အာဆီယံအသင်းဝင် နိုင်ငံ ၅ နိုင်ငံ ခရီးစဉ်၏ အစိတ်အပိုင်းတခုအဖြစ် မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် အမေရိကန်နိုင်ငံ အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်သည် ပြီးခဲ့သည့် အပတ်အတွင်းက စစ်အစိုးရမှ အလုပ်နှင့် ထောင်ဒဏ် ၁၈ လ ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ တွေ့ဆုံခဲ့ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုသည်။
''မစ္စတာ ဂျင်မ်ဝက်ဘ်က နေပြည်တော်က ပြန်လာပြီးနောက် ဒီကနေ့ နေ့လည်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့တယ်'' ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
ဆီးနိတ်အမတ်သည် ယနေ့ အစောပိုင်းက စစ်အစိုးရရုံးစိုက်ရာ နေပြည်တော်သို့ ဆင့်ခေါ်ခံရသည့် အန်အယ်ဒီ ခေါင်းဆောင် ၃ ဦး အပါအဝင် ပါတီပေါင်း ၁၀ ပါတီမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သလို၊ မြို့တော်ဟောင်း နေပြည်တော်သို့ ပြန်မလာခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခဲ့သေးသည်။
မျက်မြင်သက်သေများ အဆိုအရ မစ္စတာဝက်ဘ် နေထိုင်ရာ ရန်ကုန်မြို့ အစိုးရဧည့်ဂေဟာသို့ ဒေါ်အောင်ဆန်းစုကြည်အား လုံခြုံရေးအစောင့်အရှောက်များနှင့် ခေါ်ဆောင်သွားကာ ယနေ့ နေ့လည်ပိုင်းက တွေ့ဆုံခဲ့ကြောင်း သိရသည်။
နေပြည်တော်တွင် ၎င်း၏ ပါတီခေါင်းဆောင်များနှင့် မစ္စတာဝက်ဘ်သည် တွေ့ဆုံခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောဆိုခဲ့သော်လည်း အသေးစိတ်ကို ထုတ်ဖော်ပြောဆိုခြင်း မပြုပါ။
မစ္စတာဝက်ဘ်သည် လွန်ခဲ့သည့် ဆယ်စုနှစ် တခုကျော်အတွင်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခဲ့သည့် အမေရိကန် အဆင့်အမြင့်ဆုံး အရာရှိတဦးဖြစ်ပြီး၊ ယခု ခရီးစဉ်သည် အမေရိကန် သမ္မတ မစ္စတာအိုဘားမား အစိုးရ၏ အရှေ့တောင်အာရှတွင် ဧကစာကျင့်နေသည့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ မူဝါဒများ ချမှတ်ရန် ပြန်လည်သုံးသပ်ရေးအတွက် အသုံးဝင်လိမ့်မည်ဟု မြန်မာ့အရေး လေ့လာသုံးသပ်သူများက ခန့်မှန်းကြသည်။
“ကျနော်တို့ကတော့ အခုအချိန်မှာ မစ္စတာ ဂျင်မ်ဝက်ဘ်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး မှတ်ချက် တစုံတရာ ပေးဖို့ မရှိပါဘူး။ သူဟာ အမေရိကန် အစိုးရကို ကိုယ်စားပြုပြီး လာတာမဟုတ်ဘူးလို့ ကျနော်တို့ နားလည်ထားပါတယ်” ဟု ဦးညဏ်ဝင်းက ပြောဆိုသည်။
( မဇ္ဈိမ )
Sunday, August 16, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment