Thursday, February 18, 2010
Tuesday, February 16, 2010
လူ့အခွင့်အရေး ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ရှေ့နေ ၄ ဦးနဲ့ ရန်ကုန်မှာ တွေ့ဆုံ
“မစ္စတာ ကင်တားနား ရောက်ကတည်းက ကုလသမဂ္ဂ ဒီမှာရှိတဲ့ အဖွဲ့တွေနဲ့ တွေ့တယ်။ တွေ့ပြီးတော့ စောစောက ရှေ့နေ ဦးကြည်ဝင်းရယ်၊ ဦးဉာဏ်ဝင်းရယ် အဖွဲ့ အားလုံး ၄ ယောက်၊ သူတို့နဲ့ တွေ့တယ်။ နောက် တရားသူကြီး ဦးသောင်းညွန့်၊ ဦးညီညီစိုးတို့နဲ့ပါ တခါတည်း တွေ့သွားတယ်။”
မစ္စတာ ကင်တားနားဟာ ဒီနေ့ ရန်ကုန်မှာရှိတဲ့ နိုင်ငံခြားသံရုံးတွေက သံတမန်တွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ် စစ်တွေမြို့ကို မနက်ဖြန် အင်္ဂါနေ့ မနက်စောစောမှာ သွားရောက်မှာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာတော့ ဘူးသီးတောင်မြို့ကို သွားရောက်မယ်လို့ သိရပါတယ်။ ရန်ကုန်မြို့ကို ကြာသပတေးနေ့မှာ ပြန်လည်ရောက်ရှိဖို့ ရှိတယ်လို့ ဦးအေးဝင်းက ဗွီအိုအေကို ပြောပြပါတယ်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]
Monday, February 15, 2010
ဒီပဲယင်းဖြစ်ရပ်သည် နိုင်ငံရေးလှုပ်ကြံမှုဟု ဦးတင်ဦးပြောကြား

ဖေဖော်ဝါရီ (၁၃) ရက်နေ့ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသော အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ည (၁၀) ခန့်တွင် သွားရောက်တွေ့ဆုံ စကားပြောဆိုခဲ့သည့် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်အား ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းကာ ဦးဝင်းတင်၏ ပြန်လည်ပြောကြားချက်များကို တင်ပြထားပါသည်။
ပထမဆုံး ကျနော်ပြောချင်တာကတော့ သူ့ကျန်းမာရေးအခြေအနေကောင်းပါတယ်တဲ့။ သူ့မှာ မျက်စိထဲကနေ သွေးယိုတာပေါ့ဗျာ။ အဲဒါရှိတာက အပ သူ့ကျန်းမာရေး ကောင်းပါတယ်တဲ့။ ကျနော်လည်း ၀မ်းသာရတာပေါ့ဗျာ။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]
နောက်တခုက သူပြင်ပနိုင်ငံရေးတွေနဲ့ပတ်သက်ပြီး in touch ဖြစ်ပါတယ်တဲ့။ ဘာလို့လဲဆိုတော့ သူ့အိမ်မှာ စလောင်းတို့ဘာတို့ ရှိနေတဲ့အခါကျတော့ ပြည်သူလူထုက လွှင့်တဲ့ဟာတွေရော၊ အာအက်ဖ်အေတို့ ဗွီအိုအေတို့ ဘာတို့က လွှင့်တာတွေရော မပြတ်နားထောင်နေပြီးတော့ ပြည်ပနိုင်ငံရေးကို သိရှိနေပါတယ်တဲ့။ တချိန်တည်းမှာပဲ ကျနော်တို့ရဲ့ ရပ်တည်ချက်တွေကိုလည်း သူကောင်းကောင်းသဘောပေါက်တယ်လို့ ပြောသွားပါတယ်။ ဦးတင်ဦးဟာ နိုင်ငံရေးနဲ့ မပြတ်မလပ် မကင်းမကွာ ရှိနေတယ် ဆိုတာ သိရပါတယ်။
နောက်တခုက သူ ဒီပဲယင်းကိစ္စကို တော်တော်များများပြောပါတယ်။ ဒီပဲယင်းမှာ သူပုန်သတ်ဖြတ်မှုကြီးကို ကျော်လွှားတဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူနဲ့ နှစ်ယောက် ရှိတာကိုး။ သူ့ရဲ့သုံးသပ်ချက်က ဘာလဲဆိုတော့ ဒီ ဒီပဲယင်းဖြစ်ရပ်ဟာ အမှန်တော့ နိုင်ငံရေးလှုပ်ကြံမှုပဲတဲ့။ ဘာလို့လဲဆိုတော့ သူတို့ ရန်ကုန်၊ မန္တလေး၊ မုံရွာတို့ကို ကျော်ဖြတ်လိုက်တဲ့အခါကျတော့ ဘာသွားတွေ့သလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဆန့်ကျင်တဲ့ စာတမ်းတွေ၊ နယ်ချဲ့လက်ကိုင်တုတ်တို့ ပုဆိန်ရိုးတို့ ဆိုတဲ့ ကြွေးကြော်သံတွေ၊ ဆောင်ပုဒ်တွေ၊ စာတမ်းတွေ ကိုင်ဆောင်ပြီးတော့ ကြံ့ဖွံ့တွေက ကန့်ကွက်ကြတယ်ပေါ့။ ကန့်ကွက်ပေမယ့်လို့ ဒီမြို့သုံးမြို့ကို ကျော်ဖြတ်လိုက်တဲ့အခါကျတော့ သူဘာသွားသတိထားမိလည်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို အဖွဲ့အစည်းတွေနဲ့ ရင်ဆိုင်ရတိုင်း အဲဒီအဖွဲ့အစည်းရဲ့နောက်မှာ တယောက်မှ မရှိလောက်အောင် ဒေါ်အောင်ဆန်းစုကြည်ဘက် ပါလာတယ်တဲ့၊ နောက်တခါ အဖွဲ့ထဲက အဖွဲ့ဝင်များကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည်နောက်ကို လိုက်လာတယ်။ လူငယ်တွေ ကျောင်းသားတွေဆိုတာကို သူတို့ အကြောင်းအမျိုးမျိုးနဲ့ စည်းရုံးပြီး ခိုင်းစေထားသော်ငြားလည်း အဲဒီ ကြံ့ခိုင် ဖွံ့ဖြိုးရေးအဖွဲ့ထဲမှာ ပါနေတဲ့ လူငယ်တွေကိုက လိုက်လာကြတယ်ဆိုတာ သူတွေ့တယ်ပေါ့၊ ဒါက သူရဲ့ သုံးသပ်ချက်ပေါ့။
အဲဒီအချိန်ကစပြီး ကြံ့ဖွံ့ဆိုတဲ့ စစ်အစိုးရက ခိုင်းစေထားတဲ့ လက်ကိုင်တုတ်များဖြစ်တဲ့ အဖွဲ့အစည်းများ၊ နိုင်ငံရေးအရောင်ပြများ၊ လူမှုရေးအရောင်ပြ အဖွဲ့အစည်းရဲ့ အင်အားတွေဟာ အကုန်လုံးပြိုဆင်းသွားတယ်လို့ သူက သတ်မှတ်ပါတယ်။ ဒါက အရေးကြီးတဲ့ သုံးသပ်ချက်လို့ ကျနော် သဘောထားတယ်။
ဒီလို ပြိုဆင်းသွားတာကို သူတို့မြင်သွားတဲ့အခါမှာ ဒီပဲယင်းလိုနေရာမျိုး ညဖြတ်ရမယ့်နေရာမျိုးမှာ နိုင်ငံရေးလုပ်ကြံမှု၊ အကြမ်းဖက်မှုကို လုပ်တော့မယ်လို့ ဆုံးဖြတ်တယ်လို့ သူထင်မြင်ယူဆတယ်ပေါ့။ ဒါကတခုပေါ့၊ ဒီပဲယင်းရဲ့ အကြောင်းရင်းခံပေါ့။
နောက်တချက်က ဒီပဲယင်းမှာ အကုန်လုံးဝိုင်းရိုက်ကြတယ်။ လမ်းတလျှောက်လုံးကြားလာခဲ့ရတဲ့ ကြွေးကြော်သံတွေကိုပဲ မှောင်ထဲမည်းထဲမှာ ကြားရတယ်။ ကြားပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားကိုလည်း ရိုက်တယ်။ သူ့ကားကိုလည်း ရိုက်တယ်။ အဲဒီအခါမှာ သူ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းတယ်။ လွတ်ရာကျွတ်ရာကို သွားပါလို့ ဆိုတာကို မသွားဘူးလို့ ပြောတယ်တဲ့။ ကျမရဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်း အများကြီးအရိုက်ခံရတယ်။ အဲဒီအချိန်အခါမျိုးမှာ ကျမထွက်မသွားနိုင်ဘူး ဆိုပြီး အကြိမ်ကြိမ်ငြင်းတယ်။ အဲလို ငြင်းနေတုန်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် ကားဘေးမှာ မတ်တတ်ရပ်နေတဲ့ လူငယ်တွေလည်း အရိုက်ခံရတယ်။ အကုန်လုံး ၀ရုန်းသုံးကားဖြစ်သွားတဲ့အခါကျတော့ အဲဒီမှာ သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကားမောင်းတဲ့ ကလေးတွေကနေ ဒေါ်အောင်ဆန်းစုကြည် အသက်ကို ကယ်လိုက်တာပဲတဲ့။ အတင်းဖြစ်တဲ့နည်းနဲ့ ဖြတ်သန်းမောင်းသွားရတယ်ပေါ့။ အဲဒီအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသတ္တိ၊ ဓမ္မသတ္တိကိုလည်း သူချီးမွမ်းတယ်တဲ့။ ဒါတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဓမ္မဘက်မှာ ရပ်တည်နေတဲ့ စိတ်ဓာတ်ကြောင့်လည်း ကျော်ဖြတ်နိုင်တာ ဖြစ်တယ်လို့လည်း သူသုံးသပ်ပါတယ်။
နောက်သူကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည်တို့ လွတ်သွားပြီဆိုတဲ့အခါကျမှ သူ့ကားလည်း မောင်းသွားရတယ်။ အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်သူတွေနဲ့ သူကိုယ်တိုင်ရင်ဆိုင်ခဲ့ရတယ်။
အဓိကအရေးကြီးဆုံးကတော့ ဒီပဲယင်းကို သူက (၁) ကြံ့ဖွံ့လိုဟာမျိုးတွေ ဆိုးဝါးတဲ့ဟာ၊ (၂) ကတော့ ဒါဟာ နိုင်ငံရေး အကြမ်းဖက်မှု ဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။ ကာယကံရှင်ကိုယ်တိုင် ပါးစပ်က ပြောတာ ကြားရပါတယ်။
နောက်တခုက ရွှေဂုံတိုင်ကြေညာစာတမ်းနဲ့ ပတ်သက်လို့ ပါတီရဲ့မူဝါဒဖြစ်တယ်၊ ပါတီရဲ့တောင်းဆိုချက်တွေ ဖြစ်တယ်လို့ သူသတ်မှတ်တယ်။ ဒါကို တစုံတရာ အကြောင်းပြန်ခြင်း မရှိသရွေ့ကာလပတ်လုံး ဒီမူပေါ်မှာ စွဲစွဲမြဲမြဲ ရပ်တည်သွားမယ်လို့ ပြောပါတယ်။
နောက်တခု အရေးကြီးတဲ့တချက်က လူငယ်တွေနဲ့ပတ်သက်ပြီး သူ့စကားထဲမှာပါလာတဲ့ကိစ္စက ကျနော် အမှန်အတိုင်း ပြောရမယ်ဆိုရင် မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ဆိုတဲ့ ကျောင်းသားလူငယ်တွေ ထောင်ထဲမှာ ရှိနေတာ မကြိုက်ဘူးတဲ့။ အမြန်ဆုံး သူတို့လွတ်မြောက်ရေးကိုလည်း ကျနော်တို့ ဖော်ထုတ်ဆောင်ရွက်ပေးရမှာပဲတဲ့။ ဘာလို့လည်းဆိုတော့ လူငယ်တွေဟာ ရှစ်လေးလုံးကာလ ဒီမိုကရေစီအရေးတော်ပုံကြီးကို ဦးဆောင်ခဲ့သူတွေ ဖြစ်တယ်။ ဒါကို ကျနော်အသိအမှတ်ပြုတယ်တဲ့။ သူကိုယ်တိုင်က အငြိမ်းစားယူပြီး အိမ်မှာထိုင်နေတဲ့အချိန်၊ အဲဒီအချိန်မှာ ကျောင်းသားလူငယ် လှုပ်ရှားမှုတွေ၊ လူထုကြီးကနေပြီးတော့ သူ့ကိုချဉ်းကပ်လာပြီးတော့ သူ့ကို နိုင်ငံရေးလောကထဲ ပြန်ခေါ်သွားတယ်၊ နိုင်ငံရေးစင်မြင့်ပေါ် ပြန်တင်ပေးတယ်ဆိုတဲ့ အနေအထားရှိတယ်တဲ့။ ဆိုတော့ ဒီလူငယ်တွေရဲ့ ကြိုးပမ်းမှုတွေ လူငယ်တွေရဲ့ အားထုတ်မှုတွေ၊ ဒီမိုကရေစီ မျှော်မှန်းချက်တွေကို ကျနော်တို့ အသိအမှတ်ပြုရမှာပဲတဲ့။ သူတို့ခံစားနေရတဲ့ ဒုက္ခ သုက္ခတွေကိုလည်း အမြန်ဆုံးပြေငြိမ်းအောင် လုပ်ရမှာပဲလို့ သူက ပြောပါတယ်။
အဲဒါနဲ့ ပတ်သက်ပြီးလည်း ကျနော်ကလည်း သူ့ကို ပြောပါတယ်။ ဥက္ကဋ္ဌကြီး ကျနော်လည်း ဒီအတိုင်းပဲ သဘောထားပါတယ်။ ကျနော့်ကိုယ် ကျနော်လည်း အရေးတော်ပုံတပ်သားဆိုပြီး ကိုယ့်ကိုယ်ကိုယ် ခံယူပြီးတော့ လုပ်နေပါတယ်။ အရေးတော်ပုံကို ကျနော်တန်ဖိုးထားတဲ့အတွက် ဒေါ်စုနဲ့ကျနော် ပြောဖူးတဲ့စကားရှိပါတယ်။ အဲဒါဘာလဲဆိုရင် ကျနော်တို့ပါတီဟာ အရေးတော်ပုံကနေ ပေါက်ဖွားလာတဲ့ပါတီ ဖြစ်တယ်။ ဒေါ်စုကိုယ်တိုင်၊ ဦးတင်ဦးကိုယ်တိုင်၊ ကျနော်တို့ကိုယ်တိုင်ဟာ အရေးတော်ပုံကြီးကနေ ပေါက်ဖွားလာတဲ့ ခေါင်းဆောင်မျိုးဆက်များ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျနော်တို့များ ရွေးကောက်ပွဲတွေ ဘာတွေများဝင်ကြမယ်။ နောက်တခါ လူထုက တင်မြှောက်တဲ့အတွက် အစိုးရအဖွဲ့လိုမျိုးဖြစ်မယ်ဆိုရင် ကျနော်တို့ စဉ်းစားရမှာ (၃) မျိုးရှိပါတယ်။ ပထမက ဘာလဲဆိုရင် ကျနော်တို့အဖွဲ့ချုပ်ရဲ့ အာဏာပိုင်အဖွဲ့ဖြစ်တဲ့ စီအီးစီအဖွဲ့လိုမျိုး သို့မဟုတ် စီစီအဖွဲ့လိုဟာမျိုးဟာ ကျနော်တို့အရေးတော်ပုံမှာ ပါဝင်တဲ့ပုဂ္ဂိုလ်များနဲ့ အခြေခံပြီးတော့ ဖွဲ့ရလိမ့်မယ်။ အကယ်၍ အရေးတော်ပုံမှာ ရှေ့တန်းကနေ ကိုယ်တိုင်ကိုယ်ကျ ပါဝင်တာမဟုတ်တောင်မှ တစုံတရာပါဝင်မှု ဒီလှုပ်ရှားမှုမှာပါဝင်တဲ့ အဖွဲ့ဝင်များနဲ့ ဖွဲ့စည်းရမယ်။ အနည်းဆုံး ဒီအရေးတော်ပုံ ထောက်ခံတဲ့သူတွေ ဒီအရေးတော်ပုံရဲ့ ရည်မှန်းချက်များကို လက်ခံတဲ့သူတွေနဲ့ ကျနော်တို့ ဖွဲ့စည်းရမယ်။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့လိုဟာမျိုးက အရေးတော်ပုံတပ်သားတွေနဲ့သာ ဖွဲ့စည်းရမယ်။ အရေးတော်ပုံမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့သူတွေနဲ့သာ ဖွဲ့စည်းရမယ်၊ အရေးတော်ပုံ ရည်မှန်းချက်များကို လက်ခံတဲ့သူများနဲ့သာ ဖွဲ့စည်းရမယ်။
ဒုတိယ အချက်ကတော့ လွှတ်တော်လိုဟာမျိုး၊ ရွေးကောက်ပွဲလိုဟာမျိုး လုပ်တဲ့အခါမှာလည်း ဘာပဲပြောပြော အရေးတော်ပုံမှာ ပါဝင်ခဲ့တဲ့သူတွေ၊ ဦးဆောင်လှုပ်ရှားခဲ့တဲ့သူတွေနဲ့သာ ကျနော်တို့ ကျင်းပဖို့လိုမယ်။ နောက်တချက်ကတော့ ကျနော်တို့ အာဏာတို့ ဘာတို့ရခဲ့သော် သို့မဟုတ် ပြည်သူကလွှဲအပ်လို့ ကျနော်တို့ အစိုးရအဖွဲ့လုပ်ငန်းတာဝန်တွေကို ထမ်းရွက်ရမယ် ဆိုရင်လည်း အဲဒီအစိုးရလိုဟာမျိုးဟာ အရေးတော်ပုံကက်ဘိနက်ပဲ ဖြစ်ရလိမ့်မယ်လို့ ကျနော်ဆွေးနွေးခဲ့ဖူးတဲ့အကြောင်း သူ့ကိုလည်း ပြောပြပါတယ်။
နောက်ဆုံးအချက်အနေနဲ့ သူပြောတဲ့ဟာကတော့ သူရဲ့ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ သဘောထားပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရိပ်ကို ခိုပြီးတော့ နိုင်ငံရေးလုပ်နေတာပဲ ဆိုတဲ့စကားကို၊ ဒါလည်း သူအလွန် နှိမ့်နှိမ့်ချချနဲ့ ပြောတာတခုဖြစ်တယ်။ နောက်တခုကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို လုံးဝဥဿုံ ခံယူတယ်ဆိုတဲ့ဟာကို ကမ္ဘာသိကို ကြေညာလိုက်တာပဲ။ ဒါက သူဘီဘီစီမှာပြောတဲ့စကားလည်း ပါတာကိုး။ ဒါကြောင့် ကျနော်က ဥက္ကဋ္ဌရဲ့ ပြောဆိုချက်တွေဟာ နိုင်ငံရေးရိုးသားမှုရှိတယ်၊ နိုင်ငံရေးအမြော်အမြင်ရှိတယ်၊ ခေါင်းဆောင်တင်ရမယ့်လူကို ခေါင်းဆောင်တင်ရမှာပဲဆိုတဲ့၊ ခေါင်းဆောင်သွားတဲ့နောက်ကို လိုက်ရမှာပဲဆိုတာကို ထွန်းလင်းပြတဲ့ သဘောဆောင်တယ်လို့ ကျနော်ယူဆပါတယ်။
ကျနော်တို့ဟာ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်မျိုးရထားတာဟာ ဗုဒ္ဓဘာသာစကားနဲ့ပြောရင် ဗုဒ္ဓဘာသာ ဒေသနာကျမ်းတွေမှာ သုံးလေ့သုံးထရှိတဲ့စကားနဲ့ ပြောရင် အတော်ကို အရတော်တယ်လို့ ငါတို့ဘ၀မှာ အရတော်လေစွလို့ပဲ ပြောရမှာပဲလို့ ကျနော်ပြောခဲ့ပါတယ်။ ( ခေတ်ပြိုင် )
Sunday, February 14, 2010
ကိုကျော်သူ ရဲ့ သုခအလင်း မွေးဖွားခြင်း

“မွေးဖွားခြင်းနှင့် သေဆုံးခြင်း” စကားအရ “ဖြစ်လျှင်ပျက်မည်” ဖြစ်သော်ငြားလည်း ဖြစ်ချင်းပျက်ချင်းတို့သည် ရုပ်ဝတ္ထုတို့နှင့်သာ သက်ဆိုင်သည်။ စိတ်သတ္တိ နှင့်မသက်ဆိုင်ချေ။
ခိုင်မာသော စိတ်ဓာတ်နှင့် ရဲရင့်သော ခံယူချက်တို့ကို မည်သည့်အရာကမှ မဖျက်ဆီးနိုင်ချေ။
ဖြစ်ခြင်းနှင့် ပျက်ခြင်းကြားကာလ . . . ။
မွေးဖွားခြင်းနှင့် သေဆုံးခြင်း ကြားကာလ၌ အများအတွက် အကျိုးပြုမည့်၊ အကျိုးရှိမည့် အရာများကို ဖန်တီးတည်ဆောက်ပေးရမည့် တာဝန်မှာ ကျွန်တော်တို့ လူမှုရေးသမားများ၏ တာဝန်ဖြစ်သည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]
ကျွန်တော်တို့သည် ဘဘဦးသုခ ရည်မှန်းမျှော်လင့် မျိုးဆက်ချပေးခဲ့သော နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ဖွဲ့စည်းတည်ထောင်၍ ပြည်သူလူထုတို့ကို ပံ့ပိုးကူညီခဲ့ရာမှ “သုခကုသိုလ်ဖြစ်ဆေးခန်း” ဟူသော အခမဲ့ဆေးဝါးကုသပေးသော ကုသိုလ်ကို ရယူခဲ့ပြီးဖြစ်ပါသည်။ ယခုတစ်ဖန် . . . “သုခအလင်း” စာကြည့်တိုက်ဟူ၍ မျိုးဆက်သစ်လူငယ်များအတွက် ရည်သန်လျှက် မွေးဖွားခဲ့ပြန်ပါသည်။
“သုခအလင်း” အဓွန့်ရှည်ရေး၊ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကျွန်တော်တို့၏ စိတ်ဓာတ်၊ ခံယူချက်တို့ ခိုင်မာရဲရင့်ဖို့ လိုအပ်ပါသည်။
ထို့ကြောင့် ကျွန်တော်တို့သည် ဖခင်ဗိုလ်ချုပ်အောင်ဆန်း၏ ခိုင်မာသော ဆုံးဖြတ်ချက်၊ ရဲရင့်သော ခံယူချက်များ ဖြစ်သော . . .
“ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်ယံ . . . ၊ ယင်းမှောင်မိုက်အတွင်းမှနေ၍ အရှုံမပေးသော ငါ့စိတ်ကို ဖန်ဆင်းပေးသူ နတ်၊ သိကြားကို ငါသည် ကျေးဇူးစကားဆိုပါ၏။ လောကဓံတရား၏ လက်ခုပ်အတွင်းသို့ ဘယ်လိုပင်ကျရောက်စေကာမူ ငါကား မတုန်မလှုပ်၊ မငိုကြွေး။ လောကဓံတရား၏ ရိုက်ပိုက်ခြင်း ဒဏ်ချက်ကြောင့် ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီနေ၏၊ သို့သော် ညွတ်ကားမညွတ်။ လောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား သေခြင်းတရားသည် ကြောက်မက်ဖွယ်ရာ ငံ့လင့်နေ၏။ သို့ပင်မူ ငါ့အားမတုန်လှုပ်သည်ကိုသာ တွေ့ရပေအံ့။ နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကို တွေ့ရပေအံ့။”
. . . ဟူသောစကားလုံးများသည် ကျွန်တော်တို့အတွက် ခိုင်မာရဲရင့်သော အားဆေးများပင်ဖြစ်တော့သည်။
ဗိုလ်ချုပ်ရဲ့ အားဆေးများနှင့် ဘဘဦးသုခရဲ့အမွေ (လူမှုရေး၊ ဘာသာရေး) ကိုထပ်မံတိုးပွားမှုပြုခဲ့သော ဤ”သုခအလင်း” စာကြည့်တိုက်ကို ဗိုလ်ချုပ်ရဲ့မွေးနေ့ဖြစ်သော ၁၃.၂.၂၀၁၀ ရက်နေ့တွင် မျိုးဆက်သစ်လူငယ်များအတွက် ရည်သန်လျက် နာရေးကူညီမှုအသင်း (ရန်ကုန်) တည်ရှိရာ နေရာဌာန၌ မွေးဖွားခဲ့ပြီဖြစ်ပါသည်။
ကျွန်တော်တို့သည် မျိုးဆက်သစ်လူငယ်များအတွက် ရည်သန်၍ ဘဘဦးသုခမျိုးစေ့ချပေးသော လူမှုရေးစိတ်ဓာတ်နှင့် ဖြစ်ပေါ်လာမည့်၊ ဖြစ်ပေါ်လတ္တံ့၊ ဖြစ်ပေါ်နေဆဲ အတိုက်အခိုက်၊ အနှောက်အယှက်၊ အဖျက်အဆီး၊ အတားအဆီးမှန်သမျှကို ကျွန်တော်တို့၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ ရဲရဲတော်စကားလုံးများကို လက်ခံကျင့်သုံးကာ ကျွန်တော်တို့၏ ဘဝပန်းတိုင်၊ ပြည်သူတို့၏ ငြိမ်းချမ်းရေးပန်းတိုင်သို့ ရောက်အောင် ဤ”သုခအလင်း”နေရာဌာနမှ မလျော့သောဇွဲနှင့် လက်တွဲမဖြုတ် ချီတက်ကြပါမည်ဟု သန္နိဌာန်ချလိုက်ပါသည်။
ဘဘဦးသုခနှင့် ဖခင်ဗိုလ်ချုပ်အောင်ဆန်းတို့ ရောက်ရာမြင့်မြတ်သော ဘုံဌာနအသီးအသီးမှ သာဓု . . သာဓု . . .သာဓု . . ခေါ်ဆိုပါလေတော့ . ..
ကျော်သူ
http://myatlayngon.blogspot.com/
အမေရိကန်မူဝါဒကို ထောက်ခံကြောင်း ဦးတင်ဦး ပြော

၆ နှစ်ကြာ အချုပ်အနှောင်ခံခဲ့ရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက အမေရိကန် ဘားရက် အိုဘားမားအစိုးရ၏ မြန်မာနိုင်ငံအပေါ် ထားရှိသော မူဝါဒကို ထောက်ခံ ပြောဆိုလိုက်သည်။
၈၂ နှစ်အရွယ် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးက အမေရိကန်၏ မြန်မာစစ်အစိုးရအပေါ် ထိတွေ့ဆက်ဆံရေး မူဝါဒကို ကြိုဆိုကြောင်း သတင်းထောက်များ၏ အမေးကို ဖြေကြားခဲ့သည်ဟု အတူတကွ ရှိနေခဲ့သော အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်နှင့် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဝင်းနိုင်က မဇ္ဈိမကို ပြောပြသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]
''ဒါ ကောင်းတဲ့ကိစ္စပါ။ လုပ်သင့်တာလည်း ကြာပါပြီတဲ့။ အိုဘားမား တက်လာကတည်းက ဒါကိုလည်း ပြောနေတယ်တဲ့။ သူအနေနဲ့ ကြိုဆိုတယ်ပေါ့'' ဟု ဒေါက်တာဝင်းနိုင်က ပြောသည်။
ထို့ပြင် ၁၄ နှစ်ကျော်ကြာ အချုပ်အနှောင်ခံနေခဲ့ရသော ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလိမ့်မည်ဟု ဦးတင်ဦးက မျှော်လင့်နေသည်။
''သူလွတ်ပြီးရင် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ ကြိုးစားပါမယ်တဲ့။ အဲဒီအပြင် သူလွတ်ပြီးလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်က မကြာခင် လွတ်တတ်တယ်တဲ့'' ဟု ဒေါက်တာဝင်းနိုင်က ပြန်ပြောသည်။
ကိုယ်တိုင်လွတ်မြောက်လာသော်လည်း နိုင်ငံရေးအကျဉ်းသားများ အကျဉ်းထောင်အတွင်းရှိနေခြင်းက ဝမ်းမသာနိုင်ဘဲဖြစ်နေသည်။
“ ဘယ်လိုများ ခံစားရလဲဆိုတော့ ဝမ်းမသာပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ဖော်ကိုင်ဘက်နဲ့ ပတ်သက်တဲ့လူတွေက အခုထက်ထိ အကျဉ်းကျနေတာပဲ။” ဟု ဦးတင်ဦးက မဇျိမသို့ ဖြေကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်းဆောင်မှုကို ဆက်လက်ခံယူသွားမှာဖြစ်သလို ဒီမိုကရေစီရရှိသည့်အထိ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်ဟု သိရသည်။
မျက်စိကုသမှု ခံယူနေရသော ဦးတင်ဦးကို လွှတ်ပေးရန်အတွက် စနေနေ့ည ၈ နာရီခွဲကျော်တွင် ရဲများ ရောက်ရှိလာပြီး နေအိမ်အကျယ်ချုပ်ကို ရုပ်သိမ်းကြောင်း ကြေညာကာ လုံခြုံရေးများ ပြန်လည်ရုပ်သိမ်းသွားသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းက လွတ်မြောက်လိမ့်မည်ဆိုသော ခန့်မှန်းချက်များကြောင့် ယနေ့ညနေ ၆ နာရီ မတိုင်ခင်ကပင် အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ အပါအဝင် ထောက်ခံသူများ၊ သတင်းထောက်များမှာ စိုးတထိတ်ထိတ်နှင့် စောင့်ဆိုင်းနေကြပြီး ခြံဝင်းတံခါးပွင့်သည်နှင့် ပျော်ရွှင်စွာ ဝင်ရောက်သွားကြသည်။
''သူ့ကို မြင်လိုက်တော့ စိတ်ထဲမှာတော့ စိတ်မကောင်းဘူး။ နည်းနည်းပိန်သွားတယ်။ အသံလည်း မှိန်သွားတယ်။ ကျန်းမာရေးအတွက် စိတ်မကောင်းပေမယ့် သူ့စိတ်ဓာတ်ကိုတော့ အားတက်မိတယ်။ ဝမ်းသာပါတယ်'' ဟု အခြားသော ပါတီ CEC တဦးဖြစ်သော ဦးခင်မောင်ဆွေက ပြောသည်။
ဦးတင်ဦးက မနက်ဖြန်တွင် ပါတီဥက္ကဋ္ဌဖြစ်သူ ဦးအောင်ရွှေထံ သွားရောက်တွေ့ဆုံမည်ဟု သိရသည်။ ထို့ပြင် ကျန်းမာရေး မကောင်းသော ပါတီခေါင်းဆောင်များဖြစ်သော ဦးလွန်းတင်နှင့် အတွင်းရေးမှူး ဦးလွင်တို့ကိုလည်း နှုတ်ခွန်းဆက်သကြောင်း သတင်းပါးလိုက်သည်။
( မဇ္ဈိမ )
ဒေါ်အောင်ဆန်းစုကြည်လွတ်မည်ဟု ဦးတင်ဦးမျှော်လင့်
အန်အယ်ဒီ ဒုဥက္ကဌ ဦးတင်ဦးကို အာဏာပိုင်များက လာရောက်လွှတ်ပေးပုံနှင့် လွတ်မြောက်လာပြီးနောက် မြင်ကွင်းနှင့်ပတ်သက်၍ လက်ထောက် အယ်ဒီတာ ရဲရင့်အောင်က ပါတီ CEC အဖွဲ့ဝင်နှင့် ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာဝင်းနိုင်ကို ဆက်သွယ်မေးမြန်းထားသည်။ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာလိမ့်မည်ဟု ဦးတင်ဦးက မျှော်လင့်နေသည်။
မေး။ ။ အန်ကယ်ဦးတင်ဦး လွတ်လာတဲ့အချိန်က မြင်ကွင်းလေးကို ပြောပြပေးပါခင်ဗျ။
၈ နာရီခွဲမှာ ကားနှစ်စီး ဝင်လာတာပေါ့။ စလွန်းကား တစီးရယ်၊ ဗင်ကားအရှည်တစီးရယ် ခြံထဲ ဝင်လာတာပေါ့နော်။ ဝင်သွားပြီးတော့ တံခါးဖွင့်ဝင်ပြီးတော့ သူတို့ ဓာတ်ပုံတွေ ရိုက်တာတော့ တွေ့တယ်။ ၁ဝ မိနစ်သာသာလောက်၊ ၁၅ မိနစ်လောက်မှာ လုပ်စရာကိစ္စတွေ လုပ်ပြီးတော့ သူတို့ ပြန်ထွက်လာတယ်။ ပြန်ထွက်သွားတဲ့အခါကျတော့ ခြံဝင်းတံခါးကြီး ဖွင့်ထားတယ်၊ လုံခြုံရေးတွေလည်း ရုပ်သိမ်းသွားတယ်။ အဲဒီအခါ ကျနော်တို့တွေရော၊ သတင်းထောက်တွေရော စွတ်ပြီးတော့၊ တိုးပြီးတော့ ဝင်သွားကြတယ်။ ဟိုရောက်တော့ အန်ကယ်က စီးကြိုတယ်။ စီးကြိုပြီးတော့ သတင်းထောက်တွေ မေးတာကို ဖြေတယ်။ ကျနော်တို့က အန်ကယ့်ကို ဧည့်ခန်းထဲမှာ ထိုင်ပြီးတော့၊ နေရာယူပြီးတော့ အေးအေးဆေးဆေး ဖြေပါဆိုတော့ ဧည့်ခန်းထဲကို အန်ကယ့်ကို ခေါ်သွားတယ်။ ဧည့်ခန်းထဲမှာ သတင်းထောက်တွေ မေးကြတာပေါ့။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]
မေးတဲ့မေးခွန်းတွေထဲက အဓိက မေးခွန်းနှစ်ခုကတော့ အန်ကယ်က အမေရိကန်ရဲ့ အင်ဂေ့ခ်ျမင့် ပေါ်လစီကို ဘယ်လို သဘောထားလဲဆိုတော့ ဒါ ကောင်းတဲ့ကိစ္စပါတဲ့။ လုပ်သင့်တာလည်း ကြာပါပြီတဲ့။ အိုဘားမား တက်လာကတည်းက ဒါကိုလည်း ပြောနေတယ်တဲ့။ သူ့အနေနဲ့ ကြိုဆိုတယ်ပေါ့။
အဖွဲ့ချုပ် ခေါင်းဆောင်မှုပိုင်းနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်။ အဖွဲ့ချုပ်က မူဝါဒတွေ၊ အဖွဲ့ချုပ်က ချမှတ်တဲ့အတိုင်း လက်ခံကျင့်သုံးသွားမယ်လို့ အန်ကယ်က ဖြေပါတယ်။
မေး။ ။ အန်ကယ်ဦးတင်ဦးကို စတွေ့တဲ့အချိန်မှာ ဆရာတို့အနေနဲ့ ဘယ်လိုမျိုး ခံစားရလဲ။ ဘယ်လိုမျိုးလည်း တွေ့ရလဲ။
သူကလည်း အရမ်းဝမ်းသာတယ်။ ကျနော်တို့လည်း ခြင်ကိုက်တာတွေ၊ ဖြုတ်ကိုက်တာတွေ၊ ဗိုက်ဆာတာတဲ့ ဒဏ်တွေ မေ့သွားတာပေါ့ဗျာ။ အားလုံး ပျော်နေကြတာပေါ့ဗျာ။ အန်ကယ်ကလည်း ပျော်ပါတယ်၊ တပြုံးပြုံးနဲ့ သူကလည်း။ မီဒီယာသမားတွေ မေးတာကို စိတ်ရှည်လက်ရှည် ဖြေတယ်။ ကျနော်တို့ကလည်း သူ့အနားမှာ ဝိုင်းထိုင်နေကြတာပေါ့။ ပြီးတော့ မီဒီယာသမားတွေ ပြန်သွားတဲ့အခါမှာ ကျနော်တို့ကို ဆက်ပြီးတော့ စကားပြောတယ်၊ ဆုံးမတယ်။ ကျနော်တို့ကလည်း ထိုင်ကန်တော့ကြတယ်။
မေး။ ။ အခန်းထဲက မြင်ကွင်းလေး နည်းနည်းလောက် ပြောပြပေးပါ။
အခန်းထဲမှာ ဝင်ဝင်ချင်းတော့ သတင်းထောက်တွေက အစိတ် (၂၅ ယောက်) လောက် ရှိတယ်။ အဲဒီမှာ ဝိုင်းမေးကြတာပေါ့။ အခန်းထဲမှာ နောက်ဆုံးကျန်တာကတော့ CEC အဖွဲ့ဝင်တွေနဲ့ မိသားစုတွေ၊ လူငယ်အဖွဲ့ဝင်တွေ ကျန်တာပေါ့။ အခန်းအကျယ်အဝန်းကတော့ ၂ဝ (ပေ) ပတ်လည်လောက် ရှိတယ်။ သတင်းထောက်တွေရော၊ ကျနော်တို့ရောဆိုရင် ၄ဝ၊ ၄၅ ယောက်လောက် ရှိမှာပေါ့။
မေး။ ။ အဖွဲ့ချုပ်တာဝန်တွေကိုရော အန်ကယ်ဦးတင်ဦးက ဘယ်လိုထမ်းဆောင်သွားမလဲဗျ။
ဒုတိယဥက္ကဋ္ဌဖြစ်တဲ့အတွက် ဒုဥက္ကဋ္ဌတာဝန်ကို ဆက်ပြီးတော့ ထမ်းဆောင်မယ်။ ဥက္ကဋ္ဌကြီးဆီကိုလည်း သူ မနက်ဖြန် သွားမယ်။ ဥက္ကဋ္ဌကြီးနဲ့ တွေ့ပြီးတော့၊ ညှိနှိုင်းပြီးတော့ တွေ့ဆုံညှိနှိုင်းပြီးတော့ ဆောင်ရွက်စရာရှိတာကို ဆောင်ရွက်မယ်လို့ ပြောပါတယ်။
ပြီးတော့ နာမကျန်းဖြစ်တဲ့ ပုဂ္ဂိုလ်တွေပေါ့၊ အန်ကယ် ဦးလွန်းတင်တို့၊ ဦးလွင်တို့ဆီ သွားပြီးတော့လည်း နှုတ်ဆက်ပါတယ်တဲ့။
မေး။ ။ အန်ကယ်ဦးတင်ဦးရဲ့ မျက်စိအခြေအနေက ဘယ်လိုရှိပါသလဲ။
မျက်စိကတော့ ဆက်ပြရမယ်။ မျက်စိ အားနည်းတယ်တဲ့။ မျက်စိ ပြထားတယ်။ မျက်စိကို သူ ဆက်ပြီးတော့ ပြရမယ်ပေါ့။ ဆရာဦးသန်းအောင်နဲ့ ပြတယ်တဲ့။ ဆေးခန်းတော့ ကျနော်တို့ မသိသေးဘူး။
လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေကို အန်ကယ်က ဘယ်လိုသုံးသပ်ပြပါသလဲ။
ဒီဟာအပေါ်တော့ သိပ်မသုံးသပ်ပါဘူး။ လက်ရှိနိုင်ငံရေးကိုကျ အဖွဲ့ချုပ်ရဲ့ လမ်းစဉ်အတိုင်း၊ အဖွဲ့ချုပ်က ချမှတ်ထားတဲ့ မူဝါဒအတိုင်း သွားမယ်လို့ သူ ပြောပါတယ်။
မေး။ ။ ဘာတွေကို ဖြည့်စွက်ပြောချင်ပါသလဲ။
သူ့အနေနဲ့ ထူးခြားပြီးတော့ မပျော်ပါဘူးတဲ့။ သူက ဒီကနေ့ လွတ်ရမယ့်နေ့ဆိုတော့ လွတ်ကို လွတ်ရမှာပါတဲ့။ သူ့မျက်နှာကတော့ ပြုံးနေတာပေါ့ဗျာ။ သူ့ဇနီးကလည်း ပြုံးပြုံးပေါ့ဗျာ။ သူလွတ်ပြီးရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ ကြိုးစားပါမယ်တဲ့။ အဲဒီအပြင် သူလွတ်ပြီးလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်က မကြာခင် လွတ်တတ်တယ်တဲ့။ ( မဇ္ဈိမ )
ဦးတင်ဦးနှင့် ဆက်သွယ်မေးမြန်းချက်

နေအိမ်အကျယ်ချုပ်သက်တမ်း ၆ နှစ်သက်တမ်း ကုန်ဆုံးပြီး ယနေ့တွင် စစ်အစိုးရက ပြန်လည်လွှတ်ပေးလိုက်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးကို မဇ္ဈိမက ဆက်သွယ် မေးမြန်းထားသည်။
လွှတ်ပေးလိုက်သည်နှင့် နေအိမ်အတွင်းသို့ အန်အယ်ဒီ အကြီးတန်းခေါင်းဆောင်များ အပါအဝင် ပါတီဝင်များနှင့် သူ့ကို ထောက်ခံသူများက ဝမ်းသာအားရ ကြိုဆိုကြသလို သတင်းထောက်များ၏ မေးခွန်းများ မနားတမ်း ဖြေကြားနေရသော အသက် ၈၂ နှစ်အရွယ် ဗိုလ်ချုပ်ကြီးဟောင်းကို မေးခွန်း ၃ ခု မေးမြန်းခွင့် ရရှိခဲ့သည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]
အခုလို လွတ်လာတော့ ဘယ်လိုခံစားရပါသလဲရှင်။
ဘယ်လိုများ ခံစားရလဲဆိုတော့ ဝမ်းမသာပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုပ်ဖော်ကိုင်ဘက်နဲ့ ပတ်သက်တဲ့လူတွေက အခုထက်ထိ အကျဉ်းကျနေတာပဲ။
ဆက်ပြီးတော့ ဘာတွေ လုပ်မယ်လို့ စဉ်းစားထားပါသလဲရှင်။
အဖွဲ့ချုပ်ကိုသွားပြီး၊ သတင်းပို့ပြီးတော့ ပေးတဲ့တာဝန်ကို လုပ်ရမှာပေါ့ဗျာ။ ပါတီ CEC (ဗဟိုအလုပ်အမှုဆောင်အဖွဲ့) အမိန့်ကို နာခံရမှာပေါ့ဗျာ။ ပါတီ့ရှေ့ရေး ညီညီညွတ်ညွတ် တိုင်ပင်ပြီးတော့ လုပ်ရမှာပေါ့။
၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဘဘရဲ့ ရပ်တည်ချက် သဘောထားက ဘယ်လိုပါပဲရှင်။
ဆက်လက်ပြီးတော့ လုပ်စရာရှိတာက ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ကိစ္စက ဆုံးခန်းတိုင်အောင် မရောက်သေးဘဲကိုး။ အဲဒီတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရအောင်တော့ လုပ်ရမှာပေါ့။ (မဇ္ဈိမ)
Friday, February 12, 2010
နိုင်ငံရေး အကျဉ်းသား ၂ ဦး ထောင်ပြောင်း
စမ်းချောင်းမြို့နယ်မှ ဦးစိန်လှိုင် (၅၄ နှစ်) ကို ယခုလ ၂ ရက်နေ့က ရန်ကုန် အင်းစိန်ထောင်မှ မြစ်ကြီးနားထောင်သို့ ပြောင်းလိုက်ခြင်း ဖြစ်သည်။
ခယ်မဖြစ်သူ ဒေါ်နွဲ့ဝင်းက “ဒီနေ့ မြစ်ကြီးနားထောင်ကနေ ဆေးစာကျတော့ သူကျန်းမာရေးက အိမ်မှာနေ ကတည်းကနေ အဆုတ် မကောင်းဘူး။ အရမ်းလည်း ချမ်းတတ်တယ်” ဟု သူက မဇ္ဈိမကို ပြောသည်။
အလုံမြို့နယ် အန်အယ်ဒီဗဟို လူမှု အထောက်အကူပြု အဖွဲ့ဝင် မချို (ခေါ်) ဒေါ်မြင့်မြင့်စိုးသည် စစ်ကိုင်းတိုင်း ကသာထောင်သို့ ရောက်နေကြောင်းကို တူမဖြစ်သူက “အန်တီချိုက ကသာမှာ ရောက်နေတယ်တဲ့ အန်အယ်ဒီရုံးက ဖုန်းဆက်ပြောလာတာ” ဟု ပြောသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]
ရန်ကုန်တိုင်း လှိုင်မြို့နယ်နေ ဦးရွှေဂျိုး (၅၅ နှစ်) ခေါ် ဦးမြစိုးအား ကချင်ပြည်နယ် ဗန်းမော်ထောင်တွင် ရောက်ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသော်လည်း မိသားစုမှ မသိရသေးကြောင်း သမီးဖြစ်သူ မနှင်းစန္ဒာက ပြောသည်။
ဦးရွှေဂျိုးသည် သွေးတိုးရောဂါ ခံစားနေရသဖြင့် ကျန်းမာရေးအတွက် စိုးရိမ်နေရသည်ဟု သိရသည်။
သူတို့ ၃ ဦးလုံးကို ယခင်လ ၁၃ ရက်နေ့က တရားမဝင်အသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် စမ်းချောင်းမြို့နယ်တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ခြင်း ဖြစ်သည်။ (မဇ္ဈိမ)
Thursday, February 11, 2010
ရွေးကောက်ပွဲဝင်ရေး မဆုံးဖြတ်သေးဟု ဒေါ်အောင်ဆန်းစုကြည် ပြော
ယမန်နေ့က သူမနှင့် သွားရောက် တွေ့ဆုံသူများကို ပြောကြားလိုက်ခြင်းဖြစ်ပြီး တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် လွတ်လပ်စွာ သတင်းရယူနိုင်ခွင့်လည်း လိုအပ်သည်ဟု သူမက မီးမောင်းထိုးပြလိုက်သည်။
'ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေးကို အခုချိန်မှာ ဘယ်လိုမှ ဆုံးဖြတ်လို့ မရသေးဘူး။ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စတွေ သိရှိဖို့ အချက်တွေက အများကြီးပဲ။ အဲဒါတွေ ဘာမှ မသိရသေးခင်မှာ ဘယ်လိုမှ ဆုံးဖြတ်ဖို့ မဖြစ်သေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တယ်” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရနှင့် ရှေ့နေဖြစ်သူ ဦးဥာဏ်ဝင်းက ပြောသည်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]
နေအိမ် ပြင်ဆင်ရေးကိစ္စနှင့် ပတ်သက်ပြီး ဦးဥာဏ်ဝင်း၊ အိမ်ပြင်ဆင်ရေး လွှဲအပ်ခံထားရသည့် ဦးထင်ကျော်တို့နှင့် သူမ၏ နေအိမ်တွင် ယမန်နေ့ နေ့လည် ၁ နာရီမှ ၃ နာရီအထိ တွေ့ဆုံခဲ့သည်။
''ဘယ်ရွေးကောက်ပွဲမဆို သတင်း ရယူခွင့်၊ သတင်းလွတ်လပ်ခွင့်၊ သတင်းထုတ်ပြန်ခွင့် ရှိဖို့လိုတယ်။ ဒါတွေ မရှိရင်တော့ ဘယ်လို ရွေးကောက်ပွဲမှ တရားမျှတမှာ မဟုတ်ဘူးလို့ ဒီလိုပြောပါတယ်” ဟု ဦးဥာဏ်ဝင်းက ပြောသည်။
အခြေခံ အကျဆုံးဖြစ်သည့် လွတ်လပ်စွာ ရေးသားခွင့်၊ ပြောဆိုခွင့်၊ စုရုံးခွင့်၊ ဖွဲ့စည်းခွင့် အစရှိသည့် အချက်များ လိုအပ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထိုသို့ ပြောဆိုမှုနှင့် ပတ်သက်ပြီး အန်အယ်ဒီ အကြီးတန်း ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ''ရွေးကောက်ပွဲ စည်းမျဉ်းတွေကလည်း မထွက်လာသေးတဲ့အတွက် ဒေါ်စုက ဒီလောက်ပဲ ပြောနိုင်မှာပဲ။ ဒါ့ထက်လည်း ပြောဖို့မလိုဘူးပေါ့။ ပြောဖို့ အချိန်ရောက်လာရင် ဒေါ်စုအနေနဲ့ တိကျပြတ်သားတဲ့ စကားတွေ ပြောလာနိုင်တယ်လို့ ထင်ပါတယ်'' ဟု ပြောသည်။
ဦးဝင်းတင်က ''ဒေါ်စုပြောတဲ့ အချက်တွေက အလွန်အရေးကြီးတယ်။ ရွေးကောက်ပွဲအတွက် အဓိက လိုအပ်ချက် ဖြစ်တယ်။ နိုင်ငံရေး လိုအပ်ချက် ဖြစ်တယ်။ ဒေါ်စုပြောတာ ဘာလဲဆိုတော့ ရွေးကောက်ပွဲ တရပ်ရဲ့ ပြည့်ဝတဲ့ ဂုဏ်အင်္ဂါတွေ ပေါ်ပေါက်လာဖို့အတွက် တောင်းဆိုသင့်တာ တောင်းဆိုရမယ်၊ ရပ်တည်သင့်တာ ရပ်တည်ရမယ်ဆိုတဲ့ အချက်ဖြစ်တယ်'' ဟု ပြောသည်။
ထို့ပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကျင်းပသွားမည့် ရွေးကောက်ပွဲဖြစ်ပါက ဒီမိုကရေစီ စနစ်ဆီသို့ ဖော်ဆောင်နိုင်မည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယခင်ကတည်းက ပြောဆိုခဲ့ဖူးကြောင်း ဦးဥာဏ်ဝင်းက ပြောသည်။
လိမ်ညာမှုများ၊ သတင်း အမှောင်ချမှုများဖြင့် ပြည့်နှက်နေခဲ့သော အခြေခံ ဥပဒေ အတည်ပြုရေးကို အတင်းအကျပ် လုပ်ဆောင်ပြီးနောက် စစ်အစိုးရက ယခုနှစ်အတွင်း ရွေးကောက်ပွဲ လုပ်မည်ဟု ကြေညာထားစဉ် အတိုက်အခံ အင်အားစုများက အခြေခံ ဥပဒေ ပြင်ဆင်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများလွှတ်ပေးရန်နှင့် တွေ့ဆုံ ဆွေးနွေးမှုပြုရန် တောင်းဆိုထားသည်။ (မဇ္ဈိမ)
ကိုညီညီအောင် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခံရ
မနှစ် စက်တင်ဘာလ ၃ ရက်နေ့ကတည်းက မြန်မာအာဏာပိုင်တွေ ဖမ်းဆီးတာ ခံခဲ့ရတဲ့ ကိုကျော်ဇောလွင်ခေါ် ကိုညီညီအောင်ကို စာရွက်စာတမ်းအတု ကိုင်ဆောင်မှု၊ တရားမ၀င် နိုင်ငံခြားငွေ ကိုင်ဆောင်မှု၊ မှတ်ပုံတင်ကတ်ပြားအတု ကိုင်ဆောင်မှုတွေနဲ့ စွဲချက်တင်ထားရာက ဒီနေ့တော့ အင်းစိန် အထူးတရားရုံးက ပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ သူ့ရဲ့ အကျိုးဆောင် ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။ အမှုရဲ့ အခြေအနေကို သိရအောင် ဆက်သွယ် မေးမြန်းတဲ့အခါ ရှေ့နေကြီး ဦးဉာဏ်ဝင်းက အခုလို စပြောပါတယ်။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]
“ဒီနေ့မနက် ၁၀ နာရီမှာ တရားရုံးက အမှု ၃ မှုစလုံး အမိန့်ချပါတယ်။ ပထမအမှုက ပုဒ်မ ၄၆၈ အရ မှတ်ပုံတင်အတု လုပ်တယ်ဆိုတဲ့အမှု၊ အဲဒီအမှုမှာ ထောင်ဒဏ် ၃ နှစ် ချပါတယ်။ ဒုတိယတမှုဖြစ်တဲ့ နိုင်ငံခြားငွေ သတ်မှတ်တာထက် ပိုပြီး ယူလာတယ်ဆိုတဲ့ ပုဒ်မ ၂၄/၁၊ ဒီဟာကိုတော့ ထောင်ဒဏ် ၁ နှစ် ချတယ်။ နောက်ဆုံးတခုဖြစ်တဲ့ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး ဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ အမှုနဲ့ ပတ်သက်ပြီး ၁ နှစ်ချတယ်။ စုစုပေါင်း ၅ နှစ်ချတယ်။ အဲဒီ ၅ နှစ်က တပေါင်းတည်း ကျခံစေလို့ အမိန့်မှာ ပါတဲ့အတွက် ၃ နှစ် ကျခံရမှာ ဖြစ်တယ်။ ဒါပေမဲ့ ကိုညီညီအောင်က သူ့ရဲ့ ချုပ်ရက်တွေလည်း နှုတ်ရမှာ။ ချုပ်ရက်က ၅ လလောက် ရှိပါတယ်။”
ဒီအမှုနဲ့ ပတ်သက်ပြီး အန်ကယ်တို့ဘက်က ပြန်ပြီး အယူခံဝင်ဖို့ ရှိပါသလား။
“ဟုတ်ကဲ့၊ လာမယ့်အပတ်ထဲမှာ အန်ကယ်တို့ စပြင်ဆင်မှာပါ။ အယူခံက တက်ဦးမှာပါ။”
ကိုညီညီအောင်ရဲ့ ကျန်းမာရေး အခြေအနေကရော။
“ကျန်းမာရေး ကောင်းပါတယ်။ သူ ခြေထောက်တော့ နည်းနည်းနာနေတယ်။ အကြောညပ်တယ်လို့ ပြောတယ်။ ဆရာဝန်နဲ့ပြဖို့ သူ တင်ပြထားတယ်တဲ့။”
ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံသား ကိုညီညီအောင်ခေါ် ကိုကျော်ဇောလွင်ရဲ့ အမှုနဲ့ ပတ်သက်ပြီး မပြတ် စောင့်ကြည့်နေတဲ့ ရန်ကုန်က အမေရိကန်သံရုံး တာဝန်ခံတွေဟာ ဒီနေ့တရားခွင်ကို သွားရောက်ခဲ့ပေမဲ့ တိုက်ရိုက် စကားပြောခွင့်တော့ မရခဲ့ဘူးလို့ အမေရိကန်သံရုံး ပြောခွင့်ရ မစ္စတာ ဒရစ် ၀ိုင်းဇက်က ပြောပါတယ်။
“ဒီနေ့တရားရုံးကို ကျနော်တို့ အမေရိကန်သံရုံးက တာဝန်ရှိတဲ့သူတွေ သွားခဲ့ပါတယ်။ ဒါပေမဲ့ ကိုကျော်ဇောလွင်နဲ့တော့ တိုက်ရိုက်စကားပြောခွင့် မရခဲ့ပါဘူး။”
အခုလို ပြစ်ဒဏ်ချမှတ်မှုမျိုးဟာ တရားမျှတမှု မရှိပါဘူးလို့လည်း မစ္စတာဝိုင်းဇက်က ပြောပါတယ်။
“အခုလို တရားမျှတမှု မရှိတဲ့ ပြစ်ဒဏ်ချမှတ်မှုမျိုးအတွက် ကျနော်တို့ တကယ်ပဲ စိတ်ပူပါတယ်။ ကိုကျော်ဇောလွင်အပေါ် တရားစွဲဆိုမှုတွေဟာ နိုင်ငံရေးအရ အရေးယူတာမျိုးလို့ ကျနော်တို့က ယုံကြည်ပါတယ်။ သူဟာ အမေရိကန် နိုင်ငံသားတယောက် ဖြစ်တာမို့ သူ့ကို သွားရောက် တွေ့ဆုံတာတွေ၊ သူ့အတွက် လိုအပ်ချက်တွေနဲ့ သူ့ရဲ့ အခြေအနေတွေကို အနီးကပ် မပြတ်ဘဲ စောင့်ကြည့်နေမှာပါ။ သူ့ကို ပြန်ပြီး လွှတ်ပေးဖို့နဲ့ အမေရိကန်နိုင်ငံကို ပြန်ခွင့် ပေးဖို့အတွက် နိုင်ငံတကာ စံနှုန်း စံထားတွေနဲ့အညီ ဆောင်ရွက်ဖို့ မြန်မာအာဏာပိုင်တွေကို ကျနော်တို့ ဆက်ပြီး တိုက်တွန်းနေမှာပါ။”
အမေရိကန်သံရုံး ပြောခွင့်ရ မစ္စတာ ဒရစ် ၀ိုင်းဇက် ပြောသွားတာ ဖြစ်ပါတယ်။
ကိုကျော်ဇောလွင်ခေါ် ကိုညီညီအောင်ကို အခုလို ပြစ်ဒဏ်ချမှတ်တာမျိုးဟာ တမင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်တာမျိုးမို့ တရားမျှတမှု မရှိဘူးလို့ AAPPB နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (မြန်မာနိုင်ငံ) က တာဝန်ခံ ကိုတိတ်နိုင်က ပြောပါတယ်။
“ပထမဦးဆုံး ကိုညီညီအောင်ကို ဖမ်းပြီးသွားတဲ့အခါမှာ လက်ပစ်ဗုံးမိတဲ့ သူတွေနဲ့ ကိုညီညီအောင်နဲ့ ဆက်စပ်တယ်ဆိုပြီး သူတို့ သတင်းစာ ရှင်းလင်းပွဲမှာ အများကြီး ယိုးစွပ်ခဲ့တာတွေ ရှိပါတယ်။ အခုနောက်ပိုင်းကြတော့ ဘယ်လိုမှ အဲဒါတွေနဲ့ ချိတ်ဆက်လို့ မရတော့ သူတို့ မပြောပလောက်တဲ့ ပုဒ်မတွေနဲ့ လျှောက်တပ်ပြီးတော့ အခုလို အမိန့်ချလိုက်တာပေါ့လေ။
“ချလိုက်တဲ့ပုဒ်မတွေအရ ဆိုရင်လည်း ကိုညီညီအောင်က တကယ်တမ်း ဘယ်လိုမှ ကျူးလွန်ခဲ့တဲ့သူ မဟုတ်ဘူးလို့ ပြောလို့ရပါတယ်။ အခု မှတ်ပုံတင်အတု လုပ်တယ်ဆိုတာလည်း သူတို့ဆီကို လာတိုင်တဲ့လူက ဘယ်ကလူမှန်းမသိ၊ နောက်တခုက နိုင်ငံခြားငွေ ဆိုတာကလည်း ဗမာပြည်သွားမှတော့ နိုင်ငံခြားငွေ ပါမှာပေါ့လေ။ ဒါကြောင့် အဲဒီကိစ္စတွေနဲ့ စွဲပြီးချတယ်ဆိုတာ ဘယ်လိုမှ တရားမျှတမှု မရှိတဲ့ကိစ္စပါ။ ကိုညီညီအောင်ကို ထောင်ချမယ်ဆိုတဲ့ အစီအစဉ်ရှိရှိ တမင်ရည်ရွယ်ပြီး လုပ်ကြံတာလို့ မြင်ပါတယ်။
“အဓိက ကိုညီညီအောင်က သူတို့မသိဘဲ တိတ်တဆိတ်ဝင်တယ်ဆိုတဲ့ အပေါ်မှာ သူတို့ကို အရှက်ရစေတယ်လို့ ခံစားရမယ်လို့ ထင်ပါတယ်။ ကိုညီညီအောင် ပြည်တွင်းကို ၀င်တာ ၈ ခေါက်ရှိပြီဆိုတာ သတင်းစာ ရှင်းလင်းပွဲမှာ ပြောထားတယ်။ ဆိုတော့ ပထမအခေါက်တွေတုန်းက သူတို့ မသိလိုက်တဲ့အတွက် ဒီတခေါက်မှ မိသွားတဲ့အတွက် သူတို့က အာဃာတထားပြီး အစီအစဉ်ရှိရှိ လုပ်တယ်လို့ မြင်ပါတယ်။”
AAPPB နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (မြန်မာနိုင်ငံ) က တာဝန်ခံ ကိုတိတ်နိုင် ပြောပြသွားတာ ဖြစ်ပါတယ်။
( ဗွီအိုအေ )
Monday, February 8, 2010
၆၃နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အခမ်းအနား (ကိုရီးယား)မှတ်တမ်းပုံများ
၆၃ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား ကိုရီးယားတွင် ကျင်းပ
ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ၆၃ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ကိုရီးယားနိုင်ငံ ပူချွန်း နိုင်ငံခြားသား အလုပ်သမားများ ရိပ်သာ၌ ညီညွှတ်သော မြန်မာတိုင်းရင်းသားများ အစည်းအရုံး (ကိုရီးယား)က ဦးစီး၍ ဖေဖော်ဝါရီလ ၇ ရက် တနင်္ဂနွေနေ့ နေ့လည် ၂ နာရီအချိန်က ကျင်းပကြပါသည်။ ပြည်ထောင်စု အလံတော်အား ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတို့က လက်ဆင့်ကမ်း သယ်ဆောင်လာပြီးနောက် ညီညွှတ်သော မြန်မာတိုင်းရင်းသားများ အစည်းအရုံး (ကိုရီးယား)၏ အလှည့်ကျ ဥက္ကဌ စိုင်းမောင်မောင်ဝိုင်းက စင်မြင့်ပေါ်သို့ သယ်ဆောင်၍ ငွေဖလား၌ စိုက်ထူပါသည်။ ၄င်းနောက် တက်ရောက်လာကြသော တိုင်းရင်းသားညီအကို မောင်နှမများနှင့်အတူ ပြည်ထောင်စု အလံတော်အား အလေးပြုကြပြီး ကျဆုံးသွားသော အာဇာနည်သူရဲကောင်းအပေါင်းတို့အား အလေးပြုကြပါသည်။
အဖွင့်အမှာစကားကို စိုင်းမောင်မောင်ဝိုင်းက ပြောကြားပြီးနောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲ ဥက္ကဌ ဦးအောင်မြင့်ဆွေနှင့် မြန်မာအရေး လှုပ်ရှားမှု မြှင့်တင်ရေးကော်မတီ (ကိုရီးယား) ဦးစီးအဖွဲ့ဝင် ဦးဘိုဘိုတို့က ဂုဏ်ပြုစကားများ ပြောကြား၍ မြန်မာအသင်း (ကိုရီးယား) ဥက္ကဌ ဦးခင်မောင်ရင်၊ မြန်မာ့ရေး လှုပ်ရှားမှုအဖွဲ့ (ကိုရီးယား) ဘဏ္ဍာရေးမှူး ဦးဝင်းနိုင်ဦး၊ ၊ မြန်မာ့ ကလေးသူငယ်များ၏ ပညာရေး ကူညီထောင်ပံ့ရေး ပရိုဂရမ် အကြံပေး ဦးဝင်းမြင့်ဦး၊ ဆောင်နာမ် မြန်မာ လူမှုရေးအသင်း ဥက္ကဌ ဦးသောင်းထွန်း၊ အန်ဆန်း ရှီးဟွာ မြန်မာ လူငယ်အသင်း ဦးအောင်နိုင်ဝင်းတို့က သ၀ဏ်လွှာများ ဖတ်ကြားကြပါသည်။
ဆက်လက်၍ ရခိုင်ရိုးရာ ဆီမီးအက၊ ကရင် ဒုံးယိမ်းအက၊ သျှမ်းရိုးရာ တေးသီချင်းနှင့် အက၊ မွန်ရိုးရာ တေးဂီတ၊ ချင်းရိုးရာ တေးသီချင်း၊ ကချင်ရိုးရာ တေးသီချင်း၊ ရိမ်းဘိုးအဖွဲ့တို့က အဆိုအတီး အကများဖြင့် တင်ဆက်ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စု စိတ်ဓါတ် အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးနှင့် စစ်မှန်သော ပြည်ထောင်စု စနစ် ပေါ်ပေါက်ရေး တို့အရေး စသည့် ကြွေးကြော်သံများ ကြွေးကြော်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ပါသည်။
အခမ်းအနားမှူးအဖြစ် ဦးကျော်မိုးလွင်က ဆောင်ရွက်၍ အခမ်းအနားအပြီးတွင် သျှမ်းရိုးရာ ခေါက်ဆွဲဖြင့် တည်ခင်း ဧည့်ခံပါသည်။
Monday, February 1, 2010
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်းလျားကန်စောင်းက နေ့ရက်များ

“ဒါ ကျမကိုယ်တိုင် လုပ်ထားတာပေါ့” လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ရှေ့နေ ဦးဉာဏ်ဝင်းကို ရေခဲမုန့်နဲ့ ဧည့်ခံရင်း ပြောလိုက်တယ်။ ပြီးတော့ သူက “အရည် ပျော်မသွားခင် မြန်မြန်လေး စားလိုက်ပါဦး” လို့ ဆက်ပြောပါတယ်။
ရေခဲမုန့် လုပ်တာပဲ ဖြစ်ဖြစ် ကိတ်မုန့် ဖုတ်တာပဲဖြစ်ဖြစ် လုပ်နေရတာဟာ ရန်ကုန် အင်းလျား ကန်ပေါင်ဆီက ယိုယွင်းနေတဲ့ အိမ်အိုကြီးထဲမှာ အတင်းအကျပ် ထိန်းသိမ်း ခံထားရတဲ့ ဒေါ်အောင်ဆန်း စုကြည်အတွက် ရှည်လျားလှတဲ့ အကျဉ်းစံ အချိန်တွေကို ကုန်ဆုံးစေတဲ့ နည်းတွေထဲက တခုပါ။
[ ဆက်လက်ဖတ်ရှု့ပါရန် +/- ]
ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ အိမ်ကို အလည် ရောက်ခဲ့တဲ့ ဦးဉာဏ်ဝင်းက “ဒေါ်စုက ပါတီ (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် - NLD) ကို ဒီထက်ပို အားကောင်းအောင် ဘယ်လိုလုပ်မယ် ဆိုတာတွေကို အစီအစဉ် ရေးဆွဲရင်းနဲ့ သူ့ရဲ့ အချိန်တွေကို အကျိုးရှိရှိ အသုံးချနေတာပါ” လို့ ဆိုပါတယ်။
အသက် ၆၄ နှစ်ရှိပြီဖြစ်တဲ့ NLD ပါတီခေါင်းဆောင်ဟာ ကျန်းမာရေးကောင်းမွန်လျက် ရှိနေဆဲပဲ၊ ပြီးတော့ အင်္ကျီလက်ရှည် အဝါရောင်နုနုလေးကို ဝတ်ထားတယ် လို့လည်း သူကပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ ဆွေးနွေးဖြစ်တဲ့ ကိစ္စတွေထဲမှာ သူ့ရဲ့လက်ရှိနေအိမ် အကျယ်ချုပ်အတွက် ဥပဒေကြောင်းအရ ဘယ်လို ဆက်လက် ဆောင်ရွက်သွားမလဲ ဆိုတဲ့ကိစ္စ၊ NLD ပါတီ တိုးချဲ့ရေးနဲ့ သူ့ အိမ်ကိုပြန်ပြင်ဖို့ ကိစ္စတွေပါတဲ့အကြောင်း ရှေ့နေဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောပြခဲ့ပါတယ်။
ဦးဉာဏ်ဝင်းရဲ့အဆိုအရ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့အချိန်တွေကို ဗုဒ္ဓဘာသာ ၀ိပဿနာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ ဖတ်ရင်း၊ ပြင်သစ်ဘာသာနဲ့ ရေးသားထားတဲ့ စာအုပ်တွေအပါအ၀င် ခရီးသွားနဲ့ သမိုင်းဆိုင်ရာ စာအုပ်တွေ ဖတ်ရင်း၊ ရေဒီယို နားထောင်ရင်း၊ မြန်မာ့အသံနဲ့ မြဝတီ ရုပ်မြင်သံကြားလိုင်းတွေသာ ကြည့်ရှုရင်းနဲ့ ကုန်ဆုံးစေတယ်လို့ သိရပါတယ်။
ဆင်ဆာလုပ်ထားတဲ့ Times နဲ့ News week မဂ္ဂဇင်းတွေကို သူ့ကို ပေးခွင့်ရှိတယ်လို့လည်း ဆိုပါတယ်။ အင်းစိန်ထောင်မှာ မစ္စတာ ယက်ထောရဲ့အမှု ရင်ဆိုင်နေစဉ်အတွင်း သွားတွေ့တုန်းက ဒေါ်အောင်ဆန်းစုကြည် မှာထားတဲ့ ပြင်သစ်စာအုပ် အုပ် ၂၀ ကို ပေးခဲ့သေးတယ်ဆိုတဲ့ အကြောင်းလည်း ရှေ့နေဦးဉာဏ်ဝင်းက ပြောပြပါတယ်။
“ဒေါ်စုကတော့ ကျနော့်ကို နိုင်ငံတကာစာအုပ်တွေ မှာတာပဲဗျာ။ ကျနော်က သူမှာတဲ့အတိုင်း အမြဲတမ်း ပေးခွင့် မရှိပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ကြာသပတေး နေ့တုန်းကတော့ မြန်မာပြည်ကို ဒီဇင်ဘာလက အလည်လာသွားတဲ့ နိုဗဲလ် စီးပွားရေးဆုရှင် ဂျိုးဇက် စတစ်ဂလစ်ရဲ့ စာအုပ်တအုပ်ကို လက်ဆောင်အဖြစ်နဲ့ ဒေါ်စုကို ပေးနိုင်ခဲ့ပါတယ်” လို့ ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။ Stiglitz ကGlobalization and Its Discontent လို့အမည်ရတဲ့ သူ့စာအုပ်ကို ဒေါ်အောင်ဆန်းစုကြည်ဆီ ပို့ပေးဖို့ သူရဲ့ခရီးစဉ် အတွင်းမှာ ဦးဉာဏ်ဝင်းကို မှာခဲ့တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လက အင်းစိန်ထောင်ထဲက တရားရုံးတခုမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခံခဲ့ရပြီး အဲ့ဒီကမှ တဆင့် ၁၈ လ နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလဲ ကျခံနေရတာ ဖြစ်ပါတယ်။ ဟာသပြဇာတ် နဲ့တူတဲ့ သူ့ရဲ့ တရားရင်ဆိုင်မှုအပြီးမှာ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးတယောက် စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အထူးအမိန့်နဲ့အတူ တရားရုံးကိုရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ သမီးဖြစ်တာကြောင့် အပြစ်ဒဏ်ကို တ၀က်လျှော့သင့်ပြီး ကျန်တဲ့အပြစ်ဒဏ်တွေကို ဆိုင်းငံ့ထားသင့်တယ်လို့ ပြောခဲ့တာပါ။
ဗိုလ်ချုပ်မောင်ဦး ဖတ်သွားတဲ့အမိန့်ထဲမှာ တကယ်လို့ ဒေါ်စုအောင်ဆန်းစုကြည် အနေနဲ့ သူ့အပေါ်ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေအတိုင်း အင်းလျားကန်နေအိမ်မှာ ကောင်းကောင်းမွန်မွန် နေထိုင်မယ်ဆိုရင် ဆိုင်းငံ့အပြစ်ဒဏ် မပြီးဆုံးခင်မှာဘဲ သူ့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်ဆိုတာ ပါပါသေးတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်းမှာ ၁၄ နှစ်နီးပါး အထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး အချိန်အများစုကို နေအိမ်အကျယ်ချုပ်ဘ၀နဲ့ နေခဲ့ရတာဖြစ်ပါတယ်။ လေ့လာသုံးသပ်သူတွေကတော့ ဒီတရားစွဲဆိုမှုဟာ နိုင်ငံရေးပြကွက်တခုဖြစ်ပြီး စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၀ ရွေးကောက်ပွဲ မကျင်းပခင်မှာ နေအိမ်အကျယ်ချုပ်ဘ၀နဲ့ ဆက်နေစေ ချင်တယ်လို့ ယေဘုယျ သဘောတူကြပါတယ်။
အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ မေလ ၂၀၀၉ မှာ ချမှတ်ခဲ့တဲ့ သူ့ရဲ့ နေအိမ်အကျယ်ချုပ်အပြစ်ဒဏ် တ၀က်နီးပါး ကျခံပြီးဖြစ်ပါတယ်။ နိုဝင်ဘာမှာ သူ လွတ်နိုင်တယ်ဆိုတဲ့ ဗိုလ်ချုပ်မောင်ဦးရဲ့အရိပ်အမြွက်စကား အရဆိုရင် သူ့အနေနဲ့ ကောင်းကောင်းမွန်မွန် နေထိုင်ခြင်းမရှိတဲ့ အတွက် အပြစ်ဒဏ်အကုန်လုံး ကျခံရမယ်လို့ အဓိပ္ပာယ် ထွက်ပါတယ်။
ဗိုလ်ချုပ်မောင်ဦးရဲ့ စကားနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က လုံးဝ တရားမျှတမှု မရှိဘူးလို့ ပြောပြီးပါပြီ။ ဦးဉာဏ်ဝင်းရဲ့အဆိုအရ ဗိုလ်ချုပ်မောင်ဦး ဒီလိုပြောဆိုခဲ့တာဟာ သူ့ရဲ့ နောက်ဆုံးအယူခံကို တရားရုံးမှာ ကြားနာဖို့ စောင့်နေတဲ့အပေါ် အဟန့်အတား ဖြစ်စေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်နေတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူ့ရဲ့ ၁၈ လ နေအိမ်အကျယ်ချုပ် အပြစ်ဒဏ်ကုန်ဆုံးမယ့် နိုဝင်ဘာလမှာ လွတ်မြောက်ဖို့ မျှော်လင့်နိုင်ပါသလားလို့ ဦးဉာဏ်ဝင်းကို မေးကြည့်တော့ “လူတယောက် သူ့အပြစ်ဒဏ်ပြီးလို့ လွတ်တာ ထူးဆန်းတဲ့ကိစ္စမှ မဟုတ်တာလို့” ဖြေပါတယ်။
“ဒါပေမယ့် အဲဒီအချိန်မှာ ဒေါ်စုတကယ်မလွတ်ဘူးဆိုရင်တော့ အာဏာပိုင်တွေက သူတို့ ထွေးပြီးသား တံတွေးကို သူတို့ ပြန်မြိုသလိုပဲ ဖြစ်သွားမှာပေါ့” လို့လည်း ဦးဉာဏ်ဝင်းက ဆိုပါတယ်။
နောက်ပြီးတော့ သူက “ကောင်းကောင်းမွန်မွန် နေထိုင်တယ်ဆိုတာ ဘာကိုပြောတာလဲ” လို့ မေးခွန်း ပြန် ထုတ်ပါသေးတယ်။ “ကျနော်တို့ ယူဆတာတော့ ဒေါ်စုက ကောင်းကောင်းမွန်မွန် နေနေတာပဲ၊ သူ့အပေါ်ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေကို ဘာတခုမှ ချိုးဖောက်တာမရှိဘူးလေ” လို့ သူက ပြန်ပြောပါတယ်။
ဒါပေမယ့်ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ ရေးတဲ့ စာပါအကြောင်းအရာတွေကို ပြည်သူလူထုသိအောင် ဖြန့်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ပြီးခဲ့တဲ့လက အစိုးရပိုင်မီဒီယာ ကနေပြီး ရှုတ်ချတိုက်ခိုက် ခဲ့ပါသေးတယ်။
အစိုးရထုတ် သတင်းစာ ဆောင်းပါးတပုဒ်မှာတော့ “ဒေါ်အောင်ဆန်းစုကြည်၏ စာများ နိုင်ငံတော် အကြီးအကဲထံ မရောက်မီ ယခုကဲ့သို့ သတင်းဌာနများသို့ ပေါက်ကြားခြင်းသည် လက်ရှိအုပ်ချုပ်နေသော နိုင်ငံတော်အစိုးရ၏ ပုံရိပ်ကို ပျက်စီးစေရန် ရည်ရွယ်သည့် လုပ်ရပ်ဖြစ်သည့်အပြင် ဤလုပ်ရပ်ကြောင့် အခြားတဖက် (စစ်အစိုးရ) ၏ လုပ်ငန်းစဉ်များကို နှောင့်နှေး ကြန့်ကြာစေနိုင်သည်” လို့ ဖော်ပြခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျဉ်းစံဘ၀ကို ပိုပြီးအဆင်မပြေ ဖြစ်စေတာကတော့ ပြုပြင်ဖို့ လိုနေတဲ့အိမ်ကို ပြန်ပြင်မယ်ဆိုတဲ့ သူ့ရဲ့ ကြိုးစားမှုတွေကို တရားဝင် ပိတ်ဆို့နေတာတွေပါပဲ။ အိမ်ပြင်တဲ့လုပ်ငန်းတွေကို သူ့ရဲ့အစ်ကိုဖြစ်သူနဲ့ တခြားဆွေမျိုးတွေက ကန့်ကွက်တာမို့ ရပ်ဆိုင်းခဲ့ရပါတယ်။ ဦဉာဏ်ဝင်းရဲ့ အပြောအရ ဆိုရင် သူ့အိမ်ဟာ အခု လုံခြုံတဲ့ အနေအထားမှာမရှိတော့ပါဘူး။
အကျဉ်းစံဘ၀ရဲ့ ပြယုဂ်တခုဖြစ်တဲ့ သူ့ရဲ့ စန္ဒရားဟာလည်း တီးခတ်လို့မရတော့တာ နှစ်အတော် ကြာခဲ့ပါပြီ။ ဒါပေမယ့် သူကတော့ တချို့အချိန်တွေကို အနုပညာ အလုပ်တွေနဲ့ ကုန်ဆုံးစေတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် နေအိမ်အကျယ်ချုပ်က လွတ်မြောက်တဲ့ ၁၉၉၅ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်း မှုတွေကို အခြေခံတဲ့ Voice of Hope စာအုပ်ကို ရေးသားသူ စာရေးဆရာ Alan Clements ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀ဟာ အကျဉ်းစံဘ၀မှာ ပို၊ ပိုပြီး ခက်ခဲလာနေပြီလို့ ဧရာဝတီကို ပြောပြပါတယ်။
Alan Clements က “ဒေါ်စုရဲ့ အထင်ရှားဆုံးအရာတွေလို့ ကျနော်အမှတ်တရ ရှိနေတာက သူ့ရဲ့ အေးချမ်းတည်ငြိမ်မှုနဲ့ ရိုးသားမှုတွေပါပဲ” လို့ ဆိုပါတယ်။
“သူ့ကို ဖိနှိပ်သူတွေ အပါအ၀င် ဘယ်သူ့ကိုမှ မကောင်းစိတ်မွေးတာ၊ ဒါမှမဟုတ် အာဃာတထားတာ ကျနော် တချက်လေးမှ သတိမထားမိခဲ့ပါဘူး” လို့ သူက ဆက်ပြောပါတယ်။
“နောက်ပြီး ဒေါ်စုဟာ သူ့တိုင်းပြည်မှာရှိတဲ့ သူတွေအားလုံး မိတ်ဆွေတွေဖြစ်လာနိုင်မယ့် နေ့အတွက် သူ ဘယ်လို ဆုတောင်းတယ် ဆိုတာနဲ့ အဲဒီလိုသာ ဖြစ်လာရင် တိုင်းပြည်တခုလုံးအတွက် ဘယ်လောက်များ အကျိုးရှိလိမ့်မလဲဆိုတာတွေကို မကြာခဏ ပြောလေ့ရှိတာပါပဲ” လို့လည်း Alan Clements က ပြောပါတယ်။ ( ဧရာဝတီ )
မစ္စတာ ကင်တားနားဟာ မြန်မာစစ်အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံနိုင်ဖို့အတွက် နေပြည်တော်ကို သွားရောက်ဖို့လည်း စီစဉ်ထားတဲ့အကြောင်း၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ စစ်အစိုးရကို မေတ္တာရပ်ခံထားကြောင်း၊ တွေ့ခွင့်ရမရ မသိရသေးတဲ့အကြောင်း၊ သောကြာနေ့မှာ ပြန်လည်ထွက်ခွာဖို့ စီစဉ်ထားကြောင်းနဲ့ မပြန်ခင် သတင်းစာရှင်းလင်းပွဲ ကျင်းပမယ်လို့ ကုလသမဂ္ဂ ပြန်ကြားရေးဌာန တာဝန်ခံ ဦးအေးဝင်းက ဗွီအိုအေကို ပြောပြပါတယ်။
တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေအကျိုးဆောင် အဖွဲ့ကနေ မြန်မာနိုင်ငံရဲ့ လက်ရှိ တရားစီရင်ရေး စနစ်ရယ်၊ ရွေးကောက်ပွဲအပေါ် ဥပဒေကြောင်းအရ သုံးသပ်ချက်တွေကို မစ္စတာ ကင်တားနားကို ဒီနေ့ ရှင်းလင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥပဒေ အကျိုးဆောင် အဖွဲ့ထဲက တဦးလည်းဖြစ်၊ NLD ပြောခွင့်ရပုဂ္ဂိုလ် တဦးလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းထားပါတယ်။
“ဒီနေ့ ညနေ ၃ နာရီကနေ ၄ နာရီအထိ မြရိပ်ညိုဟိုတယ်မှာ တွေ့ပါတယ်။ မစ္စတာ ကင်တားနားနဲ့ သူ့ရဲ့ လက်ထောက် ၂ ယောက်၊ ဒီဘက်က ဦးကြည်ဝင်း၊ ကျနော်၊ ဦးလှမျိုးမြင့်၊ ဒေါ်ခင်ဌေးကြွယ်ပါ။ ကျနော်တို့ အဓိက ဒီနေ့ပြောခဲ့တာကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု၊ မပြီးပြတ်သေးတဲ့ ဒီအမှုနဲ့ ပတ်သက်ပြီးတော့ ဥပဒေ အယူအဆတွေကို ကျနော်တို့ ပြောခဲ့တယ်။
“နောက်တခုက မြန်မာနိုင်ငံမှာ လက်ရှိ ကျင့်သုံးနေတဲ့ တရားစီရင်ရေး စနစ်က ကောင်းတယ်။ သို့သော်လည်း လက်တွေ့ ကျင့်သုံးတဲ့နေရာမှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိနေတယ်။ ဥပမာအားဖြင့် ကျနော်တို့ ပြောခဲ့တာက Open Court မဟုတ်ဘူး၊ အများပြည်သူ ကြားနာခွင့် မရတဲ့ တရားရုံးတွေ ဖြစ်နေတယ်။ ဆွေမျိုး၊ မိသားစုတောင် လုံးဝ နားထောင်ခွင့် မရဘူး။ အဲဒီအခြေအနေကို ကျနော် ပြောပြခဲ့တယ်။
“နောက်တခုက နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အမှုတွေမှာ ဖမ်းဆီးခေါ်ဆောင်သွားပြီး ရဲလက်မအပ်မီမှာ တချို့ ရက်နဲ့၊ တချို့က လနဲ့ကို ကြာတယ်။ အဲဒီကာလတွေကို အချုပ်အဖြစ် မသတ်မှတ်ဘူး။ အဲဒီလို မသတ်မှတ်တဲ့ ကာလတွေအတွက် သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ အဲဒီလို ခေါ်ယူ ဖမ်းဆီးထားခွင့်ကလည်း ဘယ်ဥပဒေမှာမှ မပေးဘဲနဲ့ ဒါဟာ အလေ့အကျင့်လို ဖြစ်နေတယ်ဆိုတာ ပြောခဲ့တယ်။ အဲဒါတွေပါပဲ၊ ဒီနေ့က။”
ဒေါ်အောင်ဆန်းစုကြည် အမှုနဲ့ ပတ်သက်ပြီးတော့ရော မစ္စတာ ကင်တားနား ဘက်က ဘာတွေ တင်ပြသွားတာမျိုး ရှိပါသလဲ။
“မစ္စတာ ကင်တားနားက ပြောပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာ အရေးယူခဲ့တဲ့ ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်တဲ့ ဥပဒေဟာ နိုင်ငံတကာ အဆင့်အတန်းနဲ့ မကိုက်ညီဘူးတဲ့။ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့လည်း မညီညွတ်ဘူးတဲ့။ အဓိက အကြောင်းကတော့ တရားရုံးရဲ့ အမိန့်၊ တရားရုံးရဲ့ စစ်ဆေးမှု မပါဘဲနဲ့ လူတွေကို ချုပ်နှောင်ထားခွင့်ကို အဲဒီ ဥပဒေက ပေးလို့ပါလို့ သူ အဲဒီလို ပြောပြသွားပါတယ်။”
အခု နောက်ဆုံး နေအိမ်အကျယ်ချုပ် ၁၈ လ ထပ်ချထားတဲ့ အမှုနဲ့ ပတ်သက်ပြီးတော့ရော။
“သီးခြားတော့ အဲဒီလို မပြောဘူး။ ဒီ ၁၈ လ ဆိုတာလည်း အဲဒီအမှုက ပေါက်ဖွားလာတာပဲလေ။ အဲဒီဥပဒေအရ အရေးယူလို့ ပေါက်ဖွားလာတာပဲ။ အဲဒီဥပဒေကိုက နိုင်ငံတကာ အဆင့်အတန်း မရှိဘူး၊ နိုင်ငံတကာ ဥပဒေနဲ့လည်း မကိုက်ညီဘူး။ နောက် Without Trial တရားရုံးရဲ့ စစ်ဆေး စီရင်မှု မရှိဘဲနဲ့ လူတွေကို ချုပ်နှောင်တာ လုံးဝ မှန်ကန်မှု မရှိဘူးလို့ အဲဒီလို ပြောတာပါ။”
ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ကင်တားနားက တွေ့ဆုံမယ်လို့ အန်ကယ်တို့ကို ပြောသွားပါလား။
“ဟုတ်ကဲ့၊ ပြောပါတယ်။ သူက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ သူ့အစီအစဉ်ထဲမှာ ပါပါတယ်တဲ့။ ခွင့်ပြုချက် ရရင်တော့ သူ တွေ့ရမှာပဲတဲ့။ အဲတော့ သူ့အစီအစဉ်ကတော့ ၁၈ ရက်နေ့မှာတွေ့ဖို့ အစီအစဉ် ဆွဲထားပါတယ်လို့ ပြောသွားပါတယ်။”
ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အန်ကယ်တို့နဲ့ တွေ့တဲ့အချိန်မှာ ဘာတွေများ ပြောသွားတာ ရှိပါသလဲ။
“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူ မေးခွန်းတခု မေးပါတယ်။ ရွေးကောက်ပွဲပေါ်မှာ ဘယ်လိုသဘောထားလဲတဲ့။ ဆိုတော့ ကျနော် သူ့ကိုပြောပြတယ်။ ၂၀၁၀၊ ၂ လပိုင်းရောက်ပြီ။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အစီအစဉ်၊ ဥပဒေ ဘာညာ အခုထိ မသိဘူး၊ ဘယ်သူမှလည်း မသိဘူး။ အကယ်၍ ၂၀၁၀ နှစ်ထဲမှာပဲ ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင် အဲဒီရွေးကောက်ပွဲဟာ တရားမျှတမှု၊ လွတ်လပ်မှု၊ လုံးဝ မရှိနိုင်ဘူးလို့ ယူဆတယ်လို့ ကျနော် အဲလိုပြောခဲ့တယ်။”
ရွေးကောက်ပွဲအပြင် အန်ကယ်တို့ တခြား ဆွေးနွေးတာမျိုးရော ရှိပါသလား။
“မရှိပါဘူး။ ကျန်တာကတော့ ကျနော်တို့ တရားရုံးဆိုင်ရာ ကိစ္စတွေကိုပဲ ဆွေးနွေးပါတယ်။”
အခု မစ္စတာ ကင်တားနားနဲ့ အန်ကယ်တို့ ရှေ့နေ ၄ ဦးနဲ့ တွေ့ခွင့်ပေးတဲ့ အပေါ်မှာ အန်ကယ့်အနေနဲ့ ဘယ်လိုအမြင် ရှိပါသလဲ။
“မစ္စတာ ကင်တားနား အနေနဲ့ ကျနော်တို့ ရှေ့နေများဟာ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေကို နီးနီးစပ်စပ် တွေ့နိုင်တယ် ဆိုတဲ့ အယူအဆနဲ့ ကျနော်တို့ကို တွေ့တာလို့ပဲ မှတ်ယူပါတယ်။” ( ဗွီအိုအေ )