက်မှာ ဆက်ပြီး ဆွေးနွေး စဉ်းစားရမယ့်ဟာတွေ ပါသွားနိုင်တာပေါ့။ ကုန်ကုန် စဉ်းစားရင်တော့ နိုင်ငံရေး ကိစ္စလည်း ပါဖို့ များပါတယ်။ မြန်မာ နိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့၊ စီးပွားဖွံ့ဖြိုးရေးတို့ကို ဦးစားပေးပြီးတော့ ဆွေးနွေးထောက်ခံတဲ့ အခါကျတော့ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို ဘယ်လို လုပ်မလဲဆိုတာတွေကို စဉ်စားတာမျိုးတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။”
အခု မြန်မာစစ်အစိုးရနဲ့ တရုတ်နိုင်ငံအကြား သဘောတူ လက်မှတ်ထိုးလိုက်ကြတဲ့ ရေနံ ဓါတ်ငွေ့ တူးဖော်ရေးနဲ့ ပိုက်လိုင်း သွယ်ယူရေး ကိစ္စဟာ ရေရှည်လုပ်ငန်း ဖြစ်တာကြောင့် ရုတ်တရက် နိုင်ငံရေးအရ ပြောင်းလဲလာနိုင်တဲ့ လုပ်ငန်းမျိုး မဟုတ်ဘူးလို့ သူက သုံးသပ်ပါတယ်။
“ရေနံ ဓာတ်ငွေ့ရှာဖွေရေးကတော့ ရည်ရှည်လုပ်ငန်းဖြစ်ပါတယ်။ ၁ နှစ် ၂နှစ်လောက်ဟာ ရှာဖွေးရေး လုပ်ငန်းလုပ်ရတာကိုး။ တူးဖော်ရေးနဲ့ဆိုရင် ၅နှစ်လောက် အချိန်ယူရမှာပေါ့။ နိုင်ငံရေးနဲ့ တိုက်ရိုက်တော့ ပတ်သက်မှာ မဟုတ်ပါဘူး။ ”
တရုတ်နိုင်ငံ အခြေစိုက် မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇော်ကတော့ မြန်မာ စစ်အစိုးရ အပေါ် ထားတဲ့ တရုတ်အစိုးရရဲ့ သဘောထားတွေ တဖြည်းဖြည်း ပြောင်းလဲလာနေတာကို တွေ့ရတဲ့အကြောင်း အခုလို သုံးသပ်ပါတယ်။
“မနေ့က ဓာတ်ပုံနဲ့ တွေ့ရတဲ့အခါမှာ ၀မ်ကျားဘောင် (Wan Jiaboa) နဲ့ ဒု-သမ္မတ နဲ့ တွေ့တာကို တီဗွီမှာ ပြတယ်။ အဲဒီမှာ တရုတ် ဒုသမ္မတ ပြောတာကတော့ သိပ်ထူးထူးခြားခြား မဟုတ်ပါဘူး။ တည်ငြိမ်ရေးတို့၊ အေးချမ်းရေးတို့၊ တိုးတက် ဖွင့်ဖြိုးရေးတို့ လောက်ပါပဲ။ ၀န်ကြီးချုပ် ၀မ်ကျားဘောင်နဲ့ ပြောတဲ့အခါမှာတော့ ထူးခြားချက်အနေနဲ့ တခုပါတာကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အကောင်အထည် ဖော်သင့်တယ်ပေါ့။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အကောင်အထည်ဖော်မှသာလျှင် တိုင်းပြည်တိုးတက်မယ်ပေါ့”
ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးသွားတဲ့ ဒီ တရုတ်နိုင်ငံ ခရီးစဉ် စီးပွားရေး နိုင်ငံရေး သက်သက်ချည်း သွားတဲ့ ခရီးစဉ်တော့ မဟုတ်ပါဘူး။ ဒီခရီးစဉ်မှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့က ကာကွယ်ရေး စစ်ဆင်ရေးအထူး ကစထ မှူး ၂ ယောက်ပါ ပါသွားတာကြောင့် ဒါဟာ တနည်းအားဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ခြိမ်းချောက် လိုက်သလိုပဲလို့ ဦးအောင်ကျော်ဇောက သုံးသပ်ပါတယ်။
မကြာခင်က ထုတ်ပြန်ခဲ့တဲ့ စာရင်းဇယားတွေ အရကတော့ တရုတ် မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း ၂ ထောင် ကျော်သွားခဲ့ပြီလို့ ဆိုပါတယ် ခင်ဗျား။ ( ဗွီအိုအေ )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment