
လာမည့် အောက်တိုဘာ (၂၃) ရက်၌ စတင်ကျင်းပမည့် (၁၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် နိုင်ငံ့ခေါင်းဆောင်များနှင့် အာဆီယံဒေသတွင်း လူထုအခြေပြု အဖွဲ့အစည်းကိုယ်စားလှယ်တို့ တွေ့ဆုံပွဲသို့ နိုင်ငံကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် တက်ရောက်ရန် မြန်မာအတိုက်အခံတဦးကို ရွေးချယ်လိုက်သည်။
ယမန်နေ့က ပြီးဆုံးသွားသည့် အာဆီယံ လူထုအခြေပြု အဖွဲ့အစည်းများ ညီလာခံတွင် နိုင်ငံ့ကိုယ်စားပြု လူထုကိုယ်စားလှယ်အဖြစ် အာရှပစိဖိတ်ဒေသဆိုင်ရာ မြန်မာ့အရေးပူးပေါင်းဆောင်ရွက်သူများအဖွဲ့မှ အဖွဲ့ဝင် ဒေါ်ခင်ဥမ္မာအား ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကြီးမှူးသည့် အာဆီယံ ဦးဆောင်ကော်မတီက ဒုတိယအကြိမ် ရွေးချယ်လိုက်ခြင်းဖြစ်သည်။
[ ဆက်ဖတ်ရန် +/- ]
ဒေါ်ခင်ဥမ္မာက “အခု ရွေးချယ်တာက ဒေသတွင်းမှာသာမက နိုင်ငံတကာနဲ့ သတင်းဌာနတွေမှာလည်း အခြေခံပြည်သူလူထု ကိုယ်စား အမှန်တကယ် ဖြစ်ပျက်နေတဲ့ အခြေအနေမှန်တွေကို တင်ပြနိုင်မယ့်သူကို ရွေးတာဖြစ်တယ်။ ဒါကြောင့် ပြည်တွင်းက လူတွေက စစ်အစိုးရကို ထောက်ပြပြောဆိုရမယ့် ဒီလိုဆွေးနွေးမှုတွေအတွက် အခက်အခဲအမျိုးမျိုးရှိနေတာကြောင့် ကျမကို ပြန်ရွေးတာ ဖြစ်တယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
မြန်မာနိုင်ငံလူထု ကိုယ်စားပြုတက်ရောက်မည့် တဦးတည်းသောကိုယ်စားလှယ် ရွေးချယ်ရန်အတွက် ပြည်တွင်းပြည်ပမှ လူထုအခြေပြု မြန်မာအဖွဲ့အစည်းတို့က အာဆီယံ ဦးဆောင်ကော်မတီသို့ အမည်စာရင်းအသီးသီး တင်သွင်းခဲ့ကြရာတွင်
ဒေါ်ခင်ဥမ္မာ အရွေးခံရခြင်းဖြစ်သည်။
(၁၅) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးကို ထိုင်းနိုင်ငံ တောင်ပိုင်း ဟိုဟင်မြို့တွင် ယခုလ (၂၃-၂၅) ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် တက်ရောက်မည်ဟု မြန်မာစစ်အစိုးရက ပြောကြားထားသည်။
အစည်းအဝေးတွင် အာဆီယံ နိုင်ငံ့ခေါင်းဆောင်တို့နှင့် လူထုအခြေပြုအဖွဲ့အစည်း ကိုယ်စားလှယ်တို့၏ မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးပွဲသို့ လူထုအခြေပြု ကိုယ်စားလှယ်အဖြစ် ဒေါ်ခင်ဥမ္မာ တက်ရောက်မည်ကို မြန်မာစစ်အစိုးရက ကန့်ကွက်မှု ပြုလုပ်လာနိုင်ကြောင်း သိရသည်။
ညီလာခံတက်ရောက်သူ လူ့အခွင့်အရေး ပညာပေးဌာနမှ ဦးအောင်မျိုးမင်းက “ပြီးခဲ့တဲ့ ထိပ်သီးအစည်းအဝေးတုန်းကလို အနီးကပ်ကျမှ ဝင်ခွင့်မရတာ၊ ကန့်ကွက်ခံရတာမျိုးလို စစ်အစိုးရဘက်က လုပ်ကောင်းလုပ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ Statement မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ ၂၀၁၀ ရွေးကောက်ပွဲကိစ္စတွေ၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်သုံးသပ်ဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ဖို့ တောင်းဆိုထားတာတွေ ပါနေတော့ စုံညီဆွေးနွေးပွဲမှာ ဒီလိုတင်ပြခွင့်မရအောင် စစ်အစိုးရက တားမြစ်နိုင်တယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလက ကျင်းပခဲ့သည့် (၁၄) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးသို့ ရွေးချယ်ခံ လူထုကိုယ်စားလှယ် ဒေါ်ခင်ဥမ္မာအား မြန်မာစစ်အစိုးရနှင့် ကမ္ဘောဒီးယားခေါင်းဆောင်တို့က ကန့်ကွက်ခဲ့ဖူးသည်။ အာဆီယံ ထိပ်သီးအစည်းအဝေးအကြို (၃) ရက်ကြာ ကျင်းပခဲ့သည့် အာဆီယံ လူထုအခြေပြု အဖွဲ့အစည်းများ ညီလာခံတွင် မြန်မာနှင့် ကမ္ဘောဒီးယားနိုင်ငံအပြင် လာအိုနိုင်ငံကပါ ကန့်ကွက်မှုတွင် ပါဝင်လာသည်ကို တွေ့ရကြောင်း ဦးအောင်မျိုးမင်းက ပြောသည်။
အာဆီယံ ဦးဆောင်ကော်မတီမှ လူထုအခြေပြု မြန်မာကိုယ်စားလှယ် ရွေးချယ်သည့်အဆင့်သည် အစည်းအဝေး စတင်မည့် အောက်တိုဘာ (၂၃) ရက်နေ့တွင် မိနစ် (၃၀) တွေ့ဆုံဆွေးနွေးပွဲအတွက်သာ အကျုံးဝင်သေးကြောင်း သိရသည်။
ထိပ်သီးအစည်းအဝေးသို့ မြန်မာနိုင်ငံရေး၊ တိုင်းရင်းသားရင်ကြားစေ့ရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ ပြဿနာရပ်များနှင့် အာဆီယံဒေသသို့ ခြိမ်းခြောက်လာနိုင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတို့အား တင်ပြဆွေးနွေးရန် စီစဉ်ထားကြောင်း ဒေါ်ခင်ဥမ္မာက ပြောသည်။
ပြီးဆုံးသွားသည့် လူထုအခြေပြု အဖွဲ့အစည်းများညီလာခံသို့ ဘရူနိုင်းမှလွဲ၍ အခြားအာဆီယံ (၉) နိုင်ငံတို့မှ လူထုအခြေပြု အဖွဲ့အစည်းတို့က တက်ရောက်ခဲ့ကြပြီး မြန်မာကိုယ်စားပြု ပြည်တွင်း၊ ပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများအပြင် စစ်အစိုးရ ကျောထောက်နောက်ခံပြု ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့တို့လည်း တက်ရောက်ခဲ့ကြသည်။
လူ့အခွင့်အရေးချိုးဖောက်မှု၊ နိုင်ငံရေးအကျဉ်းသား ပြန်လွှတ်ပေးရေး စသည့်အချက်တို့ကို ထိပ်သီးအစည်းအဝေးသို့ တင်ပြရာတွင် ထည့်သွင်းခြင်းမပြုရန် ပြည်တွင်းအဖွဲ့အချို့က အပြင်းအထန် ကန့်ကွက်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
အာဆီယံအဖွဲ့၏ ယမန်နှစ်က အတည်ပြုခဲ့သည့် ပဋိညာဉ်တွင် အာဆီယံဒေသတွင်း ပြည်သူတို့၏ဘဝကို မြှင့်တင်ပေးရန်နှင့် အငြင်းပွားဖွယ် “လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်မှုများ ကာကွယ်တိုးမြှင့်ရေး” အတွက် ကော်မရှင်တရပ်ဖွဲ့စည်းရန် ပါဝင်သော်လည်း အကောင်အထည် ဖော်ဆောင်နိုင်ခြင်း မရှိသေးချေ။ ( ခေတ်ပြိုင် )
ထိုင်းနိုင်ငံမှာ ကျင်းပတော့မယ့် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ့် မြန်မာနိုင်ငံက လူထုအဖွဲ့အစည်း ကိုယ်စားလှယ်အဖြစ် မြန်မာ့အရေး လှုပ်ရှားသူ ဒေါ်ခင်ဥမ္မာကို ရွေးချယ်လိုက်ပါတယ်။ မြန်မာစစ်အစိုးရက သူတို့စိတ်တိုင်းကျ ရွေးချယ်ထားတဲ့ လူတချို့ကို လူထုအဖွဲ့အစည်း ကိုယ်စားလှယ်တွေအဖြစ် စေလွှတ်ခဲ့ပေမဲ့ စိစစ်ရေးအဖွဲ့က ဆွေးနွေးစဉ်းစားပြီး ဒေါ်ခင်ဥမ္မာကို အခုလို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး နော်ရှိုးက ဒေါ်ခင်ဥမ္မာကို ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။
လာမယ့် အောက်တိုဘာလ ၂၃ ရက်မှာ စတင်ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲမှာ နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ့် အာဆီယံနိုင်ငံ အသီးသီးက လူထုကိုယ်စားပြု အဖွဲ့အစည်း ကိုယ်စားလှယ်တွေထဲမှာ မြန်မာနိုင်ငံက တဦးအဖြစ် ပြည်ပအခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေသူ ဒေါ်ခင်ဥမ္မာကို ရွေးချယ်လိုက်ပါတယ်။ ဒေါ်ခင်ဥမ္မာဟာ ရှစ်လေးလုံး အရေးတော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့ပြီး နောက်ပိုင်း ပြည်ပကို ထွက်ခွာလာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းအခြေစိုက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အပါအ၀င် မြန်မာ့ရေးရာ အဖွဲ့အစည်း တော်တော်များများမှာ ပါဝင်လှုပ်ရှားနေသူတဦး ဖြစ်ပါတယ်။
အခုလို ရွေးချယ်ခံရတာနဲ့ ပတ်သက်ပြီးတော့ ဒေါ်ခင်ဥမ္မာက ဗွီအိုအေကို အခုလို ပြောခဲ့ပါတယ်။
“နိုင်ငံတခုရဲ့ လူထုအခြေပြု အဖွဲ့တွေကို ကိုယ်စားပြုတဲ့သူကို ရွေးတယ်ဆိုရင် ရွေးရတဲ့နေရာမှာ လိုက်နာရမယ့် စံချိန်စံနှုန်းတွေ၊ လိုက်နာဖို့ အချက်အလက်တွေ ရှိတယ်။ အဲဒီ အချက်အလက်တွေထဲမှာ ဖေဖော်ဝါရီ ၂၀၀၉ မှာ ကျင်းပသွားတဲ့ အာဆီယံ လူထုစည်းဝေးပွဲကြီးမှာ ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ မနေ့ကမှ ကျင်းပ ပြီးစီးသွားတဲ့ အာဆီယံ လူထုစည်းဝေးပွဲရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း လိုက်နာရမယ်ဆိုတာ ရှိတယ်။
“အဲဒီထဲမှာ ကျမတို့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့၊ အထူးသဖြင့် နိုင်ငံရေးနဲ့ လုံခြုံရေးကဏ္ဍမှာ မြန်မာနိုင်ငံရဲ့ လောလောဆယ် အခြေအနေကို သေချာ တင်ပြထားတဲ့ဟာ အားလုံး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး၊ နအဖကနေပြီး သူတဦးတည်း အတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည်သုံးသပ် ပြင်ဆင်ရေး၊ အဲဒီလို မလုပ်ရင် ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပမှာကိုလည်း လက်မခံဘူး၊ ရလာမယ့် ရလဒ်ကိုလည်း အသိအမှတ် မပြုဘူး၊ ရွေးကောက်ပွဲကိုလည်း အသိအမှတ် မပြုဘူး၊ ကလေးစစ်သားသုံးတဲ့ ကိစ္စတွေ၊ စစ်တပ်ကနေ တိုင်းရင်းသူ အမျိုးသမီးတွေကို မုဒိမ်းကျင့်တဲ့ ကိစ္စတွေ၊ ဒါတွေကို ရပ်ဖို့ကိစ္စတွေ၊ အဲဒါတွေလည်း ပါတော့ ခုန ကိုယ်စားလှယ် သွားမယ့်လူက ဒါတွေကို သက်ဝင်ယုံကြည်သူ ဖြစ်ရမယ်၊ ထောက်ခံတဲ့သူ၊ ပြောတဲ့သူ၊ ကိုယ်စားပြုတဲ့သူ ဖြစ်ရမယ်။
“အဲဒီလို ရွေးတဲ့နေရာမှာ နအဖဘက်က လွှတ်လိုက်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ အနေနဲ့က ဒီလိုမျိုး အကြောင်းအရာတွေကို သူတို့က ပြည်သူ့အတွက် ကိုယ်စားပြုပြီး ပြောဖို့အတွက် အခြေအနေမှ မပေးတာ။ အဲတော့ အဲဒီအခြေခံ မူအပေါ်မှာပဲ ရွေးတဲ့သဘောပါ။ ကျမတို့ နယ်စပ်အခြေစိုက် လူထုအခြေပြု အဖွဲ့အစည်းတွေက လာထားတဲ့သူတွေ အနေနဲ့ကတော့ သူတို့ကိုလည်း ကျမတို့က ပွင့်ပွင့်လင်းလင်း ပြောပြတာက ဘယ်သူပဲဖြစ်ဖြစ် သူတို့ဘက်က ကိုယ်စားပြု သွားချင်တဲ့သူ ရှိရင်လည်း ကိုယ့်ပြည်သူရဲ့ တကယ်ဖြစ်နေတဲ့ ဘ၀အမှန်၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ အခြေအနေမှန်တွေကို ကိုယ်စားပြုပြီး တကယ်တင်ပြနိုင်တယ်ဆိုရင် ကျမတို့က ရွေးချယ်ဖို့ အဆင်သင့်ပဲဆိုပြီး ကျမတို့ဘက်ကလည်း လမ်းဖွင့်ပေးပါတယ်။
“သို့သော်လည်း တကယ်တမ်း သူတို့အနေနဲ့ အဲလိုပြောဖို့ အနေအထား မရှိတဲ့အခါကြတော့ နယ်စပ်အခြေစိုက်ထဲကနေပဲ ကျမအနေနဲ့ ဒီအခြေအနေတွေကို တင်ပြနိုင်ဖို့အတွက်ဆိုပြီး ရွေးချယ်ခံရတဲ့ သဘောပါပဲ။”
အစ်မက အခု အာဆီယံ လူထုအခြေပြုအဖွဲ့မှာ မြန်မာပြည် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရတယ်ဆိုတော့ ဘယ်အဖွဲ့အစည်းကို ကိုယ်စားပြုပြီး တက်ရောက်ဖို့ ရှိပါသလဲ။
“အခုက နယ်စပ်မှာ ရှိနေကြတဲ့ အထဲမှာ အခု ဒီအစည်းအဝေးကို ကျမတို့ လာတက်တာဆိုရင် ကျမတို့ခေါ်တာတော့ Task Force on ASEAN and Burma အာဆီယံနဲ့ မြန်မာနိုင်ငံရေးရာ အထူးလုပ်ငန်းအဖွဲ့ ဆိုပြီးတော့ နယ်စပ်အခြေစိုက် လူထုအခြေပြု အဖွဲ့အစည်းတွေ ပူးပေါင်းပြီး လုပ်ဆောင်နေကြတာ ရှိတယ်။ အဲဒါက အမျိုးသမီးရေး၊ လူ့အခွင့်အရေး၊ ကလေးအခွင့်အရေး၊ ကလေးစစ်သားကိစ္စ၊ ကျန်းမာရေး၊ ပညာရေး၊ ဒီမိုကရေစီရေး၊ တိုင်းရင်းသားအခွင့်အရေး၊ သဘာဝ ပတ်ဝန်းကျင်ရေးရာ၊ ဒါမျိုးတွေလုပ်နေတဲ့ အဖွဲ့တွေ အားလုံး စုပြီးတော့မှ ပူးပေါင်း လုပ်ဆောင်နေတဲ့အဖွဲ့။ အဲဒီ အထူးလုပ်ငန်းအဖွဲ့ရဲ့ အဖွဲ့ဝင် တယောက်အနေနဲ့ ကျမတက်တာပါ။”
ဒေါ်ခင်ဥမ္မာ ပြောပြခဲ့တာ ဖြစ်ပါတယ်။
အာဆီယံဟာ လူထုအခြေပြု အဖွဲ့အစည်း ဖြစ်ရမယ်ဆိုတဲ့ အာဆီယံ ပဋိညာဉ်စာတမ်းပါ မူအရ နိုင်ငံခေါင်းဆောင်တွေဟာ လူထုကိုယ်စားပြု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဖို့ ကိစ္စဆိုတာ ဖြစ်လာတာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံ အပါအ၀င် တချို့နိုင်ငံတွေမှာ NGO သို့မဟုတ် Civil Society အဖွဲ့အစည်းခေါ် လူထုအခြေပြု အဖွဲ့အစည်း အစစ်အမှန်တွေထက် စစ်အစိုးရ အလိုကျ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေကိုသာ ရွေးချယ်ဖို့ တင်သွင်းထားတာ ပိုများနေတဲ့အတွက် ဒီမူကို အကောင်အထည်ဖော်ဖို့ အခက်အခဲ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
ဒီနှစ်မှာ မြန်မာစစ်အစိုးရဘက်က လူထုကိုယ်စားပြု အဖွဲ့အစည်း ကိုယ်စားလှယ်တွေအဖြစ် အငြိမ်းစား ရဲမှူးကြီး ဦးစစ်အေး အပါအ၀င် ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ ကိုယ်စားလှယ်တွေ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်တွေကို စေလွှတ်ခဲ့ပေမဲ့ စိစစ်ရေးအဖွဲ့တွေက သူတို့ကို လက်မခံဘဲ ဒေါ်ခင်ဥမ္မာကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ်ရွေးချယ်ခံရတဲ့ ဒေါ်ခင်ဥမ္မာဟာ ယမန်နှစ်ကလည်း အလားတူ ရွေးချယ်ခံခဲ့ဘူးပေမဲ့ မြန်မာစစ်အစိုးရနဲ့ ကမ္ဘောဒီးယား အစိုးရတို့ရဲ့ ကန့်ကွက် ပယ်ချခြင်းကို ခံခဲ့ရပါတယ်။ ( ဗွီအိုအေ )
No comments:
Post a Comment