ပင်လယ်ပြင်မှ သဲများကို သယ်ဆောင်လာပြီး Toung Young ထုတ်ယောင်းမြို့သို့ ခုတ်မောင်းလာစဉ် နိုင်ငံ့တောင်ဘက် Busan ဘူဆန်မြို့မှ ၆ မိုင်ခန့်အကွာတွင် နစ်မြုပ်ခြင်းဖြစ်ရာ ကိုရီးယားနိုင်ငံသား ၈ ဦးနှင့်အတူ မြန်မာနိုင်ငံသား ကိုကျော်လင်းထိုက် (၂၄ နှစ်) နှင့် ကိုဇော်အောင် (၃ဝ နှစ်) တို့ပါ ပျောက်ဆုံးနေကြောင်း ကိုရီးယားနိုင်ငံပိုင် သတင်းဌာနများက ယနေ့ ထုတ်ပြန်ကြေညာသည်။
“သတင်းစာတွေ၊ တီဗီတွေမှာ ပါတယ်။ ဒီသင်္ဘော နစ်တဲ့ နေရာမှာလည်း ၄ မီတာကျော်မြင့်တဲ့ လှိုင်းတွေကြောင့် ရှာရတာ ခက်နေတယ်။ နောက်ထပ် ရဟတ်ယာဉ် ၃ စီးနဲ့လည်း ရှာဖွေဖို့ လုပ်နေကြတယ်လို့ သတင်းတွေမှာ ပါတယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ၊ ကိုရီးယားဌာနခွဲ) တွဲဖက်အတွင်းရေးမှူး ကိုဇော်မိုးအောင်က မဇ္ဈိမကို ပြောသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]
အခင်းဖြစ်ပွားပြီးချင်း ဘူဆန်နှင့် ထုန်ယောင်းမြို့ ကမ်းခြေစောင့် ရဲများက ကယ်ဆယ်ရေး သင်္ဘော ၆ စီးဖြင့် နစ်မြုပ်သည့်နေရာမှ ၅ မိုင် ဝန်းကျင်အတွင်း ညလုံးပေါက် လိုက်လံရှာဖွေသော်လည်း အစအနပင် မတွေ့ရဘဲ ဖြစ်နေသည်။
ဆန်းဘုန်း သင်္ဘောများမှာ တောင်ကိုရီးယား ပြည်တွင်း၌ သဲတင်ဆောင်ရာတွင် အသုံးပြုနေသော ကမ်းရိုးတမ်းသွား သင်္ဘောများ ဖြစ်သည်။
အလားတူ ထိုင်းနိုင်ငံအခြေစိုက် Sang Thai Shipping ကုမ္ပဏီပိုင် Sea Angel သစ်လုံးတင် သင်္ဘောသည် မလေးရှားမှ တရုတ်နိုင်ငံသို့အသွား ထိုင်ဝမ်နိုင်ငံ Yunlin ယွန်လင်ပြည်နယ်၊ Mailaio မိုင်လာအိုမြို့မှ ကီလိုမီတာ ၄ဝ အကွာရှိ ထိုင်ဝမ်ရေလက်ကြားတွင် လှိုင်းလေပြင်းထန်သဖြင့် ယခုလ ၂၆ ရက်နေ့တွင် နစ်မြုပ်ခဲ့ရာ မြန်မာ ၁ ဦး သေဆုံးပြီး၊ ၁ ဦးမှာ ဆက်လက်ပျောက်ဆုံးနေသည်။
နစ်မြုပ်သွားသည့် သင်္ဘောတွင် ထိုင်းသင်္ဘောသား အများစုပါဝင်ပြီး မြန်မာ ၂ ဦးအပြင် အိန္ဒိယနိုင်ငံသား ၂ ဦးနှင့် စုစုပေါင်း ၁၉ ဦး လိုက်ပါသွားကြောင်း မြန်မာနိုင်ငံ ပင်လယ်ပျော်များသမဂ္ဂ ဥက္ကဋ္ဌ ဦးသူရက မဇ္ဈိမကို ပြောသည်။ ၎င်းတို့အနက် ၉ ဦးမှာ ယခုအချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်သည်။
“မြန်မာတယောက်အလောင်းတော့ ဆယ်ရတယ်။ အသက်ရှင်လျက် ၉ ယောက် ရတယ်။ ၉ ယောက်က ပျောက်နေတုန်း။ ပျောက်နေတဲ့အထဲမှာ ကျန်မြန်မာတယောက် ပါတယ်။ အခုတွေ့တဲ့ မြန်မာ အလောင်းကတော့ အလုပ်သင် သင်္ဘောသားအလောင်း။ ပျောက်နေတာက သင်္ဘောကုန်းပတ် ဒုတိယအရာရှိ ကိုလူမော်လို့ ကြားပါတယ်” ဟု ဦးသူရက ပြောသည်။
မြန်မာနိုင်ငံ ပင်လယ်ပျော်များသမဂ္ဂကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၁၉၉၁ ခုနှစ်အတွင်း စတင် ဖွဲ့စည်းခဲ့သည်။ သမဂ္ဂထဲတွင် ပြည်တွင်းပြည်ပမှ မြန်မာသင်္ဘောများ ပါဝင်ပြီး၊ အဖွဲ့ဝင်များ၏ အခက်အခဲကို ကူညီလျက်ရှိသည်။
၎င်းသမဂ္ဂကို နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး လုပ်ငန်းအဖွဲ့အစည်းတခုဖြစ်သည့် International Transports Workers' Federation (ITF) က ၁၉၉၃ ခုနှစ်တွင် အသိအမှတ်ပြုခဲ့ကြောင်းနှင့် ITF သည် နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်ဖြစ်ပြီး ယခုအခါ နိုင်ငံပေါင်း ၁၄၈ နိုင်ငံမှ အဖွဲ့အစည်းပေါင်း ၆၅၄ ဖွဲ့ ပါဝင်နေသည်။ (မဇ္ဈိမ)
No comments:
Post a Comment