ဒေါ်စုကို စီရင်ချက် ချမည့်နေ့ကို သြဂုတ် ၁၁ သို့ ရွှေ့ဆိုင်း
ယနေ့တွင် စီရင်ချက်ချရန် လျာထားသော်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် စီရင်ချက်ချမည့်နေ့ကို သြဂုတ်လ ၁၁ ရက်နေ့သို့ ရွှေ့ဆိုင်းလိုက်ကြောင်း ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။
“သြဂုတ်လ ၁၁ ရက်နေ့ ၁ဝ နာရီမှာ ရုံးချိန်းပြန်ပေးလိုက်တယ်။ အကြောင်းပြချက်ကတော့ ဒီအမှုကို ဥပဒေ စဉ်းစားသုံးသပ်တဲ့နေရာမှာ ပြဿနာတွေ ရှိနေတဲ့အတွက် စဉ်းစားသုံးသပ်လို့ မပြီးသေးဘူး။ ဒါကြောင့် ပြန်ရွှေ့ပါတယ်” ဟု သူ၏ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဥာဏ်ဝင်းက မဇ္ဈိမသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများနှင့် နိုင်ငံခြား သံသမန်များသာ တက်ရောက်ခွင့်ရသည့် အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် အထူးတရားရုံးက ယနေ့ ၁ဝနာရီ ၂၀ မိနစ်တွင် ရုံးချိန်း ပေးလိုက်ခြင်းဖြစ်သည်။
မည်သည့် ဥပဒေ ပြဿနာကို ပြန်လည် စဉ်းစားမည်ကိုမူ တရားရုံးအာဏာပိုင်များက တရားခွင်တွင် ပြောဆိုခြင်း မရှိခဲ့ကြောင်း သူက ဆက်ပြောသည်။
ယနေ့ တရားခွင်သည် နံနက် ၁၀ နာရီတွင် စတင်ပြီး မိနစ် ၂၀ သာ ကြာမြင့်ခဲ့ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ အမေရိကန်နိုင်ငံသား မစ္စတာ ယက်တော က ခိုးဝင်သည်ကို ဧည့်ခံသဖြင့် နေအိမ်အကျယ်ချုပ် စည်းကမ်း ချိုးဖောက်သည်ဟု စွပ်စွဲ၍ သူမအား စစ်အစိုးရက “နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၂၂” ဖြင့် ရုံးတင်စစ်ဆေးနေခြင်း ဖြစ်သည်။
အဆိုပါ ဥပဒေသည် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါဝင်သည့် ဥပဒေဖြစ်သောကြောင့် တရားမဝင်တော့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက တရားရုံးသို့ ယနေ့ ထပ်မံ တင်သွင်းခဲ့သည်ဟု ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။
“ကျနော်တို့ဘက်က မြင်တဲ့ ဥပဒေ ပြဿနာကိုတော့ ဒီနေ့ ကျနော်ထပ်ပြောတယ်။ ကျနော်တို့လဲ ဥပဒေ ပြဿနာတွေ တင်ပြထားတာတွေ ရှိတယ်။ ၇၄ ဥပဒေ အသုံးပြုခွင့် ရမရ၊ ဒေါ်စုပေါ်မှာ စွဲထားတာက ၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲက တချို့ပုဒ်မတွေဖြစ်တယ် ဆိုပြီးတော့ အဲဒီဥပဒေ မရှိဘူးဆိုရင် ဒေါ်စုကို တရားစွဲလို့ မရဘူး” ဟု သူကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ တရားဆိုင်သက်သေတဦးဖြစ်သူ ဒေါ်ခင်မိုးမိုးအား ယခုလ ၁၀ ရက် နေ့က မြောက်ပိုင်းခရိုင်တရားရုံးက စစ်ဆေးခဲ့သည်။
ဒေါ်ခင်မိုးမိုးက ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် အာဏာသက်ရောက်မှု မရှိတော့သဖြင့် ဤ ဖွဲ့စည်းပုံအရ ပြဋ္ဌာန်းထားသော ဥပဒေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုခြင်း မပြုနိုင် ကြောင်း ခုခံချေပခဲ့သည်။
တရားလိုဘက်ကမူ အစိုးရအပြောင်းအလဲ ဖြစ်ခဲ့သော်လည်း အဆိုပါ ဖွဲ့စည်းပုံအခြခံ ဥပဒေမှာ အသက်ဝင်လျက်ပင် ရှိသေးကြောင်း ပြောဆိုခဲ့သည်။
လာမည့် ရုံးချိန်းအတွက် အမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က သူ၏ ရှေ့နေများနှင့် ထပ်မံတွေ့ဆုံဆွေးနွေးနိုင်ရေး ဆက်လက်ဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြော ဆိုလိုက်သည်ဟု သိရသည်။
ယခုကဲ့သို့ ရုံးချိန်းရက် ထပ်ရွှေ့ပြောင်း လိုက်သည့်အပေါ် ရှေ့နေ ဦးဥာဏ်ဝင်းက “တရားရုံးက ပြောတာက ဥပဒေ ပြဿနာတွေ စဉ်းစားသုံးသပ်ဖို့ ရှိနေလို့ အဲဒီလို ပြောတာဘဲ။ အဲဒါက ကောင်းပါတယ်။ ဥပဒေ ပြဿနာက စဉ်းစားရမှာပါဘဲလေ။ ဒါက ကျနော်တို့ လက်ခံပါတယ်” ဟု သုံးသပ်သည်။
--------------------------------------
ရှေနေများနှင့် သံတမန်များ ဝင်ပြီ
ယနေ့ နံနက် ၁ဝ နာရီတွင် ရှေ့နေများဖြစ်ကြသော ဦးဥာဏ်ဝင်း၊ ဦးလှမျိုးမြင့်၊ ဦးကြည်ဝင်းနှင့် ဒေါ်ခင်စောဌေးတို့နှင့် နိုင်ငံခြား သံသမန်ကား ၅ စီးတို့ အင်းစိန်ထောင် အထူးတရားရုံးသို့ ဝင်သွားပြီး ဖြစ်သည်။
အင်းစိန်ဈေးကို အဏာပိုင်များက ပိတ်ခိုင်းထားပြီး အစောပိုင်းရက်များကကဲ့သို့ပင် အင်းစိန်လမ်းကြီးကိုပိတ်ထားသည့်အပြင် လမ်းသွယ်များကိုပါ ပိတ်ဆို့ထားလိုက်သည်။
သို့သော် လုံခြုံရေးတင်းကြပ်သည့်ကြားမှ ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြောင်းပြသသည့်အနေဖြင့် ပါတီဝင်များအပါအဝင် လူ ၅ဝဝ ခန့် စုရုံး ရောက်ရှိနေကြပြီ ဖြစ်သည်။ (မဇ္ဈိမ)
Friday, July 31, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment