
မကွေးတိုင်း၊ သရက်မြို့ အကျဉ်းထောင်ရှိ နိုင်ငံရေးသမားတဦးကို ယမန်နေ့က ပြန်လွှတ်ရန် အာဏာပိုင်တို့က စီစဉ်ခဲ့သော်လည်း အဆိုပါ နိုင်ငံရေးသမားက ခံဝန်ချက် လက်မှတ်ထိုးခြင်း မပြုသဖြင့် ပြန်လည် အကျဉ်းချလိုက် သည်ဟု သိရသည်။
ထိုသို့ ပြန်လည် အကျဉ်းကျသွားသူမှာ နှစ်ရှည် အကျဉ်းသား ဦးဘမျိုးသိန်း ဖြစ်သည်ဟု သိရသည်။
“၄၀၁ မထိုးလို့ ပြန်ထည့်လိုက်တယ်” ဟု သရက်မြို့ အကျဉ်းထောင်သတင်းများကို စောင့်ကြည့်နေသူတဦးက မိုးမခကို ပြောသည်။
၄၀၁ ဟူသည်မှာ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ကို အတိုကောက် ခေါ်ဆိုကြခြင်းဖြစ်သည်။
ကျန်ရှိနေသည့် ထောင်ကျနှစ်များကို လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်သော်လည်း အနာဂတ်တွင် ပြန်လည် အကျဉ်းကျပါက ယခင် ထောင်ကျနှစ်များကိုလည်း ပူးတွဲ ခံစားရမည်ကို သဘောတူပါကြောင်း လက်မှတ်ရေးထိုးရခြင်း ဖြစ်သည်။ ပုဒ်မ ၄၀၁ အရ လက်မှတ်ထိုးခြင်းဟု ခေါ်ကြသည်။
လက်မှတ်ထိုးရန် သဘောမတူသည့် ဦးဘမျိုးသိန်းသည် လွတ်ရက်စေ့ရန် ၂ လသာ လိုတော့သည်ဟု သိရသည်။
အင်းစိန်ထောင်တွင်ရှိစဉ်က ကုလသမဂ္ဂသို့ စာရေးသားပေးပို့သဖြင့် စစ်အစိုးရက သူ့ကို ထောင်ဒဏ် ၁၂ နှစ် ထပ်မံ တိုးမြှင့်လိုက်သည်။ ဦးဘမျိုးသိန်း အကျဉ်းချခံနေရသည့် နှစ်ပေါင်း ၁၉ နှစ် ရှိပြီ ဟု သိရသည်။ ( မိုးမခ )
No comments:
Post a Comment