ပဲခူးမြို့ မြို့မဈေးထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများ ဖြန့်ဝေသူ အန်အယ်ဒီ အဖွဲ့ဝင် ၄ ဦးသည် ယနေ့နံနက်တွင် ခေတ္တဖမ်းဆီးခံခဲ့ရပြီး ဝန်ခံကတိလက်မှတ် ရေးထိုးခဲ့ပြီးနောက် ညနေပိုင်းတွင် ပြန်လွတ်လာသည်။
ပဲခူးမြို့ အန်အယ်ဒီ အဖွဲ့ဝင်များဖြစ်ကြသည့ှ် ဒေါ်ခင်ညွန့်မူ၊ ကိုကျော်ဝင်း၊ ဒေါ်ရွှေနှင့် ကိုပေါက်စီတို့ ၄ ဦးနှင့် အခြားတဦးတို့ ဖြစ်သည်။
“မနက်တုန်းက အခြေအနေကတော့ ကျနော်တို့ကို ခရိုင် (ခယက ကောင်စီ) ရုံးထဲ ခေါ်ပြီးတော့ ခဏထိန်းထားတာပေါ့ခင်ဗျ။ ကျနော်တို့ ၂ ချက်ခွဲ၊ ၃ နာရီလောက်ကျမှ မဝတ (မြို့နယ်ကောင်စီ) ဥက္ကဋ္ဌနဲ့ ကော်မရှင်ရုံးက အဖွဲ့တွေနဲ့ ပေးတွေ့ပါတယ်။ ကျနော်တို့ကို ဝန်ခံကတိ လက်မှတ်ထိုးခိုင်းပါတယ်။ နောက်နောင် အဲဒီလိုမျိုး မဝေဖို့လို့ပေါ့နော်။ ၄ ယောက်စလုံးကိုပေါ့နော်။ ထိုးခဲ့ရပါတယ်” ဟု ပြန်လည်လွတ်မြောက်လာသူ ကိုပေါက်စီက မဇ္ဈိမကို ပြောသည်။
ယနေ့နံနက် ၉ နာရီက ပဲခူးမြို့ရွှေမော်ဓော ဘုရားပေါ်ရှိ အင်္ဂါထောင့်တွင် အန်အယ်ဒီ အဖွဲ့ဝင် ၇ ဦးနှင့်အတူ ပြည်သူ အယောက် ၃၀ ကျော်တို့က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန်အတွက် ဝတ်ပြုဆုတောင်းမှုများ ပြုလုပ်ခဲ့ကြသည်။
ထို့နောက် ပဲခူးမြို့မ ဈေးကြီးသို့ ဆက်လက် သွားရောက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံများ ဝေငှရာမှ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။ ဓာတ်ပုံဝေနေစဉ်တွင် စစ်ဖက်လုံခြုံရေးတပ်ဖွဲ့ - စရဖ၊ ရဲအထူးသတင်း တပ်ဖွဲ့ဝင်များက ဆိုင်ကယ်များဖြင့် ဓာတ်ပုံများ လိုက်ရိုက်ခဲ့သေးသည်။
ဓာတ်ပုံဝေခြင်းသည် စည်းရုံး လှုံ့ဆော်သည့်သဘော သက်ရောက်သဖြင့် နောက်နောင် မပြုလုပ်ကြရန် မဝတ ဥက္ကဋ္ဌ က သတိပေးပြောကြားခဲ့သည်။
အလားတူပင် မကွေးတိုင်း ရေနံချောင်းမြို့ရှိ အန်အယ်ဒီခေါင်းဆောင်များဖြစ်သည့် ဦးတင့်လွင်၊ ဒေါ်ခင်စောဌေး၊ ဦးကျော်ငြိမ်း၊ ဦးသန်းအောင်၊ ဦးအေးကိုတို့ကို ယနေ့နံနက် ၄ နာရီခန့်တွင် နေအိမ်များမှ ဖမ်းဆီးခေါ်ဆောင်သွားပြီး ယခုထိ လွတ်မြောက်လာခြင်း မရှိသေးကြောင်း မိသားစုဝင်များက ပြောသည်။
“ဒီမနက် ၄ နာရီလောက်တည်းက ဖမ်းသွားတာ။ မိသားစုတွေနဲ့ အိပ်နေတဲ့အချိန်တွေမှာ တက်ပြီး ဖမ်းသွားတာ။ ဖမ်းတာကတော့ ဝတ်ပြုဆုတောင်းပွဲတွေ မဖြစ်မြောက်အောင်လို့ ဖမ်းတာပေါ့။ သူတို့တွေ အဖမ်းခံရပေမယ့် ကျမတို့ ကျန်တဲ့လူတွေကတော့ ဒီမြို့မှာရှိတဲ့ ဘုရားတွေနေရာ ၈ ခုလောက် ကိုယ့်အဖွဲ့နဲ့ကိုယ် လုပ်ဖြစ်ကြပါတယ်” ဟု ဦးတင့်လွင်၏ ညီမဖြစ်သူ မသန်းသန်းက မဇ္ဈိမကို ပြောသည်။
ဒေါ်ခင်စောဌေးကိုမူ ယမန်နေ့ည ၁၂ နာရီအချိန်ခန့်၌ ရေနံချောင်းမြို့ရဲများက နေအိမ်သို့ဝင်ရောက်၍ ဧည့်စာရင်းစစ်ပြီးနောက် ပြန်သွားကြကာ ယနေ့နံနက် ၄ နာရီတွင် ပြန်လာကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဆုတောင်းပွဲများကို ပေါင်းတည်၊ နတ်တလင်း၊ ဇီးကုန်း၊ သနပ္ပင်၊ အင်းတကော်၊ ရေနံချောင်း အစရှိသည့် မြို့နယ်များတွင် ပြုလုပ်ခဲ့ကြသည်။ ( မဇ္ဈိမ )
Wednesday, August 12, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment