မန္တလေးမြို့မှ ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးရွှေလှ အပါအဝင် ရှေ့နေ ၄ ဦးက ကိုယ်စားလှယ်လွှဲစာ (ရှေ့နေပါဝါ) ရရှိရန်အတွက် ထောင် ဝန်ထမ်းမှတဆင့် ဒေါက်တာဝင့်သူတို့ထံ ပေးပို့လိုက်ခြင်း ဖြစ်သည်။
“အမှုကို လိုက်ပါဖို့အတွက် ထောင်မှာ ရှေ့နေ ကိုယ်စားလှယ်လွှဲစာရရှိဖို့ သူတို့ လက်မှတ်ထိုးဖို့ ထောင်ဝန်ထမ်းကို ပေးခဲ့တယ်။ မနက်ဖြန်ကျမှ ကိုယ်စားလှယ်လွှဲစာ သူတို့ လက်မှတ်ထိုးပြီးသားကို သွားယူရမှာ” ဟု တရားရုံးချုပ် ရှေ့နေ ဦးရွှေလှက ပြောသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]
ရှေ့နေ ဦးရွှေလှနှင့်အတူ ဦးမြင့်သွင်၊ ဦးမျိုးဆွေနှင့် ဦးကျော်စိုးဟိန်း အစရှိသည့် ရှေ့နေများက လိုက်ပါဆောင်ရွက်ပေးမည်ဖြစ်ကာ၊ အမှုနှင့်ပတ်သက်၍ မည်သည့်ပုဒ်မဖြင့် တရားစွဲမည်၊ မည်သည့်တရားရုံးတွင် တရားစွဲမည်ကို အမှုသည် ကာယကံရှင်များနှင့် မတွေ့ရသေးသဖြင့် ရှေ့နေများအနေဖြင့် မသိကြသေးပါ။
ယနေ့တွင် ဒေါက်တာဝင့်သူ အမှုတွဲထဲမှ အချို့ကို တရားရုံးထုတ်ရန်အတွက် အိုးဖိုထောင်မှ ခေါ်သွားခဲ့ကြောင်း ရှေ့နေ ဦးမြင့်သွင်က ပြောသည်။
“ဒီနေ့ အမှုစစ်ဖို့ မနက် ၈ နာရီကနေ ထောင်က ထုတ်သွားတယ်ဆိုတာပဲ သူ့မိသားစုတွေက ကျနော်တို့ ရှေ့နေတွေကို ပြောပြလို့ သိရတယ်။ ဘယ်မှာ စစ်မယ်ဆိုတာကိုတော့ မသိရသေးဘူး” ဟု သူက ပြောသည်။
ဒေါက်တာဝင့်သူနှင့် ဆွေမျိုးတော်စပ်သူ တဦးကလည်း “ကြားလို့ ဆရာဝင့်သူ ညီမ ဒီနေ့ အိုးဖိုထောင်ကို လိုက်သွားတယ်။ ၁၃ ယောက် ရုံးထုတ်တယ်လို့တော့ ကြားတယ်။ အဲဒီထဲမှာ ဒေါက်တာဝင့်သူ၊ လှမျိုးကျော်၊ ရာကြီး (ခေါ်) ကိုစိုးရာဇာဖြူရယ် မပါသေးဘူးလို့ ကြားတယ်။ သေချာအောင် သူ့ညီမ လိုက်သွားတယ်” ဟု မဇ္ဈိမကို ပြောသည်။
ငွေကြေးကောက်ခံကာ နာဂစ်မုန်တိုင်းသင့် ကလေးများ၏ ပညာရေးအတွက် ကူညီခဲ့သည့် ဒေါက်တာဝင့်သူ၊ ကိုမျိုးဟန်၊ ကိုအောင်မျိုးလတ်၊ ကိုလှမျိုးကျော် ခေါ် အီးတီ၊ ရာကြီး ခေါ် ကိုစိုးရာဇာဖြူတို့ ၅ ဦးကို မန္တလေးတိုင်း ရဲအထူးသတင်းတပ်ဖွဲ့က မြင်းခြံမြို့နေအိမ်မှ ယခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဖမ်းဆီးသွားခဲ့သည်။ ထို့နောက် ၂ ရက်အကြာတွင် ကိုသန်းထိုက်အောင်ကို ဖမ်းဆီးခဲ့ပြန်သည်။
သူတို့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အန်အယ်ဒီက ပြုလုပ်သည့် အဖြူရောင်ကင်ပိန်း လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြသေးသည်။ ထို့အပြင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အင်္ဂါနေ့ ဆုတောင်းဝတ်ပြုသူများနှင့်အတူ အဖြူရောင်အင်္ကျီများ ဝတ်ဆင်ကာ မြင်းခြံမြို့ရှိ ဘုရားကြီးသို့ သွားရောက်၍ ဝတ်ပြုဆုတောင်းပွဲလည်း ပြုလုပ်ခဲ့ကြသည်။
ချုပ်နှောင်ဖမ်းဆီးခံခဲ့ရသည်မှာ ၂ လခွဲကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း သူတို့သည် မိသားစုဝင်များနှင့် တွေ့ဆုံနိုင်ခြင်း မရှိကြသေးပါ။
“မိသားစုတွေလည်း အခုအချိန်ထိ တွေ့ခွင့်မရသေးဘူး။ အမှုနဲ့ပတ်သက်ပြီး မိသားစုဝင်တွေကို သက်ဆိုင်ရာက ဘာမှ ပြောဆိုတာ မရှိသေးဘူး။ အခုဟာက ရှေ့နေတွေကိုလည်း အကြောင်းမကြားဘူး။ မိသားစုဝင်တွေကိုလည်း အကြောင်းမကြားဘူးဆိုတော့ သူတို့ဘာသာ သူတို့လုပ်မယ့် အခြေအနေရှိတယ်” ဟု ဒေါက်တာဝင့်သူနှင့် ဆွေမျိုးတော်သူက ပြောသည်။ (မဇ္ဈိမ)
No comments:
Post a Comment