ကိုအောင်ထွန်းမြင့်ကို ဖမ်းဆီးစဉ်က မှော်ဘီမြို့နယ် တပ်ကြီးကုန်ကျေးရွာ စိုက်ပျိုးရေးဝန်ထမ်း မဲရုံမှာ ၂၀၀၈ မေလ ၁၀ရက်နေ့ တုန်းက မဲရုံကို ဓာတ်ပုံရိုက်တယ်ဆိုပြီး မှော်ဘီ ရဲစခန်း တာဝန်ရှိသူက ဖမ်းဆီးသွားခဲ့ပါတယ်၊ အဲဒီနောက် ခရိုင်လုံခြုံရေးအဖွဲ့က လာရောက် ခေါ်ယူသွား ပြီး ၅ ရက်လောက် ချုပ်နှောင် စစ်ဆေးခဲ့ပါတယ်။
[ ဆက်ဖတ်ရန် +/- ]
ကိုအောင်ထွန်းမြင့်ကို မှော်ဘီ ရဲစခန်းက ရဲအရာရှိ မင်းစုဦး ကနေ တရားလို လုပ်ပြီး နယ်စပ် ဖြတ်ကျော်မှုနဲ့ မှော်ဘီတရားရုံးမှာ အမှုဖွင့်ခဲ့ပါတယ်။ ကိုအောင်ထွန်းမြင့်ထံက သိမ်းဆည်းခဲ့တဲ့ ဗီဒီယို ကင်မရာနဲ့ ဓာတ်ပုံကင်မရာတွေကို သက်သေခံပစ္စည်းအဖြစ် တရားရုံးမှာ တင်ခဲ့ပါတယ်။ ဒီအမှုကို တရားသူကြီး ဒေါ်အမာက တာဝန်ယူစစ်ဆေးခဲ့တာပါ။
ကိုအောင်ထွန်းမြင့်ကို စစ်ဆေးရှာဖွေစဉ် ထိုင်းမြန်မာနယ်စပ် မြ၀တီမြို့က တယ်လီဖုန်းနံပတ်ပါ လိပ်စာကဒ်ပြားတခု တွေရှိခဲ့တဲ့အတွက် ထိုင်းမြန်မာနယ်စပ် တရားမဝင် ဖြတ်ကျော်တယ်ဆိုပြီ အမှုဆင် စွပ်စွဲခဲ့တာသာ ဖြစ်ကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တကယ်တမ်း ကိုအောင်ထွန်းမြင့်ဟာ Seven Day သတင်းဂျာနယ်အတွက် ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်မေလအတွင်းက စစ်အစိုးရရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်း ဆန္ဒခံယူပွဲမှာ မှော်ဘီမြို့ တပ်ကြီးကုန်းက မဲရုံကို ဓာတ်ပုံရိုက်ဖို့ သွားခဲ့ခြင်းသာ ဖြစ်ပါတယ်။
ဆဲဗင်းဒေးသတင်းဂျာနယ်ဟာ မြန်မာနိုင်ငံမှာ တရားဝင် မှတ်ပုံတင်ထားပြီး၊ တရားဝင် ထုတ်ဝေနေတဲ့ သတင်းဂျာနယ် တစောင် ဖြစ်တာကြောင့် အခုလို ဓာတ်ပုံရိုက်ယူတဲ့ သတင်းထောက်ကို ဖမ်းဆီးစရာ အကြောင်းမရှိသလို၊ တရားရုံးမှာလည်း သက်သေခံ အထောက်အထားမရှိပဲ ထောင် ဒဏ် ၃ နှစ် အပြစ်ပေးထားတာဟာ တရားမဝင်တဲ့အတွက် ပြန်လွှတ်ပေးရမှာ ဖြစ်ကြောင်း အာရှလူ့အခွင့်အရေးကော်မရှင်က ဒီကနေ့ ထုတ်ပြန် ကြေညာထားတာ ဖြစ်ပါတယ်။
အခုဖော်ပြတဲ့ ကိုအောင်ထွန်းမြင့် အမှုကိစ္စအပါအဝင် ၊ အခြားဖမ်းဆီးထောင်ချထားတဲ့ သတင်းထောက်တွေဖြစ်တဲ့ မအိမ့်ခိုင်ဦးနဲ့ ကိုကျော်ကျော်သန့်တို့ အမှုကိစ္စတွေကို၊ ကမ္ဘာ့ ကုလသမဂ္ဂ တရားမဝင်ဖမ်းဆီးမှု ကာကွယ်ရေးဌာနနဲ့ လူ့အခွင့်အရေးကောင်စီတွေ အထိ ဆက်လက် တင်ပြထားတယ်လို့ လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက ပြောဆိုခဲ့ပါတယ်။ ( အာအက်ဖ်အေ )
No comments:
Post a Comment