သတင်းများ

my email address

ကျွန်တော့်၏ email လိပ်စာမှာ
flyingpeacock619@gmail.com
ဖြစ်ပါသည်။

Subscribe via email

လူကြီးမင်း၏ Email လိပ်စာပေးခဲ့ပါ။ Poste အသစ်တင်တိုင်း ပို့ပေးပါမည်။

Enter your email address:

Delivered by FeedBurner

Free Aung San Su Kyi

Free Aung San Su Kyi

NLD LA KOREA

flyingpeacock

Live International News

Powered By
widgetmate.com
Sponsored By
Digital Camera

ရန်နိုင်ထွန်း ရဲ့ ကဗျာများ

အာဟာရစာစောင်

ကိုမင်းကိုနိုင် ဆုပေးပွဲ

Y မြစ်ချို ... လူညံ့လိုအင်

သွေးလက်ပေါ်ကသမိုင်း
မင်္ဂလာရှိသောမေမေ
ငါတို့ကျောင်းသား

ကိုကျော်စွာလင်းပန်းချီ

မြန်မာပြက္ခဒိန်

Myanmar Calendar

မြန်မာစံတော်ချိန်

မြန်မာပြည်မိုးလေ၀သအခြေအနေ

တော်လှန်ရေးသီချင်းများ


minthukha
Quantcast လာရောက် လည်ပတ် ကြသော သူငယ်ချင်းများ နိုင်ငံရေး သီချင်းတွေ နားဆင်လို့ရအောင်၊ စိတ်ကြိုက် Download ဆွဲလို့ရနိုင်ဖို့ အတွက်

Gmail sign in

Google Search

Popular Posts

.....အမေ့ စကား..အမှန်တရားလုပ်တဲ့သူတွေကသာ ရှုံးရင်လည်းနိုင်ရမယ်၊ နိုင်ရင်လည်းနိုင်ရမယ်။အမှန်တရားအရ မလုပ်တဲ့သူတွေကတော့ ရှုံးရင်လည်း ရှုံးရမယ်၊ နိုင်ရင်လည်းရှုံးမှာပဲ။( ဒေါ်အောင်ဆန်းစုကြည် ).....

Tuesday, October 13, 2009

မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှု သမိုင်း (အောင်ဝေး)

မြန်မာနိုင်ငံ ကျောင်းသား လှုပ်ရှားမှု သမိုင်း။..။

တပ်မတော်အတွင်း ကြားဖြတ်အစိုးရဖွဲ့ရေး မသိရသေး

ကြားဖြတ်အစိုးရဖွဲ့ရေး ကိစ္စကို မီဒီယာများတွင် ပြောဆိုနေသည့် သတင်းများ ထွက်ပေါ်နေလျက်ရှိသော်လည်း တပ်မတော်အတွင်း တစုံတရာ မကြားရသေးကြောင်း အရာရှိတဦးက ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲပြုလုပ်ရန် အခက်အခဲများစွာ ရှိနေပြီး တပ်မတော်အတွင်း အုပ်ချုပ်ရေးကိစ္စများ ရှုပ်ထွေးနေလျက်ရှိနေသည့် အခြေနေများအပေါ် ၎င်းက သုံးသပ်ပြောဆိုခြင်းဖြစ်သည်။

“ကြားဖြတ်အစိုးရ ဖွဲ့ဖို့ဆိုတာ ကျနော်တို့ဆီမှာ ဘာမှ မကြားရသေးဘူး။ ဘာတွေ ကွာဟနေလဲလို့ တိတိကျကျ မပြောချင်ပေမယ် အုပ်ချုပ်ရေးအပိုင်းမှာ တော်တော်ကို ရှုပ်ထွေးနေတာ” ဟု အဆိုပါအရာရှိက ပြောသည်။

တပ်မတော်အတွင်း တပ်မှူးအဆင့်ထိ အရာရှိအချို့ကို အရပ်ဘက်ပြောင်းရွှေ့ရေးအတွက် ဖိအားပေး လုပ်ဆောင်နေခြင်းများ ရှိသည့်အပြင် ကောလဟာလ သတင်းများလည်း တပြိုင်နက်တည်း ထွက်ပေါ်နေကြောင်း ၎င်းက ဆက်ပြောသည်။

“ဥပမာ ပြောရရင် အကောက်ခွန်လို ဌာနမျိုးကို ပြောင်းချင်တဲ့ အရာရှိ၊ အချို့အဆင့်တွေက သက်ဆိုင်ရာ ဝန်ကြီးတွေကို ပူဇော်ပသနေကြတယ်ပေါ့ဗျာ။ ကျနော်ထင်တာကတော့ တပ်မတော်ထဲမှာ အကြပ်အတည်း ကြီးနေတယ်။ ဘာဖြစ်တယ်ဆိုတာ လောလောဆယ် ခန့်မှန်းရခက်နေတုန်းပဲ” ဟု ဆက်လက်ပြောသည်။

ထို့အပြင် အုပ်ချုပ်ရေးနယ်မြေအတွင်း တပ်အသွင်ပြောင်းများ ဆက်လက်ထားရှိရေးအတွက် အစွမ်းကုန် ကြိုးပမ်းမှုများ ပြုလုပ်နေသည်ဟု ပြောသည်။

တပ်မတော် အင်ဂျင်နီယာတပ်မှ အရာရှိတဦးက “မြန်မြန် ပြောင်းလဲချင်တယ်။ အင်ဂျင်နီယာ တယောက်လိုပဲပြောပြော၊ အရာရှိတယောက်လိုပဲပြောပြော အပြောင်းအလဲဟာ အရေးကြီးတယ်လို့ ကျနော်ထင်တယ်” ဟု ဆက်လက်ပြောဆိုသည်။ ( ရိုးမ- ၃ )

ပါတီညီလာခံခေါ်ယူရေး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အလေးထားစဉ်းစား

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အဖွဲ့များက တင်ပြထားသည့် ပါတီညီလာခံခေါ်ယူရေးကိစ္စရပ်ကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့က လက်ခံရရှိထားပြီး အလေးအနက် စဉ်းစားနေပြီဖြစ်ကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးဝင်းတင်က ပြောသည်။

“စီအီးစီအဖွဲ့အနေနဲ့ ဒီကိစ္စကို အလေးအနက်ထား စဉ်းစားနေပါတယ်။ သို့သော် မြို့နယ်တချို့က တောင်းဆိုထားသလို တလအတွင်း ကျင်းပပေးဖို့ဆိုတာ ဖြစ်နိုင်မဖြစ်နိုင်ကတော့ ချင့်ချိန်နေပါတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲသည့်လပိုင်းအတွင်းက မိတ္ထီလာမြို့နယ်၊ သာယာဝတီခရိုင်၊ တောင်ငူခရိုင်တို့မှ ပါတီဝင်များက ပါတီညီလာခံခေါ်ယူရေး၊ ပါတီဗဟိုကော်မတီ ပြန်လည်ဖွဲ့စည်းရေးတို့ကို ဗဟိုအလုပ်အမှုဆောင်ကော်မတီထံ တင်ပြထားကြသည်။

ထိုကဲ့သို့ တင်ပြတောင်းဆိုမှုများမှာ ဖြစ်သင့်ဖြစ်ထိုက်သည်ဟု ပဲခူးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်လှက ပြောသည်။
[ ဆက်ဖတ်ရန် +/- ]

“ဒီတောင်းဆိုမှုကို ကျနော်တို့ ထောက်ခံတယ်။ သဘောတူတယ်။ ပြီးခဲ့တဲ့ ဧပြီလက တိုင်းနှင့်ပြည်နယ် အစည်းအဝေး တုန်းကလည်း ကျနော်တို့က အဖွဲ့အတွင်းမှာ ဒီမိုကရေစီနည်းကျ ကျင့်သုံးပြီး ဦးဆောင်မှုပေးနိုင်သူတွေကို ထပ်တင်ဖို့ တင်ပြထားတာပဲလေ။ အခုတောင်းဆိုချက်ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့က လိုက်လျောမယ်ဆိုရင် ကောင်းပါတယ်” ဟု ၎င်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းနှင့်ပြည်နယ်အစည်းအဝေးကို ၂၀၀၉ ခုနှစ် ဧပြီလ (၂၈) ရက်တွင် ကျင်းပခဲ့စဉ်က ပါတီဝင် (၃၆) ဦး စုပေါင်းလက်မှတ်ရေးထိုးကာ ဦးအောင်ရွှေနှင့် ဦးလွင်တို့အနေဖြင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ဖူးသည်။

“အခုချိန်မှာ ဘယ်သူနုတ်ထွက်ပါ ဘာညာပြောနေတာမျိုးထက် ကျနော့်သဘောကတော့ ထပ်တိုးချဲ့ဖွဲ့စည်းဖို့ကိုပဲ စဉ်းစားစေချင်တယ်။ ကျနော်အပါအ၀င် ဦးအောင်ရွှေ၊ ဦးလွင် စတဲ့ပုဂ္ဂိုလ်တွေဟာ အသက်အားဖြင့် (၈၀) ကျော်၊ (၉၀) ကျော်တွေ ဖြစ်နေကြပြီဆိုတော့ လူငယ်လူလတ်ပိုင်းထဲက အများလက်ခံတဲ့ ဦးဆောင်မှုပေးနိုင်တဲ့ လူတွေနဲ့ တိုးချဲ့ဖွဲ့စည်းဖို့ လိုအပ်ပါတယ်။ မူဝါဒနဲ့ပတ်သက်လာရင်လည်း ပြောင်းခြင်း ပြင်ခြင်းကို မလိုလားဘူး။ အားဖြည့်တာမျိုးကို လိုလားတယ်။ အလားတူပဲ လူနဲ့ ပတ်သက်လာရင်လည်း တိုးဖြည့်တာကိုပဲ လိုလားတယ်” ဟု ဦးဝင်းတင်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပါတီသက်တမ်း အနှစ် (၂၀) ကျော်အတွင်း ၁၉၉၇ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ အောက်ခြေပါတီအဖွဲ့ဝင်များ ပါဝင်သော အစည်းအဝေးကြီးတခုနှင့် ယခုနှစ် ဧပြီလအတွင်းကျင်းပခဲ့သော တိုင်းနှင့်ပြည်နယ် စုံညီအစည်းအဝေးကြီးတခု၊ စုစုပေါင်းအစည်းအဝေးကြီး (၂) ခုကိုသာ ကျင်းပနိုင်ခဲ့သည်။

ယခုအခါ မြို့နယ်ပါတီခွဲများက ပါတီညီလာခံ ထပ်မံကျင်းပရေး တင်ပြလာကြခြင်းဖြစ်သည်။

အစည်းအဝေး ထပ်မံကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ဦးဝင်းတင်က “မကြာခင်မှာ ပါတီမှတ်ပုံတင်ရေးကိစ္စတွေလည်း လာတော့မယ်။ ပါတီမှတ်ပုံတင်ဖို့ဆိုတာ ရွေးကောက်ပွဲ ၀င်တာ မ၀င်တာနဲ့မဆိုင်ဘူး။ ၀င်သည်ဖြစ်စေ၊ မ၀င်သည်ဖြစ်စေ ကြုံတွေ့ရတော့မယ့်ကိစ္စ။ ဆိုတော့ အောက်ခြေပါတီဝင်တွေရဲ့ အမြင်သဘောထား၊ သူတို့ရဲ့ဆန္ဒတွေကို သိဖို့လိုလာပြီ။ ညီလာခံဆိုတာကတော့ အောက်ခြေမြို့နယ် အဆင့်ဆင့်မှာပါ ကျင်းပဖို့လိုတယ်ဆိုတော့ ဖြစ်နိုင်မဖြစ်နိုင် မသိနိုင်သေးဘူး။ သို့သော်ငြားလည်း အနည်းဆုံးအားဖြင့် အောက်ခြေအဆင့်ပါတီဝင်တွေနဲ့ တွေ့ဆုံနိုင်မယ့် အစည်းဝေးတရပ်တော့ ခေါ်သင့်တယ်လို့ မြင်တယ်” ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ယခင်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (စီအီးစီ) အပြင် ပါတီဗဟိုကော်မတီတရပ် (စီစီ) ရှိခဲ့သော်လည်း စီစီအဖွဲ့ဝင်များ ထောင်ကျခြင်း၊ ကွယ်လွန်ခြင်းများရှိခဲ့၍ နောက်ပိုင်းတွင် စီစီအဖွဲ့ ပြိုပျက်ခဲ့ရာ ပြန်လည်ဖွဲ့စည်းနိုင်ရေးကို မြို့နယ်အဖွဲ့ခွဲများက တောင်းဆိုထားကြသည်။

“ဒီလိုတောင်းဆိုမှုတွေကို အန်တီတို့ မကွေးအမျိုးသမီးအဖွဲ့အနေနဲ့ ထောက်ခံတယ်။ ဒီလိုမှမလုပ်ရင်လည်း ပါတီက ဗဟိုဦးစီးစနစ်နဲ့ သွားနေသလိုဖြစ်နေမယ်။ ပါတီအနေနဲ့ နှစ်ပေါင်း (၂၀) အတွင်း အားနည်းတာတွေ ရှိခဲ့လို့ အစက ပြန်ပြန်စနေရတယ်။ တချို့ပါတီသစ်တွေက ပါတီစည်းရုံးရေးတွေ လုပ်ဆောင်နေကြပြီ။ ရွေးကောက်ပွဲဝင်တာ မ၀င်တာနောက်ထား၊ တရားဝင်ပါတီဖြစ်တဲ့ အန်တီတို့က အခုမှ လူငယ်အဖွဲ့တွေ၊ စည်းရုံးရေးအဖွဲ့တွေ ပြန်ဖွဲ့နေရတယ်။ သူများတွေ သိဒ္ဓတ္ထမင်းသား တောထွက်ခန်းရောက်နေမှ ကိုယ့်အဖွဲ့က ဖွားတော်မူခန်းကနေ မတက်နိုင်ရင်တော့ မဖြစ်သေးဘူး။ ဒါကြောင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေနဲ့ ဒီကိစ္စအပေါ် မြန်မြန်စဉ်းစား ဆုံးဖြတ်ပေးစေချင်တယ်” ဟု ရေနံချောင်းမြို့နယ် စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ခင်စောဌေးက ပြောသည်။ ( ခေတ်ပြိုင် )

အသုံးချနိုင်ငံရေး

Apply Politic

ဖက်ဒရယ်ပြည်ထောင်စု

Federal Study by ABSDF

Saturday, October 10, 2009

ဒေါ်အောင်ဆန်းစုကြည်နှင့် အနောက်တိုင်းသံတမန်များတွေ့ဆုံ

091009 Bty Bur Daw Aung San Suu Kyi

ပြင်သစ်ရုပ်ရှင်မင်းသမီးက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ


အင်္ဂါနေ့က ပြင်သစ်နိုင်ငံ ပဲရစ်မြို့ မြို့တော်ခန်းမရှေ့ လူအုပ်ထဲတွင် တွေ့ရသည့် ပြင်သစ်ရုပ်ရှင်မင်းသမီး Marion Cotillard

ချုပ်နှောင်ခံထားသည့် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသည့်အနေဖြင့် တိတ်ဆိတ်စွာ သွားရောက်စုဝေးသည့် အခမ်းအနားကို တက်ရောက်စဉ် ရိုက်ကူးထားသည့်ပုံ ဖြစ်သည်။ ( မိုးမခ )

ဒေါ်စု ဒီမိုကရေစီရေး သန္နိဌာန်ခိုင်မာမှု နိုဘယ်လ်ဆုလက်ခံမိန့်ခွန်းမှာ အိုဘားမား ပြော


ဒီနှစ်အတွက် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် အဖြစ် ရွေးချယ်ခံလိုက်ရတဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား ကတော့ သူ့လိုပဲ ဆုရှင်တဦးဖြစ်ပေမဲ့ အခုအချိန်အထိ ဆက်လက်ဖမ်းဆီးခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လို ပုဂ္ဂိုလ်တွေ အားလုံးနဲ့ ဒီဆုဟာ သက်ဆိုင်ပါတယ်လို့ ပြောဆိုလိုက်တာပါ။ တချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လည်လွတ်မြောက် လာတာကို မြင်တွေ့လိုတဲ့ အကြောင်းကိုလည်း အမေရိကန် အစိုးရက ထပ်ပြီး ပြောခဲ့တာပါ။ အကြောင်းစုံကိုတော့ ကိုအောင်လွင်ဦးက တင်ပြထားပါတယ်။
[ ဆက်ဖတ်ရန် +/- ]

ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင်တွေထဲက တဦးတည်းသော ဖမ်းဆီး ထိန်းသိမ်းခံနေရသူ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဒီမိုကရေစီရေး စွမ်းဆောင်မှုတွေကို အခုနှစ်အတွက် ဆုရှင်ဖြစ်လာတဲ့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား က အလေးထား ပြောဆိုလိုက်တာပါ။ သမ္မတက ဆုချီးမြှင့်ခံရကြောင်း သိရပြီးတဲ့နောက် ပြောဆိုလိုက်တဲ့ နေရာမှာ ဒီဆုဟာ သူ့အစိုးရကို ဂုဏ်ပြုတာထက် အဓိပ္ပါယ် ပိုတဲ့အကြောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။

"ဒီဆုဟာ ကျနော့်အစိုးရရဲ့ ကြိုးပမ်းချက် သက်သက်ကိုသာ ဆုချီးမြှင့်တာ မဟုတ်ပါဘူး။ ကမ္ဘာတလွှားက ရဲရဲရင့်ရင့် ကြိုးပမ်း ရုန်းကန်နေကြသူတွေ အတွက်လည်းဖြစ်ပါတယ်။"

သမ္မတ အိုဘားမား က သူ့အနေနဲ့ ဒီဆုလက်ခံရခဲ့ကြသူတွေနဲ့စာရင် ထိုက်ထိုက်တန်တန် ရခဲ့တာလို့တောင် မခံစားမိတဲ့ အကြောင်းလည်း ပြောခဲ့တာပါ။ တကယ်တော့ ဒီ နိုဘယ်လ် ငြိမ်းချမ်းရေးဆုဟာ ကမ္ဘာတ၀န်းက လူ့အခွင့်အရေး ဒီမိုကရေစီရေးတွေ အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်မှုတွေကြောင့် ၁၉၉၁ ခုနှစ်က ဆုရရှိခဲ့သူ ဒေါ်အောင်ဆန်းစုကြည် လို ပုဂ္ဂိုလ်မျိုးတွေနဲ့လည်း သက်ဆိုင်ပါတယ်လို့ သမ္မတက မနေ့တုန်းကပဲ မှတ်ချက်ပေး ပြောသွားခဲ့တာ ဖြစ်ပါတယ်။

"ဒါကြောင့်လည်း တရားမျှတမှုနဲ့ လူ့ဂုဏ်သိက္ခာအတွက် ကြိုးပမ်းနေသူတွေ အားလုံးဟာလည်း ဒီဆုနဲ့ သက်ဆိုင်ပါတယ်။ ရိုက်နှက်မှုတွေ ကျည်ဆံတွေကို ရင်ဆိုင်ပြီး လူ့အခွင့်အရေးအတွက် လမ်းပေါ်မှာ ချီတက်ခဲ့တဲ့ အမျိုးသမီးငယ်တဦးလို၊ ဒီမိုကရေစီရေး အတွက် သန္နိဌာန်တွေကို စွန့်လွှတ်ဖို့ ငြင်းဆန်ရင်း ကိုယ့်အိမ်မှာ အကျဉ်းကျခံနေရတဲ့ ခေါင်းဆောင် တယောက်၊ ကမ္ဘာကြီးရဲ့ တခြားတဖက်မှာ လှည့်လည် တာဝန်ထမ်းနေရတဲ့ စစ်သည်တွေ၊ ငြိမ်းချမ်းရေးအတွက် ကိုယ့်ရဲ့ လုံခြုံမှု၊ လွတ်မြောက်မှုနဲ့ အသက်ကိုပါ စွန့်လွှတ်ခဲ့ကြသူ ကမ္ဘာတ၀န်းက အမျိုးသား အမျိုးသမီးတွေ အားလုံး အတွက်လည်း ဖြစ်ပါတယ်။"

တချိန်တည်းမှာပဲ အမေရိကန် ပြည်ထောင်စု အနေနဲ့ ငြိမ်းချမ်းရေး နိုဘယ်လ် ဆုရှင်တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေး အတွက်လည်း ထပ်မံတိုက်တွန်းမှုတွေ လုပ်ခဲ့တာပါ။ သမ္မတရဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရတဲ့အကြောင်း မှတ်ချက်ပေးစကားကို ကိုးကားပြီး အမေရိကန် အစိုးရရဲ့ ရပ်တည်ချက် သဘောထားကို နိုင်ငံခြားရေးဌာန လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် P J Crowley က မနေ့တုန်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

"ကျနော်တို့ ဦးစားပေးထားတာကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံး ပြန်လွှတ်ပေးဖို့ပါ။ သမ္မတရဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆု ကြေညာချက်မှာလည်း ဒေါ်အောင်ဆန်းစုကြည် ကို ကိုးကားပြီး ပြောသွားတာကို ခင်ဗျားတို့ သတိထားမိကြမှာပါ။"

မနေ့တုန်းကပဲ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံး ယာယီ တာဝန်ခံအပါအ၀င် ဗြိတိန်နဲ့ သြစတြေးလျနိုင်ငံက သံတမန်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် က ရန်ကုန်မြို့ အစိုးရဧည့်ဂေဟာမှာ မြန်မာစစ်အစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှု ကိစ္စတွေနဲ့ ပတ်သက်လို့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့တာပါ။ အမေရိကန် အစိုးရအနေနဲ့ မြန်မာစစ်အစိုးရ အပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ် ထားပေမဲ့ စစ်အစိုးရ အနေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရင် ဆက်ဆံရေးတွေ တိုးမြှင့်သွားဖို့ ပြောဆိုထားတာပါ။ ဒီလို ပြောင်းလဲမှုတွေ လုပ်ဆောင်တဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်ခွင့်ပြုဖို့လည်း အမေရိကန် အစိုးရက တစိုက်မတ်မတ် တောင်းဆိုနေခဲ့တာ ဖြစ်ပါတယ်။ မနေ့တုန်းက ဒေါ်အောင်ဆန်းစုကြည် နဲ့ အမေရိကန်အပါအ၀င် သံတမန်တွေနဲ့ တွေ့ခွင့်ရတဲ့အပေါ် အကောင်းမြင် သဘောထားရှိပေမဲ့ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေးဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ ခြေလှမ်းအဖြစ် အမေရိကန် အစိုးရက ရှုမြင်ထားဆဲ ဖြစ်တဲ့အကြောင်း နိုင်ငံခြားရေးဌာန လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် P J Crowley က ဆိုခဲ့တာ ဖြစ်ပါတယ်။

"တွေ့ဆုံမှုတွေဖြစ်ခဲ့တာကို ကျနော်တို့ ကျေနပ်မိပါတယ်။ သိတဲ့အတိုင်း သူဟာ မြန်မာပြည်ရဲ့ လက်ရှိကာလနဲ့ အနာဂတ်အတွက် အင်မတန်မှ အရေးပါတဲ့ ပုဂ္ဂိုလ် တယောက်ပါ။ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ သူ့ကို ပြန်လွှတ်ပေးဖို့ သင့်တယ်လို့လည်း ယုံကြည် ထားပါတယ်။"

အမေရိကန် နိုင်ငံခြားရေးဌာန လက်ထောက် ပြောခွင့်ရပုဂ္ဂိုလ် P J Crowley ဖြစ်ပါတယ်။ ရှေ့လအတွင်း စင်္ကာပူနိုင်ငံမှာ ကျင်းပမယ့် APEC အာရှ ပစိဖိတ်ဒေသ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ စီးပွားရေး ခေါင်းဆောင်တွေရဲ့ အစည်းအဝေး အတွင်း အာဆီယံ ခေါင်းဆောင်တွေနဲ့ သီးခြားတွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့လည်း သမ္မတ အိုဘားမား ရဲ့ အာဆီယံ ခေါင်းဆောင်တွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမယ့် ဒီအစည်းအဝေးပွဲအတွင်း စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစကား ပြောဖြစ်မယ် မပြောဖြစ်ဘူးဆိုတာတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ ( ဗွီအိုအေ )

Thursday, October 8, 2009

တောင်ကိုရီးယားနိုင်ငံအစိုးရမှ မြန်မာ့ဒီမိုကရေစီအရေးကို ဆောင်ရွက်လှုပ်ရှားနေကြသူ မြန်မာနိုင်ငံသား ( ၈ ) ဦးအားနိုင်ငံရေးခိုလှုံခွင့်ပေး

Today News in Korea

ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်ပေးရေးအတွက် တဦးချင်း ဆန္ဒပြ တောင်းဆို


NLD 한국지는 2009년 10월 6일 화요일 오전 10시부터 12시 까지 서울시 용산구 한남동 한남 초등학교 앞 버마 군사독재의 대사관 앞에 아웅 산 수지 총장님을 즉각 석방하라고 일인 시위를 하였습니다.

၂၀၀၉ ခုနှစ် အောက်တိုဘာလ ၆ ရက် အင်္ဂါနေ့ နံနက် ၁၀ နာရီမှ ၁၂ နာရီအချိန်ထိ ဆိုးလ် (ဆောအုလ်) နအဖ စစ်အစိုးရ လက်အောက်ခံ သံရုံးရှေ့၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ကိုရီးယားဌာနခွဲက ဦးစီး၍ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်ပေးရေးအတွက် တဦးချင်း ဆန္ဒပြ တောင်းဆိုကြပါသည်။

NLD (LA) Korea Branch held solo demonstrated for immediately release Daw Aung San Suu Kyi in Burma, in front of Burma Junta's Embassy in Seoul from 10:00 AM to 12:00 AM on October 6, 2009.

ဂျပန်သံမှူး ဖိတ်ခေါ်မှုသည် နိုင်ငံရေး အဓိပ္ပာယ် ပြောင်းလဲမှုဟု ဦးဝင်းတင်ပြောကြား

ဂျပန်အစိုးရသစ် တက်လာပြီး မကြာမီတွင် မြန်မာပြည်ဆိုင်ရာ ဂျပန်သံရုံးမှ သံမှူးက မြန်မာ့ဒီမိုကရေစီ အတိုက်အခံပါတီ ခေါင်းဆောင်တဦးကို ခေါ်ဖိတ် ဆွေးနွေးခြင်းသည် နိုင်ငံရေးအဓိပ္ပာယ် ပြောင်းလဲမှုတခုအဖြစ် ယူဆကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။

“ကျနော့် အယူအဆတင် မကဘဲနဲ့ ဂျပန်အစိုးရသစ်ကလည်း တက်လာတဲ့အချိန်၊ မြန်မာပြည်ဆိုင်ရာ ဂျပန်အစိုးရရဲ့ နိုင်ငံခြားရေး မူဝါဒတွေ ပြန်လည်ပြင်ဆင်ဖို့ သုံးသပ်နေချိန်မှာ အတိုက်အခံပါတီက ကျနော့်ကို အခုလို မေးမြန်းလာတယ်ဆိုတော့ နိုင်ငံရေးအဓိပ္ပာယ် ပြောင်းလဲလာတယ်လို့ ယူဆလို့ရပါတယ်” ဟု ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ ဂျပန်သံရုံးမှ သံမှူးက ဖိတ်ခေါ်သဖြင့် ယမန်နေ့ ညနေပိုင်းက ၁ နာရီကြာ တွေ့ဆုံခဲ့ရာ လက်ရှိမြန်မာ့နိုင်ငံရေး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ တွေ့ဆုံဆွေးနွေးရေး၊ ရွေးကောက်ပွဲဆိုင်ရာ သဘောထားများကို တင်ပြခွင့်ရခဲ့သည်။
[ ဆက်ဖတ်ရန် +/- ]

“ဂျပန်အစိုးရသစ်အနေနဲ့ မြန်မာနိုင်ငံကို ဈေးကွက်စီးပွားရေး စားကျက်အနေနဲ့ သဘောမထားဘဲနဲ့၊ လက်ရှိ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းတဲ့အခါမှာ ပါဝင်ကူညီပေးဖို့ တာဝန်ရှိတယ်လို့လည်း ထပ်မံ တောင်းဆိုခဲ့ပါတယ်” ဟု ဦးဝင်းတင်က ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် မကြာသေးခင်က ကျင်းပခဲ့သော မဲခေါင်ဒေသဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာအိုကားဒါးက မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် တိုက်တွန်းခဲ့သေးသည်။ ဤကဲ့သို့ တိုက်တွန်းခဲ့သည့်အပေါ် ကြိုဆိုလိုက်ကြောင်း ဦးဝင်းတင်က ပြောဆိုသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ရန် တောင်းဆိုရာ၌ သူမအား အဖွဲ့ချုပ်ရုံး၌ ပေးထိုင်ရန်နှင့် နေအိမ်တွင် လွတ်လပ်စွာ သွားလာခွင့်ကို ရည်ရွယ်တောင်းဆိုခြင်း မဟုတ်ဘဲ၊ မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းရာ၌ နိုင်ငံရေးနည်းနှင့် တွေ့ဆုံဆွေးနွေးရေး လုပ်ရန်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စများ ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး စားပွဲပေါ် ရောက်ရှိလာရန်သာ ဦးတည်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အစိုးရကို တိုက်တွန်းတဲ့အခါမှာ ဒီအချက်တွေကို တိုက်တွန်းပေးပါ။ ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းတာတွေ၊ NLD ပါဝင်သင့်တာတွေ၊ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖို့ ပြောနေတာတွေကို ကျနော်တို့ လက်မခံနိုင်ဘူး” ဟု ဦးဝင်းတင်က ပြောသည်။

ထို့အပြင် ဂျပန်အစိုးရက အတိုက်အခံ အင်အားစုများကို ၂၀၁၀ ရွေးကောက်ပွဲဝင်ရန် တိုက်တွန်းနေချိန်တွင် စစ်အစိုးရအနေဖြင့် ၂၀၀၈ အခြေခံဥပဒေအား ပြန်လည်၍ ပြင်ဆင်သုံးသပ်ရန် ကိစ္စများကိုလည်း စစ်အစိုးရကို ဂျပန်အစိုးရအနေဖြင့် တိုက်တွန်းပေးရန်လည်း သူက တောင်းဆိုခဲ့သေးသည်။

“ဒီပြဿနာကို အစိုးရ (နအဖ) က ဖြေရှင်းပေးနိုင်မှသာလျှင် ရွေးကောက်ပွဲဟာ အဓိပ္ပာယ်ရှိမယ်။ ဒီအတိုင်း ရွေးကောက်ပွဲ သက်သက်ကတော့ ကျနော်တို့ ဘာမှ ထည့်သွင်းမစဉ်းစားနိုင်ဘူး။ မစဉ်းစားတာဟာ ဘယ်အထိ အကျိုးသက်ရောက်သလဲဆိုတော့ NLD တို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ ရွေးကောက်ပွဲမှာ မပါဝင်ဘူး၊ ပါဝင်ခြင်း မပြုဘူးဆိုတဲ့အထိ သက်ရောက်သွားနိုင်တယ်” ဟု သူက ပြောသည်။

ယခုလို တွေ့ဆုံရာတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ သံမှူးအပြင်၊ သံရုံး၏ ပြန်ကြားရေးတာဝန် ယူထားသည့် မြန်မာအမှုထမ်း ဦးချိုထွန်းလည်း တက်ရောက်ခဲ့သည်။ သို့သော် ဂျပန်သံရုံးဘက်မှ တုံ့ပြန်ဆွေးနွေးခြင်းနှင့် အကြံပေးခြင်းမျိုး မရှိခဲ့ပါ။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက ရွေးကောက်ပွဲတွင် ဂျပန်နိုင်ငံကို နှစ်ပေါင်း ၅၀ ကျော် အုပ်ချုပ်လာခဲ့သည့် ဂျပန် လစ်ဘရယ် ဒီမိုကရက်တစ် ပါတီကို အတိုက်အခံပါတီ ဂျပန် ဒီမိုကရက်တစ် ပါတီက အနိုင်ရရှိခဲ့ကာ အစိုးရသစ် ဖွဲ့နိုင်ခဲ့သည်။ (မဇ္ဈိမ)

ဒေါ်အောင်ဆန်းစုကြည်နဲ့ ၀န်ကြီး ဦးအောင်ကြည် တပတ်အတွင်း ဒုတိယအကြိမ်တွေ့


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာစစ်အစိုးရက ဆက်ဆံရေးဝန်ကြီးအဖြစ် တာဝန်ပေးထားတဲ့ အလုပ်သမားရေး ၀န်ကြီး ဦးအောင်ကြည်နဲ့ ဒီကနေ့ အစိုးရဧည့်ဂေဟာမှာ တွေ့ဆုံပါတယ်။ မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေရဲ့ အရေးယူ ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေး ပူးပေါင်းဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို စာရေးသား ပေးပို့ခဲ့ပြီး နောက်ပိုင်း တပတ်အတွင်း ဒုတိယအကြိမ်အဖြစ် ဦးအောင်ကြည်နဲ့ တွေ့ဆုံတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းကို ကိုသိန်းထိုက်ဦးက ဆက်သွယ်မေးမြန်းတဲ့အခါ ဦးဉာဏ်ဝင်းက အခုလို စပြောပါတယ်။[ ဆက်ဖတ်ရန် +/- ]

“ကျနော်တို့လည်း ထပ်တွေ့တဲ့ သတင်းပဲ သိပါတယ်။ နာရီဝက်လောက် ကြာတယ်လို့ပဲ ကြားပါတယ်။ တွေ့တဲ့အကြောင်းရင်းတော့ ကျနော်တို့ မသိပါဘူး။”

ဟိုတနေ့က တွေ့တာကတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ရေးထားတဲ့ စာပေါ်မှာ အခြေခံပြီးတော့ တွေ့တယ်လို့ သတင်းစာမှာ ရေးပါတယ်။

“ဒီနေ့တွေ့တာလည်း အဲဒါရဲ့ အဆက်ဖြစ်ဖို့ ကျနော်တို့ ယူဆတယ်။”

ငါးရက်အတွင်းမှာ နှစ်ကြိမ်တွေ့တယ်ဆိုတော့ အရင်ထက်စာရင်တော့ တွေ့တာက နည်းနည်းလေး ပိုပြီး စိပ်လာတယ်လို့ ပြောလို့ရမှာပေါ့။ ဒီအပေါ်မှာရော NLD အနေနဲ့…။

“ကောင်းပါတယ်၊ ချက်ချင်း ဖြေကြား၊ မေးမြန်း၊ ဒါမျိုးတွေ ရှိမှာပေါ့လေ။ တွေ့တာတော့ ကျနော်တို့က ကြိုဆိုပါတယ်၊ ဘာပဲဖြစ်ဖြစ်။”

NLD CEC က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့အတွက် တောင်းဆိုထားတယ်လို့ သိရပါတယ်။ ဒီကိစ္စရော အခြေအနေ ဘာများ ထူးပါသလဲ။

“မရှိပါဘူးဗျ၊ မရှိပါဘူး။”

အခုအချိန်ထိ မရှိသေးဘူးပေါ့နော်။

“မရှိသေးပါဘူးခင်ဗျ။”

ရှေ့နေအဖွဲ့နဲ့ တွေ့ဖို့တောင်းထားတာ အယူခံမှုကို ပြင်ဆင်ချက် တင်ဖို့လားခင်ဗျ။

“ဟုတ်ကဲ့ပါ၊ မှန်ပါတယ်။”

တောင်းဆိုချက်ကရော တစုံတရာ ဟိုဘက်က တုံ့ပြန်မှု ထူးခြားမှု ရှိပါလားခင်ဗျ။

“ကျနော်တို့တောင်းထားတာ ဒီနေ့ပါပဲ။ ဒီနေ့တော့ ဟိုဘက်မှာ ဒေါ်စုက ပိုမိုအရေးကြီးတဲ့ ကိစ္စဆိုတော့ ကျနော်တို့ကို ရွှေ့ဆိုင်းတဲ့သဘော ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို ကိုသိန်းထိုက်ဦး ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ ( ဗွီအိုအေ )

Wednesday, October 7, 2009

စက်တင်ဘာ တလအတွင်း နိုင်ငံရေးလှုပ်ရှားသူ အနည်းဆုံး ၃၉ ဦး ဖမ်းဆီးခံရ

မြန်မာအစိုးရအနေနဲ့ ပြီးခဲ့တဲ့လအတွင်း လွှတ်လိုက်တဲ့ အကျဉ်းသားတွေထဲ နိုင်ငံရေး အကျဉ်းသား ၁၀၀ ကျော် ပါဝင်ပေမဲ့ ပြီးခဲ့တဲ့ တလအတွင်းမှာကို နိုင်ငံရေး လှုပ်ရှားသူ အနည်းဆုံး ၃၉ ဦး ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရတယ်လို့ နိုင်ငံရေး အကျဉ်းသား အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဒီလူတွေဟာ တရားလက်မဲ့ ဖမ်းဆီးခံရတာဖြစ်ပြီး မိသားစုတွေနဲ့ အဆက်အသွယ် လုပ်ခွင့် မရတာကြောင့် ဒါဟာ ဥပဒေစိုးမိုးမှု ကင်းမဲ့နေတာလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

လာမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်နိုင်ကြဖို့ နိုင်ငံသား အကျဉ်းသားတွေကို စီစဉ်ပြီး လွှတ်ပေးခဲ့တယ်လို့ ဆိုသလို ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးမယ်လို့ ကုလသမဂ္ဂမှာ မြန်မာအစိုးရက ပြောခဲ့ ပေမဲ့ အခု ဒီလပိုင်းအတွင်းမှာတော့ အဖမ်းအဆီး အစစ်အဆေးတွေက ပိုများလာပါတယ်။ အထူးသဖြင့်တော့ သံဃာတော် တွေရဲ့ ရွှေဝါရောင် လှုပ်ရှားမှု နှစ်ပတ်လည် အချိန်ကာလမို့လည်း သံဃာတော်တွေရော လှုပ်ရှားသူတွေကိုပါ ပိုပြီး တင်းကျပ် စောင့်ကြည့်လာတာ ဖြစ်တယ်၊ အဖမ်းအဆီးတွေ ရှိလာတာ ဖြစ်တယ်လို့ ယူဆရပါတယ်။ တဘက်မှာ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို မီးသေအောင် လုပ်လာတာလို့လည်း ယူဆသူတွေ ရှိပါ တယ်။

[ ဆက်ဖတ်ရန် +/- ]

အခု အဖမ်းအဆီး အခြေအနေတွေနဲ့ ပတ်သက်လို့ AAPP နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ကိုတိတ်နိုင်က အခုလို ပြောပါတယ်။

“သြဂုတ်လမှာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ ၃၃ ဦး ဖမ်းဆီးခံရပြီး စက်တင်ဘာလ အတွင်းမှာတော့ ၃၉ ဦး အဖမ်းခံရပါတယ်။ အခု အောက်တိုဘာလ အစပိုင်းမှာကို ၁၂ ဦး အဖမ်းခံရပြီးပြီဆိုတာ ကျနော်တို့ စာရင်း ရရှိထားပါ တယ်။”

တဘက်က နိုင်ငံရေး အကျဉ်းသားတွေ လွှတ်နေတဲ့ အချိန်မှာ ဒီရက်ပိုင်းမှာ ဘာကြောင့် အခုလောက်ထိ အဖမ်းအဆီး များ နေတာလဲခင်ဗျ၊ ဘယ်လိုကြောင့်လို့ သိရပါလဲ။

“စက်တင်ဘာလ အတွင်းမှာတော့ အဓိက သံဃာတော်တွေ ကံဆောင်ပွဲလုပ်မယ် ဆိုတာနဲ့ ပတ်သက်ပြီးတော့ ကြိုတင်ပြီး ထိန်းတဲ့သဘော ရှိပါတယ်။ အခုနောက်ပိုင်း ကာလတွေမှာကတော့ သူတို့ ဆက်တိုက် အဲဒါတွေနဲ့ ပတ်သက်ပြီး ဆက်ဖမ်း နေတဲ့ ကိစ္စတွေ ရှိပါတယ်။ ဥပမာ ဆုတောင်းပွဲတွေကိုလည်း ဖမ်းတယ်၊ နယ်တွေမှာရှိတဲ့ ဒီမိုကရေစီရေး လှုပ်ရှားတဲ့ လူတွေ ကိုလည်း ပိုက်စိပ်တိုက်ရှာပြီး ဖမ်းနေတဲ့ သဘောမျိုး ရှိပါတယ်။”

ဖမ်းဆီးခံရသူ အများစုကို အခု ဘယ်မှာထားတယ်၊ ဘယ်ရောက်နေတယ် ဆိုတာကို မိသားစုဝင်တွေကအစ မသိကြပါဘူး။ မိသားစုဝင်တွေ၊ မိတ်ဆွေအပေါင်းအသင်း၊ လုပ်ဖော်ကိုင်ဘက်တွေက သူတို့ကို ဘယ်မှာထားတယ် စုံစမ်းကြပေမဲ့ အာဏာပိုင်တွေက တိတိပပ အဖြေမပေးပါဘူး။ အခုလို ဖမ်းဆီးပြီး မိသားစုဝင်တွေကို အကြောင်းမကြားတာတွေဟာ တကယ်တော့ လက်ရှိ တည်ဆဲဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ဦးမျိုးက ပြောပါ တယ်။

“ဖမ်းဆီးတဲ့ အကြောင်းရင်းက ဘာကြောင့် ဖမ်းဆီးရတယ် ဆိုတာကို ပြောခဲ့ရမယ်၊ ဖမ်းတဲ့အချိန်မှာပေါ့။ သူ့ မိသားစု ရှိတယ်ဆို မိသားစုရှေ့မှာလည်း ပြောခဲ့ရမယ်။ ဖမ်းဆီးတဲ့နေရာမှာ ရဲမှာ ဖမ်းပိုင်ခွင့် မရှိဘူးလို့ မပြောပါဘူး။ ဘာကြောင့် ဖမ်းရတယ်ဆိုတာ အကြောင်းကြားရမယ်။ ဥပမာ လမ်းမှာဖမ်းသွားတယ်ဆိုရင် မင်း ဘယ်အိမ်ကလဲ၊ ဘယ်နေရာကလဲ၊ မင်းမိဘ ဘယ်သူလဲ၊ အဲလိုဆိုရင် သူ့မိဘကို အကြောင်းကြားရမယ်၊ ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာ ပြောရမယ်။ အခုဟာ ဘာအကြောင်းပြချက်မှာ မရှိဘဲနဲ့ ဒီလိုပဲ ကြက်ကလေး ငှက်ကလေး ဖမ်းသလို ဟိုကကောက်ဆွဲ၊ ဒီကကောက်ဆွဲ၊ တနိုင်ငံ လုံးမှာ အဲဒီလို ဖမ်းဆီးမှုတွေ ဖြစ်နေတဲ့အပေါ်မှာ အခုလို မတရားဖမ်းဆီး ချုပ်နှောင်တာဟာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၀ ကို ဖောက်ဖျက် ကျူးလွန်တာ ဖြစ်တယ်လို့။”

အခုဆိုရင် ဖမ်းဆီးခံရတဲ့ မိသားစုတွေဆိုရင် လိုက်စုံစမ်းကြတယ်၊ သက်ဆိုင်ရာကို စုံစမ်းတဲ့အခါမှာလည်း စုံစမ်းလို့မရဘူး၊ သက်ဆိုင်ရာကလည်း ဘာမှမပြောဘူး။ အဲတော့ ခုန ဦးမျိုးတို့ပြောတဲ့ ပုံစံအရဆိုရင် ဒါ တည်ဆဲဥပဒေကို ချိုးဖောက်တဲ့ သဘောမျိုး ဖြစ်နေတော့ မိသားစုတွေဘက်ကရော ပြန်ပြီး တရားစွဲလို့ မရဘူးလား။

“ဟုတ်ကဲ့၊ ဒီဟာကို တရားစွဲဖို့ ကျနော်တို့က တောင်းဆိုနေတာပါ။ မိသားစုတွေဘက်က ဒီလို မတရား ဖမ်းဆီးခံရတဲ့ အပေါ်မှာ သက်ဆိုင်ရာ ဒီမြို့နယ်အတွင်းမှာ ဖမ်းတယ်ဆိုရင် ဒီမြို့နယ်အတွင်းက ရဲစခန်းကို တိုင်လို့ရပါတယ်။ တိုင်ရမယ်၊ တရားတဘောင် အမှုဖွင့်ရမယ်။ မဟုတ်ဘူးဆိုရင် ဒီလိုပဲ တောက်လျှောက် ဖမ်းနေတော့မှာပဲလေ။ တိုင်ရဲရမယ်။ ဟိုတုန်း က ဆိုရင် စာချွန်တော်တွေနဲ့ကို တိုက်ရိုက်တိုင်လို့ရတယ်။ တရားလွှတ်တော်ချုပ်အထိ တိုင်လို့ရတယ်၊ စာချွန်လွှာနဲ့။ ဒီလို မတရား ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့။ အခု စာချွန်တော် မရှိတဲ့ကာလမှာ တိုင်းပြည်က ဥပဒေမဲ့သလို ဖြစ်နေတယ်။”

ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာကတော့ အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲကို အများက လက်ခံယုံကြည်ဖို့ဆိုရင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ လိုမယ်လို့ တောင်းဆိုထားကြပါတယ်။ ဒါပေမဲ့ အခု ကြည့်ရတဲ့ပုံကတော့ စစ်အစိုးရအနေနဲ့ ဒီ ၂၀၁၀ ရွေးကောက်ပွဲကို တည်တည်ငြိမ်ငြိမ် လုပ်နိုင်ဖို့ အရေးပါတဲ့ နိုင်ငံရေး အကျဉ်းသား အချို့ကို ဆက်ပြီး ထိန်းထားလိုတဲ့သဘော ရှိပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲ မတိုင်ခင်မှာကို အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်ဖို့ အဖမ်းအဆီးတွေ ပိုပြီးတောင် များလာနိုင်တယ်လို့လည်း လေ့လာသူအချို့က ယူဆပါတယ်။ ( ဗွီအိုအေ )

Tuesday, October 6, 2009

ဒေါ်စုအယူခံ ပယ်ခံရတာကြောင့် ရွေးကောက်ပွဲအပေါ် ယုံကြည်မှု ထိခိုက်

ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ် အယူခံကို ပယ်ချလိုက်တာဟာ မြန်မာစစ်အစိုးရဘက်က ၂၀၁၀ ခုနှစ် ကျင်းပမယ့် ရွေးကောက်ပွဲကို လူအများ လက်ခံယုံကြည်အောင် ကျင်းပလိုတဲ့ ဆန္ဒမရှိဘူးဆိုတာ ပြသလိုက်တာဆိုပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ပြောဆိုပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်သွင်းတဲ့ သူ့ရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ နေရာတိုင်းမှာ အထူးစိုးရိမ်ရတဲ့ အနေအထားလို့ ထည့်သွင်းဖော်ပြထားပါတယ်။ အကြောင်းစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တားနားက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ၊ အထူးသဖြင့် နယ်စပ်ဒေသတွေက လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အခြေအနေဟာ ပိုပြီးတော့တောင် ဆိုးဝါးလာနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
[ ဆက်ဖတ်ရန် +/- ]

လာမယ့် အောက်တိုဘာ ၂၂ ရက်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေကို သူ အစီရင်ခံဖို့ ရှိပါတယ်။ သူ့ရဲ့ အစီရင်ခံစာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံကို စစ်အစိုးရ တရားရုံးက ပယ်ချခဲ့တာနဲ့ ပတ်သက်လို့ …

“မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှု ဒဏ်တွေကို နှစ်ရှည်လများ ခါးဆီးခံခဲ့ရသူ တယောက်ပါ။ စစ်အစိုးရရဲ့ တဖက်သတ် ဥပဒေမဲ့ ဖမ်းဆီးမှုကို ခံနေရသူ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ် အယူခံကို ပယ်ချလိုက်တာဟာ ၂၀၁၀ ခုနှစ် ကျင်းပမယ့် ရွေးကောက်ပွဲကို လူအများ လက်ခံယုံကြည်အောင် ကျင်းပလိုတဲ့ဆန္ဒ မရှိဘူးဆိုတာ စစ်အစိုးရဘက်က ပြသလိုက်တာပါ။ သူ့အပေါ် စွဲဆိုထားတဲ့ အမှုတွေကို ချက်ချင်း ရုပ်သိမ်းပြီး ပြန်လွှတ်ပေးဖို့ လိုပါတယ်” လို့ ပြောဆိုသွားပါတယ်။

ဒါပေမဲ့လည်း မြန်မာစစ်အစိုးရဘက်က ဒီရွေးကောက်ပွဲဟာ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲတခုဖြစ်အောင် ကျင်းပမယ်လို့ အာမခံထားပါတယ်။ မစ္စတာ သောမတ်စ် အိုဟေး ကင်တားနားက…

“မြန်မာစစ်အစိုးရဟာ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်တွေကို လေးစားလိုက်နာပြီး လွတ်လပ်စွာ ပြောဆိုစည်းရုံးခွင့်တွေကို အသိအမှတ် ပြုရပါလိမ့်မယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူ အားလုံးကို လွှတ်ပေးရပါလိမ့်မယ်။ ဒါဟာ သူတို့ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက ယုံကြည်လာအောင် ကျင်းပနိုင်မယ့် အခြေခံလိုအပ်ချက်တွေပါ။ ဒါတွေလိုက်နာဖို့ လိုပါတယ်” လို့ ပြောဆိုသွားပါတယ်။

နယ်စပ်ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပဋိပက္ခမှာ ပါဝင်နေတဲ့ အဖွဲ့ပေါင်းစုံက ကျူးလွန်နေပါတယ်။ ဒီကိစ္စက အထူးအလေးထားပြီး စစ်အစိုးရက အမြန်ဆုံး ဖြေရှင်းရမယ့်ကိစ္စ ဖြစ်ပါတယ်။ နောက်တခုက မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ စီးပွားရေး၊ လူမှုရေးနဲ့ အထွေထွေ အကျပ်အတည်းတွေပါ။ ဒီကိစ္စတွေကိုလည်း စစ်အစိုးရက အရေးယူ ဖြေရှင်းဖို့ လိုအပ်ပါတယ်ဆိုပြီး ပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာဖို့အတွက် လူ့အခွင့်အရေးကို ကန့်သတ်တဲ့ ပြည်တွင်းဥပဒေတွေကို ရုပ်သိမ်းရမယ်၊ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးရမယ်။ စစ်တပ် တပ်ဖွဲ့ဝင်တွေကို လူ့အခွင့်အရေးကို လေးစားလိုက်နာအောင် သင်တန်းတွေ ပေးရမယ်။ နောက် တရားရေးစနစ်ကို လုံးဝလွတ်လပ်တဲ့ တရားစီရင်ရေးဖြစ်အောင် ပြောင်းလဲရမယ်လို့ မစ္စတာ ကင်တားနားက အစီရင်ခံစာမှာ အဆိုပြုထားပါတယ်။

သူဟာ ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာခွင့်ရခဲ့ပါတယ်။ အခု မြန်မာနိုင်ငံကို နောက်တကြိမ် ပြန်သွားဖို့ စစ်အစိုးရကို တောင်းဆိုထားပေမဲ့ အခုအချိန်အထိ စစ်အစိုးရက လာရောက်ခွင့် လက်ခံတယ်လို့ အကြောင်းမပြန်သေးပါဘူး။

ဒီလအတွင်း သူ နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံကို လာရောက်တဲ့အချိန်မှာတော့ စစ်အစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးတွေကတဆင့် တစုံတရာ အကြောင်းပြန်ကြားချက် ရမယ်လို့ မျှော်လင့်တဲ့ကြောင်း ဗွီအိုအေကို ပြောဆိုသွားပါတယ်။
( ဗွီအိုအေ )

Sunday, October 4, 2009

ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် အထမြောက်ဟု သံဃာ့တပ်ပေါင်းစုအဖွဲ့မှ မိန့်ကြား

ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ကျောင်းတိုက်တခုမှ သိမ်တသိမ်တွင် သံဃာအပါး (၂၀) ခန့်နှင့် ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါစာရွတ်ဖတ်ကာ သပိတ်မှောက်ကံဆောင် လိုက်ကြကြောင်း ပြည်တွင်းမှ သံဃာတော်တပါးကို ကိုးကားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့မှ နိုင်ငံခြားရေးရာတာဝန်ခံ အရှင်ဣဿရိယက မိန့်ကြားသည်။

“အခုသပိတ်က တတိယအကြိမ် သပိတ်ဖြစ်ပါတယ်။ တကယ်သပိတ်ရဲ့ အောင်မြင်ခြင်းကတော့ ၁၉၉၀ သပိတ်နဲ့ ၂၀၀၇ သပိတ်တွေကတည်းက ဒါတကယ့်ကို အောင်မြင်ပြီးသားပါ။ အဲဒီသပိတ်က အခုထက်ထိ ပြန်ပြီးတော့ လှန်ရခြင်းလည်း မရှိသေးပါဘူး။ ပထမနဲ့ ဒုတိယအကြိမ်တွေမှာ မှောက်ထားတဲ့သပိတ်ကို ပြန်ပြီးတော့ ခိုင်မြဲသွားစေဖို့၊ အားလုံးကလည်း ဒီသပိတ်မလှန်ရသေးဘူးဆိုတာ သိသွားစေဖို့၊ ဆက်ပြီးအောင်အောင်မြင်မြင် ပြုလုပ်နိုင်ဖို့ကို ဦးဇင်းတို့က ထပ်ပြီးတော့ လုပ်တာပါ” ဟု အရှင်ဣဿရိယက မိန့်သည်။

ပြည်တွင်း၌ လျှို့ဝှက်ပြီး နေရာတော်တော်များများ၌လည်း သပိတ်မှောက်လိုက်သည်ဟု ပြည်တွင်းမှ သံဃာတော်များက သတင်းပါးကြောင်း၊ ထိုင်းနိုင်ငံ၊ သီရိလင်္ကာ၊ အိန္ဒိယ နိုင်ငံတွေက သံဃာတော်များကလည်း အားလုံးစုပေါင်းပြီး သပိတ်မှောက် ကံဆောင်လိုက်သည့်အတွက်ကြောင့် ယနေ့တွင် ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ် အထမြောက်အောင်မြင်သွားသည်ဟု ၎င်းက ဆက်လက်မိန့်ကြားသည်။

ထို့ပြင် မော်လမြိုင်မြို့၌လည်း သံဃာတော်များက သပိတ်မှောက် ကံဆောင်လိုက်ကြကြောင်း သိရသည်။ ( ခေတ်ပြိုင် )

သစ္စာဓိဌာန်

၁။ ငါတို့သည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပေါ် သစ္စာရှိပါမည်။
1.We Will Be Loyal To The State And Its People.
၂။ ငါတို့သည် ဒီမိုကရေစီ အရေးတော်ပုံ ခေတ်အဆက်ဆက်တွင်ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများအပေါ် သစ္စာရှိပါမည်။
2.We Will Be Loyal To The Heroic Martyrs Who Fall In Successive Struggles For Democracy.
၃။ ငါတို့သည် အဖွဲ့ချုပ် အပေါ်သစ္စာရှိ၍ ပေးအပ်သော တာဝန်နှင့်ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။
3.We Will Be Faithful To The National League For Democracy And Dutifully Carry Out The Tasks And Responsiblities Assigned To us.
၎။ ငါတို့သည် ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်နိုင်သည်အထိ အသက်စွန့်၍ တိုက်ပွဲဝင်သွားရန် သစ္စာဓိဌာန်ပြုပါသည်။
4.We Take This Solemn Oath To Keep On Fighting, Sacrificing Even Our Own Lives Until We Can Establish The New Democratic State.

ပြည်သူ့ဆန္ဒအမှန်

အချက်အလက်များရှာဖွေရန်

Google
WebThis Site

download zaw gyi font

မြန်မာ-Translator

Translate

MWTV

MWTV
ကိုရီးယားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားများ အတွက် သတင်းမီဒီယာ

အာဇာနည်တို့စကား

.....လွတ်လပ်စွာ ၀င်ရောက်ပါဝင် ဆွေးနွေးနိုင်ပါသည်။ .....

တိုက်ပွဲဝင်ရဲဘော်များ

ဧည့်သည်တော်များ

   

your ip address

ကျေးဇူးတင်စကား


Powered by IP2Location.com

ဘာတွေဖတ်နေတာလဲ

online ပေါ်ကသူတို့

online ပေါ်ကဧည့်သည်တော်

Total Pageviews