ဗုဒ္ဓဟူးနေ့၊ မေလ 20 2009 15:25 - မြန်မာစံတော်ချိန်
ဗဟန်းမြို့နယ် ရဲစခန်းမှူး တင်ဇော်ဝင်း က တရားလိုပြ သက်သေအဖြစ် ထွက်ဆိုသည့် ယနေ့ တရားခွင်ကို မွန်းလွဲ ၁ နာရီ ၁၀ မိနစ်မှာစတင်ပြီး ၂ နာရီ ၁၀ မိနစ်တွင် အဆုံးသတ်သွားခဲ့သည်။
အောက်ဖော်ပြပါ အချက်များမှာ အင်းစိန် အကျဉ်းထောင် အတွင်းရှိ အထူးတရားရုံးသို့ ဝင်ရောက် နားထောင်ခွင့်ရသည့် သတင်းထောက်များ၏ ပြောကြားချက်ကို ပြန်လည် ရေးသားထားခြင်း ဖြစ်ပါသည်။
အင်္ကျပန်းရောင်၊ ယောလုံချည်အနီ ဝတ်ဆင်ထားပြီး လက်ကိုင်အိတ်အနက် ကိုင်ဆောင်ထားသော ဒေါ်အောင်ဆန်းစုကြည်မှာ ၁၂ နာရီ မိနစ် ၅၀ ခန့်တွင် ဆလွန်းကား ၁ခ/ ၈၉၁၈ ဖြင့် ရောက်ရှိလာခဲ့သည်။ ဒေါ်ခင်ခင်ဝင်း နှင့် မဝင်းပပကတော့ ဗင်ကားတစီးဖြင့် ရောက်လာခဲ့သည်။
သူ၏ ထုံးစံအတိုင်း ယုံကြည်မှု အပြည့်အဝနှင့် တည်တည်ငြိမ်ငြိမ်ပင် တရားရုံးတွင်းသို့ ဝင်ရောက်လာခဲ့ကာ သူ၏ ရှေ့နေများကို နှုတ်ဆက်ကာ နေရာယူခဲ့သည်။
တရားလိုပြ သက်သေက ထွက်ဆိုပြီးနောက် တရားခွင်အပြီးတွင် သံတမန်များကို ဒေါ်အောင်ဆန်းစုကြည်က နှုတ်ဆက်စကား ဆိုသွားခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဥက္ကဌဖြစ်သော ရုရှားနိုင်ငံ၏ သံအမတ်၊ ထိုင်းနှင် စင်္ကာပူတို့မှ သံအမတ်များက ဒေါ်အောင်ဆန်းစုကြည်နှင့် တရားခွင်အပြီး သီးခြား တွေ့ဆုံခွင့်ရကြသည်။
နိုင်ငံခြား သတင်းထောက် တယောက်ကို သူ့အနေဖြင့် စကားပြောခွင့် မရသဖြင့် စိတ်မကောင်း ဖြစ်မိပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
နိုင်ငံခြား သတင်းထောက် တယောက်က တရားခွင်ပုံကို ပန်းချီဆွဲလာခဲ့သည်။
------------------------------------------------
အင်းစိန်ထောင်ရှေ့က ရှင်းလင်းပွဲငယ်
ဗုဒ္ဓဟူးနေ့၊ မေလ 20 2009 15:00 - မြန်မာစံတော်ချိန်
အင်းစိန် အကျဉ်းထောင် အတွင်းမှ ပြန်ထွက်လာသူ သတင်းထောက် အချို့က လုပ်ဖော်ကိုင်ဖက်များကို တရားခွင်တွင် မြင်တွေ့ခဲ့ရသည့်များကို ပြန်လည် ပြောပြရာတွင် ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာပြီး စိတ်ဓာတ်ကြံ့ခိုင်မှုကလည်း အထင်းသား ပေါ်လွင်နေသည်ဟု ပါရှိသည်။
အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန်ဝီလီယံ ယက်တော ကတော့ စိုးရိမ် တုန်လှုပ်ဟန် ရှိသည်ဟုလည်း ပါရှိသည်။
ရှင်းလင်း ပြောပြနေစဉ်တွင် စစ်အစိုးရ လက်သပ်မွေး စွမ်းအားရှင်များက အစုပြုံလိုက် နောက်မှ လာရောက်သည့်အတွက် ရှင်းလင်းမှု ရပ်ဆိုင်းသွားပြီး ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဘက်သို့ ဆက်လက် ခရီးဆက်သွားကြသည်။
------------------------------------------------
ယနေ့ တရားခွင် ပြီးဆုံး
ဗုဒ္ဓဟူးနေ့၊ မေလ 20 2009 14:45 - မြန်မာစံတော်ချိန်
သံတမန်များ၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ၊ သတင်းထောက်များ အင်းစိန်ထောင် အတွင်းမှ ပြန်လည် ထွက်လာပြီ ဖြစ်သည်။
ဖိတ်ကြားထားသူများ အင်းစိန်ထောင်အတွင်း ဝင်ရောက်
ဗုဒ္ဓဟူးနေ့၊ မေလ 20 2009 13:45 - မြန်မာစံတော်ချိန်
နိုင်ငံခြား သံရုံးကား ၂၅ စီးခန့် အပါအဝင် ဖိတ်ကြားထားသော အထူး ဧည့်သည်များနှင် ပြည်တွင်း သတင်းထောက်များ လိုက်ပါလာသော ကားတို့ အင်းစိန်ထောင်တွင်းသို့ ဝင်ရောက်သွားပြီ ဖြစ်သည်။
ဓာတ်ပုံ ရိုက်နေသူ လူငယ်တဦးကို အရပ်ဝတ် လုံခြုံရေးများက ဖမ်းဆီးသွားခဲ့သော်လည်း ပြန်လည် ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။
( မဇ္ဈိမ )
Wednesday, May 20, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment