မုန်တိုင်းသင့် ဒေသများတွင် ရုပ်အလောင်းများကို မီးသင်္ဂြိုဟ်ရာ ပါဝင်ကူညီခဲ့သူ နိုင်ငံရေး အကျဉ်းသားဟောင်း ဒေါက်တာ နေဝင်း၊ သမီးဖြစ်သူ မဖြိုးဖြိုးအောင် အပါအဝင် ၆ ဦးအား မတရားအသင်းဖွဲ့မှု ပုဒ်မ ၆ နှင့် ၇ အရ ယခုလို ပြစ်ဒဏ်များ ချလိုက်ခြင်း ဖြစ်သည်။
“သူတို့အားလုံး - ကိုအောင်သန့်ဇင်ဦး၊ ဖြိုးဖြိုးအောင်၊ ရှိန်းရာဇာထွန်းရယ်တို့က ၄ နှစ်။ ကိုနေဝင်း၊ အောင်ကျော်ဆန်း၊ ဘုန်းပြည့်ကြွယ်တို့က ၂ နှစ်ပဲ အသင်းအဖွဲ့ ၇ နဲ့။ ထောင်တွင်း အထူးတရားရုံးကနေပေါ့” ဟု ဗဟိုတရားရုံးရှေ့နေ ဦးခင်မောင်မြင့်က မဇ္ဈိမကို ပြောသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) မှ အဖွဲ့ဝင်များဖြစ်သည့် မဖြိုးဖြိုးအောင်၊ ကိုရှိန်းရာဇာထွန်း၊ ကိုအောင်သန့်ဇင်ဦး တို့ကိုမူ အသင်းအဖွဲ့ ဥပဒေ ပုဒ်မ ၆ ဖြင့် ထောင်ဒဏ် ၂ နှစ်နှင့် ပုဒ်မ ၇ ဖြင့် ထောင်ဒဏ် ၂ နှစ် ချလိုက်ရာ စုစုပေါင်း ၄ နှစ် ကျခံရခြင်းဖြစ်သည်။
[ ဆက်ဖတ်ရန် +/- ]
သူတို့ အားလုံးကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်နှင့် ဆက်သွယ်သည်၊ ပြည်ပ သတင်းမီဒီယာများနှင့် ဆက်သွယ်သည်ဟု ဆိုကာ ဤ မတရားအသင်း အသင်းအဖွဲ့ ဥပဒေများဖြင့် ချမှတ်ခြင်းဖြစ်ကြောင်း သူတို့၏ ရှေ့နေ ဦးခင်မောင်မြင့်က ပြောသည်။
သူက ဆက်ပြီး “သူတို့ကို တကယ်တမ်း ချမယ်ဆိုရင် အနိမ့်ဆုံး ၂ နှစ် ကနေ အမြင့်ဆုံး ၈ နှစ်ထိ ကျခံရနိုင်တယ်။ အသင်းအဖွဲ့ ၆ ဆိုရင် ၄ နှစ် ကနေ ၂ နှစ်ပဲ။ အသင်းအဖွဲ့ ၇ ဆိုလည်း ၃ နှစ်ကနေ ၂ နှစ်ပဲ ချတယ်ဆိုတော့ နည်းနည်းလျော့တယ်လို့ ပြောရမှာပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့်နှစ် ဇွန်လလယ်က ဧရာဝတီတိုင်း ဘိုးကလေးမြို့နယ်ရှိ နာဂစ်မုန်တိုင်းအတွင်း သေဆုံးခဲ့ရသည့် ရုပ်အလောင်းများအား မီးသင်္ဂြိုဟ်ကာ ရန်ကုန်မြို့သို့ အပြန်တွင် စရဖ - စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ထို့အပြင် နာဂစ်အရေး သတင်းလိုက်ယူသဖြင့် Ecovision သတင်းထောက် မအိမ့်ခိုင်ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရသူ Weekly Eleven အယ်ဒီတာဖြစ်သူ အသက် ၃ဝ နှစ်အရွယ် ကိုကျော်ကျော်သန့်သည်လည်း အင်းစိန်ထောင်တွင်း အသက်ရှူကြပ်သည့် ရောဂါ ခံစားနေရသည်မှာ ၂ လကျော် ရှိနေပြီဟု အင်းစိန်ထောင်သို့ ယနေ့ ပါဆယ်သွားပို့သည့် ညီမဖြစ်သူ မဥမ္မာသန့်က မဇ္ဈိမကို ပြောသည်။
“အသက်ရှူကြပ်နေတာပေါ့နော်။ ၂ လကျော်နေပြီလေ။ သူက ဆေးမှူးကို ပြောပြတော့ ဆေးမှူးက နှလုံး အထူးကု ဆရာဝန်လာရင် ပြပေးမယ် ပြောထားတာ အခုထိ မလာသေးဘူး။ ဘယ်အချိန်ရောက်မလဲ ဆိုတာ မသိဘူးတဲ့လေ။ အသက်ရှူကောင်းအောင် ရှူဆေး ပို့ပေးတယ်၊ သွင်းပေးထားတယ်” ဟု သူက ပြောသည်။
ရန်ကုန်ရှိ အစိုးရမဟုတ်သော အဖွဲ့ထံ နာဂစ် ဒုက္ခသည်များက သွားရောက် အကူအညီတောင်းသည်ကို သတင်းလိုက်ယူရင်း ၂ဝဝ၈ ခု ဇွန်လ ၁ဝ ရက်နေ့တွင် ကိုကျော်ကျော်သန့် အဖမ်းခံခဲ့ရသည်။
ညီမဖြစ်သူက “သူ့မွေးနေ့က ဒီလ ၁၅ ရက်နေ့မှာလေ။ ထောင်မှာ အကြိုလုပ်ပေးလိုက်တယ်။ ကိတ်မုန့် ထည့်ပေးလိုက်တယ်။ နှစ်တိုင်းဆို မိသားစု စုံပြီးတော့ သူငယ်ချင်း အများကြီး လုပ်ဖြစ်တယ်။ ဒီနှစ်က မွေးနေ့ရှင်မရှိဘဲ လုပ်ဖြစ်ခဲ့တယ်။ သမီးတို့က အထူးကု ဆရာဝန်နဲ့ ပြစေချင်တယ်။ အဲလို ရောဂါမျိုးက နှလုံးအောင့်တယ် ဆိုတော့ အကြာကြီးထားလို့ မရဘူးလေ” ဟု ပြောသည်။
သူ့အား နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅ဝ၅(ခ)၊ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃/၁ တို့ဖြင့် ထောင်ဒဏ် ၇ နှစ် ချထားသည်။
“သူက သတင်းရယူရင်း အဖမ်းခံထားရတာ ဖြစ်တယ်။ အခုပေးထားတဲ့ ပုဒ်မနဲ့ တခြားစီပါ။ ဒါကြောင့် အမြန်လွှတ်ပေးစေချင်တယ်။ အရွယ်ကောင်းတဲ့ အချိန်မှာ သူတတ်တဲ့ ပညာနဲ့ တိုင်းပြည်ကို အလုပ်အကျွေး ပြုစေချင်တယ်။ ထောင်ထဲမှာ အကျိုးရှိမယ့် အချိန်တွေကို မကုန်ဆုံးစေချင်ပါဘူး။ အယ်ဒီတာ အလုပ်နဲ့ စာပေဘက်မှာ အကျိုးတွေ အများကြီး လုပ်ရမယ်” ဟု မဥမ္မာသန့်က ပြောဆိုသည်။ ( မဇ္ဈိမ )
No comments:
Post a Comment