နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲဆို စီရင်ချက်ချခြင်းသည် အာဏာသက်ဝင်မှုမရှိတော့သည့် ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို အသုံးပြုခဲ့ခြင်းဖြစ်၍ အန်အယ်လ်ဒီက ပြင်းထန်စွာ ကန့်ကွက်ကြောင်း ယနေ့ကြေညာချက်ထုတ်ပြန်သည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျပ်ချုပ် (၁) နှစ်ခွဲ ထပ်မံချထားခြင်းခံရပြီးနောက် အန်အယ်လ်ဒီ ဗဟိုအလုပ် အမှုဆောင်များက ယနေ့ ဆွေးနွေးညှိနှိုင်းပြီး ကြေညာချက် (၂) စောင်ထုတ်ပြန်ခဲ့သည်။
ယခုကဲ့သို့ ကြေညာချက် (၂) ခု ထုတ်ပြန်ရခြင်းမှာ နိုင်ငံရေးနှင့် တရားစီရင်ရေးကို ခွဲခြားဖော်ပြလို၍ဖြစ်ကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဝင်းနိုင်က ပြောသည်။
“မနေ့က သူတို့ကလည်း တရားစီရင်ရေးအပိုင်းက တပိုင်းနဲ့ ပြစ်ဒဏ်ချတယ်။ တပိုင်းကလည်း အုပ်ချုပ်ရေးပိုင်းကနေပြီးတော့ သက်ညှာစွာစဉ်းစားပြီး ပြစ်ဒဏ်တွေကို လျှော့ပေးတယ်လို့ ပြောတယ်။ ကျနော်တို့ကလည်း နှစ်ပိုင်းခွဲပြီး သဘောထားထုတ်ပြန် လိုက်တယ်။ တပိုင်းက နိုင်ငံရေးနဲ့ တပိုင်းက တရားစီရင်မှုအပေါ် အန်အယ်လ်ဒီရဲ့သဘောထားဆိုပြီး ခွဲထုတ်လိုက်တာ” ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။
အန်အယ်လ်ဒီကထုတ်ပြန်ခဲ့သော ကြေညာချက် (၂) ခုအနက် ကြေညာချက်အမှတ် (၂၅/၀၈/၀၉) တွင် ဒေါ်အောင်ဆန်းစုကြည်အား ၁၉၇၄ ခုနှစ် အခြေခံဥပဒေတွင်ပါရှိသော မူလအခွင့်အရေးကို အခြေပြု၍ ကန့်သတ်မိန့်နှင့် တားဆီးမိန့်အား ဖောက်ဖျက်သည်ဟု အာဏာပိုင်တို့က တရားစွဲဆိုခဲ့သော အမှုဖြစ်ကြောင်း၊ ထိုဖွဲ့စည်းပုံအခြေခံဥပဒေမှာ တရားဝင်ရပ်စဲပြီးဖြစ်၍ အာဏာသက်ရောက်ခြင်းမရှိတော့ကြောင်း၊ ဥပဒေအာနိသင် လုံးဝမရှိတော့သည့် ဥပဒေအပေါ် မူတည်ကာ တရားစွဲဆိုခြင်းသည် မူလကတည်းက ပျက်ပြယ်ပြီးဖြစ်ကြောင်း၊ သို့ပါလျက် ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ဒေါ်အောင်ဆန်းစုကြည်အား အလုပ်နှင့်ထောင်ဒဏ် (၃) နှစ်ကျခံစေရန် စီရင်ချက်ချမှတ်ခဲ့သည်မှာ ဥပဒေနှင့်ညီညွတ်ခြင်း မရှိသည့်အပြင် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်၍ ပြင်းထန်စွာကန့်ကွက်ကြောင်း ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက တရားစွဲစကပင် ၁၉၇၄ ခုနှစ် အခြေခံဥပဒေသည် အာဏာသက်ဝင်မှုမရှိကြောင်း တရားရုံးသို့ လျှောက်လဲတင်ပြခဲ့ကြသည်။
သို့သော် တရားရုံးက ၁၉၇၄ ခုနှစ် အခြေခံဥပဒေရှိမရှိကို အဆုံးအဖြတ်ပေးသွားခြင်းမရှိကြောင်း အန်အယ်လ်ဒီပါတီ ပြောခွင့်ရ ဒေါက်တာဝင်းနိုင်က ပြောသည်။
၎င်းက “၁၉၇၄ ခုနှစ် အခြေခံဥပဒေရှိမရှိကို သူတို့ မဆုံးဖြတ်ဘူးတဲ့။ (၇၄) ရှိခြင်းမရှိခြင်းကို သူတို့က မဆွေးနွေးကြတော့ဘူး။ ဒါနဲ့ပတ်သက်လို့ သူတို့မပြောဘူး။ ပုဒ်မ (၂၂) ကို ကျူးလွန်တယ်ဆိုပြီးတော့ပဲ ချလိုက်တယ်။ ၁၉၇၄ ခုနှစ် အခြေခံဥပဒေ ရှိခြင်းမရှိခြင်းကို ဆက်လက်ပြီး အငြင်းမပွားဘူးလို့ သူတို့ကပြောတယ်” ဟု ရှင်းလင်းပြောဆိုသည်။
အန်အယ်လ်ဒီပါတီအနေဖြင့် ၁၉၇၄ ခုနှစ် အခြေခံဥပဒေသည် အာဏာသက်ဝင်မှုမရှိကြောင်း ယနေ့ အတိအလင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ကြေညာချက်အမှတ် (၂၄/၀၈/၀၉) တွင်မူ နအဖဥက္ကဋ္ဌက ပြည်ထဲရေးဝန်ကြီးဌာနမှတဆင့် ထုတ်ပြန်ခဲ့သော စာအမှတ်-၀၄/နယက (ဥ) / လငခ ၌ ဖော်ပြထားသော ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို အသက်ပေး၍ ရယူပေးခဲ့သည့် နိုင်ငံ့ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ခြင်းကြောင့် ဟူ၍ အစချီဖော်ပြထားသော အပိုဒ်ခွဲ (၃)ကို အန်အယ်လ်ဒီပါတီက မှတ်သားထားကြောင်း ဖော်ပြသည်။
ထို့နောက် အန်အယ်လ်ဒီက ချမှတ်ထားသော မူ (၇) ချက်တွင်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် အာဃာတ ကင်းစင်သော အထွေထွေသဟဇာတဖြစ်မှု ရှေးရှုရေးတို့ ပါရှိပြီးဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်သည်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးကို ကနဦးကပင် အားထုတ်နေသူဖြစ်သည့်အပြင် နိုင်ငံရေးအရ အပေးအယူပြုလုပ်ကာ ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိသူလည်းဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးစုများနှင့် ဒီမိုကရေစီအင်အားစုများက ယုံကြည်အားထားနိုင်သူလည်းဖြစ်ကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွင် မလွဲမသွေပါဝင်ရန် လိုအပ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
နအဖအနေဖြင့် တိုင်းပြည်နှင့် လူထုအကျိုးကို ရှေးရှုကာ တွေ့ဆုံဆွေးနွေးရေးကို စောလျင်စွာပြုလုပ်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးရေးအတွက် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကို အမြန်ဆုံးထုတ်ပြန်ပေးရန်လည်း တောင်းဆိုထားသည်။ ( ခေတ်ပြိုင် )
Thursday, August 13, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment